ကဖေး/People’s Spring
ကလေးငယ်တွေအတွက် ကမ္ဘာကြီးက သီးသန့်သတ်မှတ်ပေးထားတဲ့ဒီလိုနေ့ကိုမရောက်ခင် ရက်သတ္တပတ်တစ်ပတ်ခန့်အလိုမှာ အညာက ကလေးငယ် မညိုချောရဲ့ ကမ္ဘာပြိုကျပျက်စီးသွားခဲ့ပါတယ်။
၁၃ နှစ်အရွယ် မညိုချောရဲ့ အဖြစ်ဆိုးက အညာဒေသတစ်နေရာမှာ နိုဝင်ဘာလ ၁၃ရက်နေ့က ဖြစ်ခဲ့တာပါ။
ညိုချောဟာအဲ့ဒီနေ့က စစ်သားတွေရဲ့ရန်ကိုကြောက်လို့ မိခင်နဲ့ တကွဲတပြားစီပြေးနေတာကနေ မမျှော်လင့်ထားတဲ့သတင်းဆိုးကိုကြားလိုက်ရတာပါ။ သူ့မိခင်ကို စစ်သားတွေက ဖမ်းဆီးသတ်ဖြတ်ထားခဲ့တယ်ဆိုတာကိုသိရပြီးနောက် မိခင်ရုပ်အလောင်းဆီ အပြေးလာခဲ့ပါတယ်။

Public Service Announcement
အညာချည်ထည်အင်္ကျီအနွမ်းလေးဝတ်ထားတဲ့ ညိုချောက လမ်းဘေးက မိခင်ရဲ့ရုပ်အလောင်းကို မမီမကမ်းလှမ်းဆွဲရင်း ” မေမေ” ၊ ” အမေရေ” လို့ ဆို့ဆို့နင့်နင့် အော်ငိုနေခဲ့ပါတယ်။ ဒါပေမယ့် ညိုချောရဲ့ ရင်ကွဲနာကို ကမ္ဘာကြီးက မကြားခဲ့ပါဘူး။
ဒီနေ့ နိုဝင်ဘာလ ၂၀ရက်နေ့ဟာ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးနေ့ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းလုံးက ကလေးတွေရဲ့အခွင့်အရေးတွေကာကွယ်ပေးဖို့၊ ဘဝတွေကို မြှင့်တင်ပေးဖို့နဲ့ အသိပညာပေးဖို့အတွက် အဓိကရည်ရွယ်တယ်လို့ ကုလသမဂ္ဂကကြေညာထားပါတယ်။
ကလေးငယ်တွေရှင်သန်ခွင့် (Survival)၊ဖွံ့ဖြိုးတိုးတက်ခွင့် (Development)ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့် (Protection)နဲ့ လူမှုအဖွဲ့အစည်းမှာ ပါဝင်ခွင့် (Participation)တွေကိုနိုင်ငံတိုင်း၊ လူမှုအဖွဲ့အစည်းတိုင်းနဲ့ မိဘတိုင်းကလေးစားလိုက်နာဖို့နဲ့ ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ကလေးငယ်တွေအတွက်တော့ ဒါက ရေပေါ်ရေးလိုက်တဲ့ အက္ခရာတွေလိုပါပဲ။ ဘာတစ်ခုမှ အရာမရောက်သလို အခွင့်အရေးနဲ့ အကာအကွယ်လည်း ရမနေကြပါဘူး။ ညိချောရဲ့အဖြစ်ဟာ မြန်မာနိုင်ငံက ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ ထောင်ပေါင်းများစွာသော အဖြစ်ဆိုးများထဲက တစ်ခုပဲဖြစ်ပါတယ်။သူလိုအဖြစ်မျိုးနိစ္ဓဓူဝရင်ဆိုင်နေရတဲ့ကလေးငယ်တွေ မြန်မာနိုင်ငံအနှံ့မှာရှိနေပါတယ်။
ညိုချောလို ကလေးငယ်တစ်ဦး ကမ္ဘာပျက်ရတဲ့ နောက်ထပ်အဖြစ်ဆိုးကတော့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာ နိုဝင်ဘာလ၁၁ရက်နေ့ကဖြစ်ခဲ့ပါတယ်။ဖားကန့်မြို့၊ကထန်ကွက်သစ်ထဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့အသက် ၅ နှစ်အ
ရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီကလေးရဲမိခင်ကတော့ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။သေမင်းတမန်တိုက်လေယာဉ်ကိုမောင်းလာတဲ့ ယောက်ျားသားကြီးတွေက လူမမဲ့ကလေးငယ်တစ်ယောက်ရဲ့ဘဝကို လေယာဉ်ပေါ်ကနေဗုံးကြဲတဲ့ခလုတ်ကလေးနှိပ်ပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်မှုကို နိုင်ငံတကာအထိ ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အညာသတင်းကျွတ်လပြည့်ည သွေးချောင်းစီးစေတဲ့ပွဲမှာလည်း ကလေးငယ်အများအပြား သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ၆ရက်နေ့(သီတင်းကျွတ်လပြည့်ည)က စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာဒေသခံတွေက ဘုရားကို ဆီမီးကပ်ရင်း ဆီမီးသပိတ်ပြုလုပ်နေတာကို စစ်တပ်က ဗုံးကြဲခဲ့တာပါ။ အဲဒီဖြစ်စဉ်မှာ သေဆုံးသူ ၃၀ ကျော်အနက် ကလေးငယ်ငါးဦးပါဝင်ခဲ့ပါတယ်။
စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေဟာ ထိတ်လန့်တုန်လှုပ်စရာကောင်းလွန်းလို့ ကလေးငယ်တွေဟာ အကြောက်တရားတွေ၊ မုန်းတီးရွံရှာမှုတွေနဲ့ကြီးပြင်းနေရတယ်လို့ အညာဒေသကကျောင်းဆရာတစ်ယောက်ကပြောပါတယ်။နောက်တကြိမ်လုံးဝပြန်မရတော့မယ့် ကလေးဘဝမှာ သူတို့ရဲ့ကာယစွမ်းရည်၊ ဉာဏ်ရည်တွေအားလုံး အသုံးချခွင့်မရတာနဲ့ လေ့စဉ်လူမှုဘဝမှာလုံခြုံမှုမရှိတဲ့အပေါ် ကလေးငယ်တွေမှာ စိတ်ဒဏ်ရာကြီးကြီးမားမားရနေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုနဲ့ ရက်စက်မှုတွေကို ရင်ဆိုင်နေရတဲ့ကလေးငယ်တွေရဲ့နှလုံးသားထဲမှာ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူ့တပည့် ဗိုလ်ချုပ်ဇော်မင်းထွန်းကို သရဲသဘက်တွေလို မြင်နေကြတယ်လို့ဆိုပါတယ်။
“ မအလနဲ့ ဇော်မဲလုံးဆိုတာ သူတို့နှုတ်ဖျားမှာ စွဲနေပြီး ခွေးထက်ယုတ်တဲ့ကောင်တွေလို့ကို ခံစားနေကြတာ” လို့ အညာဒေသက ကလေးဖခင်တစ်ဦးကပြောပါတယ်။
ကလေးငယ်တွေထိခိုက်နာကျင်ရတဲ့ဒီလိုဖြစ်ရပ်တွေက ဧရာမရေခဲတုံးကြီးရဲ့ ရေပြင်ပေါ် ပေါ်နေတဲ့ထိပ်ပိုင်းလေးပဲ ရှိပါသေးတယ်။ ရေထဲမြုပ်နေတဲ့ အစိတ်အပိုင်းလို ကြီးမားတဲ့ ဖြစ်ရပ်တွေ နိုင်ငံအနှံ့မှာ စစ်ကောင်စီကကျူးလွန်ထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ၅နှစ် နီးပါးကာလမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၉၀၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၂၀၀ နီးပါး ရှိနေပါပြီ။အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကပြီးခဲ့တဲ့ နိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားတဲ့ စစ်အုပ်စုကျူးလွန်တဲ့ သွေးစွန်းတဲ့ကိန်းဂဏန်းတွေဖြစ်ပါတယ်။
နောက်ဆုံးလဖြစ်တဲ့ အောက်တိုဘာလထဲမှာတင် စစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၂၀၀ နီးပါးမှာ ကလေး ၃၈ဦး ပါဝင်ခဲ့ပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကပြုစုထားတဲ့စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကနေ နိုဝင်ဘာ၂၀ အထိစစ်အုပ်စုကသတ်ဖြတ်ခဲ့တဲ့ကလေးငယ်ပေါင်း အနည်းဆုံး ၉၆၃ ဦးရှိပြီလို့ဖော်ပြပါတယ်။နိုင်ငံတစ်ဝန်း အနည်းဆုံးပြည်သူပေါင်း ၇၅၀၀ ခန့်ကို စစ်အုပ်စုကသတ်ဖြတ်ခဲ့တာမှာကလေးငယ်အဲလောက်ပါဝင်နေတာပါ ။ဒါတောင် ၇၅၀၀ ခန့်ဟာအတည်ပြုပြီးအရေအတွက်ပဲရှိသေးပြီး ထပ်ပြီးအတည်ပြုဖို့ကျန်နေသေးတာ ၄၁၀၀ ခန့်ရှိပါသေးတယ်။ဒါကြောင့် စစ်တပ်လက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့သူ အကြမ်းဖျင်းပြည်သူတစ်သောင်းကျော်နေပြီဖြစ်ပါတယ်။
