ဘိုထွေးရေးသားသည်။
အေးချမ်းတစ်ယောက် အကြပ်ရိုက်နေသည်။ သဘက်ခါရောက်လျှင် တက္ကသိုလ်စတက်ရမည်ဖြစ်သည်။ သို့သော် ပြီးခဲ့သောနာရီ၀က်က ၀င်လာသောဖုန်းကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။ သူတက်မည့်တက္ကသိုလ်၏ ကျောင်းသားရေးရာဌာနက ဖုန်းဖြင့် ဆက်သွယ်လာပြီး ကျောင်းစတက်မည့် နို၀င်ဘာ ၂၄ ရက်နေ့တွင် ကြိုတင်မဲပေးပြီးကြောင်းထောက်ခံချက်ပါရှိမှသာ ကျောင်းတက်ခွင့်ပြုမည်ဟုဆိုသောကြောင့်ဖြစ်၏။
မိသားစုတွင် အငယ်ဆုံးသား အေးချမ်းက တက္ကသိုလ်၀င်စာမေးပွဲမှာသုံးဘာသာဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ထို့ကြောင့်သူ့အား ရရာအလုပ်မလုပ်စေတော့ဘဲ တက္ကသိုလ်သွားတက်ရန် ရွာက တောင်သူတမိသားစုလုံးက အားပေး တိုက်တွန်းကြသည်။ အိမ်ပံ့ပိုးမှုကြောင့် လူငယ်ပီပီ တက္ကသိုလ်ကျောင်းသားအိပ်မက် ကိုမက်ပြီး အင်ဂျင်နီယာ တစ်ယောက် ဖြစ်ရန်မှာ သူ့အနာဂတ်ပန်းတိုင်ဟု စိတ်ပိုင်းဖြတ်ထားသည်။ထို့ကြောင့် လက်ရှိအကြပ်အတည်းကို ဘယ်လိုဖြေရှင်း ရမှန်းမသိ ခေါင်းကုတ်နေသည်။
လက်ရှိလုံခြုံရေးအခြေအနေများအရရွာချက်ချင်းပြန်ပြီး မဲပေးရန်လည်း မဖြစ်နိုင်သလို မဲစာရင်းတွင်သူ့အမည်ပါ၊ မပါတောင် မသိပါ။ သူ့အတွေးထဲတွင် ယခုထိ ကြိုတင် မဲမပေးရသေးသဖြင့် ကျောင်းမတက်ရမှာမည်ကို စိုးရိမ်နေသည်မှာ သူ့မျက်နှာတွင် အတိုင်းသား မြင်နေရသည်။

Public Service Announcement
“ကြိုတင်မဲမပေးရသေးလို့ဆိုပြီး ကျနော့်ကို ကျောင်းက လက်မခံရင် ဘယ်လိုလုပ်ရမလဲဗျာ” ဟု သူက ညီးတွား နေရှာသည်။
အာဏာသိမ်းစစ်တပ်၏ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတ၀န်းရှိ တက္ကသိုလ်ကျောင်းသား ၂၈,၀၀၀ ကျော်က ကြိုတင်မဲပေးခဲ့သည်ဟု နို၀င်ဘာ ၂၁ ရက်ကထုတ်ပြန်ခဲ့သည်။ နို၀င်ဘာ ၁၇ မှ ၂၄ ရက်အတွင်း တက္ကသိုလ်၊ ကော်လိပ်ကျောင်းဖွင့်ကာလမတိုင်မီ ကြိုတင်မဲပေးရန် ကော်မရှင်က ကာလသတ်မှတ်ထားသည်ဟု ဆိုသည်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် မဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ ဆန္ဒသာ ဖြစ်ကြောင်း နို၀င်ဘာ ၂၃ ရက်နေ့က ဧရာ၀တီတိုင်း မအူပင်မြို့ စိုက်/မွေးတက္ကသိုလ်ဖွင့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိချိန်က ဆိုခဲ့သည်။ သို့သော်လက်တွေ့တွင် မဲပေးပြီးကြောင်းထောက်ခံချက်မရှိပါက စစ်ကောင်စီ လက်အောက်ခံတက္ကသိုလ်များက ကျောင်းလက်မခံဟု ခြိမ်းခြောက်နေကြသည်။
တက္ကသိုလ်၊ကောလိပ်တက်မည့်ကျောင်းသားများသာမက ပြည်သူများတွင်လည်း မဲပေးပြီးကြောင်း ထောက်ခံချက်မရှိပါက နောင်တွင်စစ်အုပ်စုက ပြသနာရှာလာနိုင်လားဆိုသည့် စိုးရိမ်မှုများရှိနေကြသည်။
ရွေးကောက်ခံအရပ်သားအစိုးရများလက်ထက်ရွေးကောက်ပွဲများလုပ်မည်ဆိုလျင် ပြည်သူများကနိုင်ငံသားအခွင့်အရေး တစ်ရပ် မိမိအာဏာကိုအပြည့်အဝသုံး၍ ကိုယ်ကြိုက်သောပါတီအနိုင်ရရန်၊ အစိုးရဖွဲ့အုပ်ချုပ်နိုင်ရန် ကိုယ်တိုင် မဲပေးရွေးချယ်ခြင်း မှာ နိုင်ငံသားတိုင်းမဖြစ်မနေ ပြုလုပ်ရမည့် ဒီမိုကရေစီအလေ့အကျင့်ဖြစ်သည်။ သို့သော်လည်း