လက်ရှိ နိုဝင်ဘာလထဲမှာလည်း ရခိုင်နဲ့ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ စစ်အုပ်စုရဲ့ တရားမဲ့ သတ်ဖြတ်မှုတွေထဲ ကလေးငယ်တွေပါဝင်နေပါတယ်။ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကနီမြို့မှာဆိုရင် ကလေးငယ်တွေရှိနေတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံကို ပစ်မှတ်ထားပြီး ဗုံးကြဲခဲ့ပါတယ်။
ညိုချောတို့ရှိနေတဲ့ ဒေသမှာဆိုရင်လည်းစစ်တပ်ကမြေပြင်စစ်ကြောင်းတွေကြောင့် ဒေသခံတွေထွက်ပြေးနေကြရပြီး အဲဒီထဲမှာ ညိုချောလည်း ပါဝင်နေပါတယ်။ သူ့မှာ အသက်၅နှစ်အရွယ်ညီမလေးတစ်ဦးကျန်နေခဲ့ပါသေးတယ်။ ဖခင်ဖြစ်သူက နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေပြီး နယ်မှာကျန်ခဲ့တဲ့ဆွေမျိုးသားချင်းတွေနဲ့အတူ ညီမဖြစ်သူရဲ့လက်ကိုဆွဲပြီး အသက်ဘေးကနေလွတ်အောင် ပြေးနေရဆဲဖြစ်ပါတယ်။
အသက်မဲ့နေတဲ့ မိခင်ရုပ်အလောင်းကိုကြည့်ရင်းကယောင်ကတမ်းငိုကြွေးနေခဲ့တဲ့ မညိုချောဟာ လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ မရသေးဘဲ ကလေးတစ်ဦးရဲ့အခွင့်အရေးအဖြစ် ကမ္ဘာက သတ်မှတ်ထားတဲ့ လွတ်လပ်စွာရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်မှုရပိုင်ခွင့်ဆိုတာတွေနဲ့ ဆန့်ကျင်ဘက် အခြေအနေတွေကိုရင်ဆိုင်နေရပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ Unicef Myanmar က ဒီနေ့အတွက် ထုတ်ပြန်ထားတာမှာ “ ကလေးတွေကသူတို့ရဲ့အခွင့်အရေးတွေကို အလေးထား ဖြည့်ဆည်းပေးမယ့် ကမ္ဘာကြီးကို လိုချင်ကြပါတယ်” လို့ ဆိုထားပါတယ်။
“ ချစ်ခြင်းမေတ္တာ၊နွေးထွေးတဲ့စောင့်ရှောက်မှုနဲ့ လုံခြုံမှုပေးခြင်းတို့ဟာဝမ်းနည်းပူဆွေးနေတဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာပြန်လည်ကောင်းမွန်နိုင်ဖို့အတွက်အကောင်းဆုံးနဲ့အထိရောက်ဆုံးသော အားဖြည့်မှုပဲ ဖြစ်ပါတယ်” လို့လည်း Unicef Myanmar က မျှဝေထားပါတယ်။
ဒါပေမယ့်လည်း ညိုချောအပါအဝင်မြန်မာနိုင်ငံကကလေးငယ်အများစုဟာ စစ်အာဏာရှင်ကြောင့် အထိတ်တလန့်ဖြစ်ရပ်တွေ၊မလုံခြုံမှုတွေ၊မိဖအုပ်ထိန်းသူတွေကိုဆုံးရှုံးမှုတွေရဲ့နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ကြီးပြင်းနေကြရတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မျက်မှန်စိမ်းနဲ့ ကြည့်နေဆဲပါပဲ။ စစ်ကောင်စီကိုအရေးယူမယ့် သိသာထင်ရှားတဲ့လုပ်ရပ်တွေ မမြင်ရသေးပါဘူး။အပြစ်မဲ့ ကလေးငယ်တွေကိုကယ်တင်နိုင်ဖို့အတွက်နိုင်ငံတကာအသိုင်းအဝိုင်းဟာ မျက်မှန်စ်ိမ်းကိုချွတ်ချလိုက်ပြီး ရှင်းရှင်းလင်းလင်းမြင်ဖို့လိုအပ်ပြီလို့ အညာဒေသကကျောင်းဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။ ကုလသမဂ္ဂက သတ်မှတ်ကြွေးကြော်ထားတဲ့ ကမ္ဘာ့ကလေးသူငယ်အခွင့်အရေးနေ့ဆိုတာဟာလည်း အမည်ခံသက်သက်မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို ဗုံးခိုကျင်းထဲမှာ ကလေးငယ်တွေနဲ့အတူအန်တုရင်း စာသင်နေတဲ့ အဲဒီကျောင်းဆရာက အခုလို မှတ်ချက်ပြုပါတယ်
“ ကလေးတွေဟာအရမ်းချုပ်တည်းနေကြရတယ်။ အနာဂတ်ကရှိနေတယ်လို့ သူတို့ယုံကြည်နေဆဲဖြစ်ပေမယ့်ကမ္ဘာကြီးကဒါကိုအကောင်အထည်ဖော်ပေးဖို့ လိုတယ် မဟုတ်လား” ။ ။

















