ပြည်သူများတခဲနက်ရွေးချယ်ထားသောအစိုးရကိုလက်နက်အားကိုဖြင့် အကြမ်းဖက်ဖြုတ်ချပြီး ပြည်သူကိုနေ့စဥ်အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်အုပ်စုကလုပ်မည့်ရွေးကောက်ပွဲကိုမူ ပြည်သူများကယုံကြည်မှု မရှိသလို ၊ရွေးကောက်ပွဲအကြောင်းပြု နိုင်ငံသားတွေကို မတရားဖမ်းဆီးတရားစွဲဆိုထောင်ချနေ၍ ပြည်သူများကြားမဲမပေးလျှင် ဘာလုပ်လေမည်လဲဆိုသော စိုးရိမ်ပူပန်မှုရှိနေကြသည်။
ထိုအခြေအနေတွင် စစ်အုပ်စုကကြိုတင်မဲများအား မဖြစ်မနေပေးရမည့်ပုံစံများဖြင့် ဖိအားပေးနေသည်ဆိုသောအသံများလည်း ပြည်သူ များအကြား ခပ်စိတ်စိတ်ပျံ့နှံ့လာသည်။ ယခုလတွင်စစ်တပ်ကပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲမှာ စစ်တပ်ကနေစဥ်ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေသည့်ကြားမှလုပ်မည်ဖြစ်၍ အလောင်းတွေကြား၊သွေးအိုင်တွေကြား မှလုပ်သောရွေးကောက်ပွဲဟုဆိုနိုင်ပြီး မြန်မာခေတ်သစ်သမိုင်းတွင်အဆိုးရွားဆုံး ရွေးကောက်ပွဲဖြစ်နေသည်။
စစ်တပ်က အာဏာသိမ်းပြီး ငါးနှစ်နီးပါးအတွင်းပြည်သူပေါင်း ၇၅၀၀ကျော်ကိုသတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်သည်။ထိုအရေအတွက်မှာ အတည်ပြုပြီး အရေအတွက်ဖြစ်ပြီး အတည်ပြုနေဆဲအရေအတွက်မှာ ၄၂၀၀ ခန့်ရှိသည်။ထိုကြောင့် ထိုအရေအတွက် နှစ်ခုစလုံးကိုပေါင်းလျှင် အာဏာသိမ်းစစ်တပ်သတ်ဖြတ်ခဲ့သောပြည်သူ ၁၁,၇၀၀ ကျော်ထိရှိနေသည်။ ထိုအပြင် စစ်တပ်က နိုင်ငံတစ်ဝန်းနေအိမ်ပေါင်း တစ်သိန်းကျော်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။စစ်တပ်ကကိုယ့်ပြည်သူကို အကြိမ်ပေါင်းထောင်ချီ ဗုံးကြဲသတ်ဖြတ်ခဲ့သည်။ ထိုအခြေအနေကြားမှ ရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ လက်နက်အားကိုးဖြင့်အာဏာလုပြီး ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်အုပ်စုသည် တရားမဝင်သလို ၊ရွေးကောက်ပွဲကျင်းပပေးရန် အခွင့်အာဏာ၊တရားဝင်မှုမရှိ၍ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းတော်လှန်ရေးအင်အားစုများကထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းပြီး ပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်သဖြင့် ငြိမ်းချမ်းစွာဆန္ဒပြရာမှ လက်နက်ဆွဲကိုင်တော်လှန်ခဲ့သော ခုခံတော်လှန်စစ်မီးမှာ လေးနှစ်ကျော်လုံးအရှိန်ပြင်းပြင်းတောင်လောင်ခဲ့သည်။ စစ်တပ်၏ မူဝါဒအမှားများ ၊လူငယ်များကိုနိုင်ငံမှ ၊လုပ်ငန်းခွင်မှထွက်ပြေးအောင်လုပ်သောစစ်မှုထမ်းဥပဒေ ၊ စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတွင်းမှနိုင်ငံခြားရင်းနှီးမြှပ်နှံမှုများပြန်ထွက်သွားခြင်း ၊တရားဥပဒေမစိုးမိုးမှု ၊လာဘ်ပေးလာဘ်ယူထူပြောခြင်း ၊အလတ်စားအသေးစားလုပ်ငန်းများရပ်နားသွားခြင်း ၊နိုင်ငံတစ်ဝန်းတိုက်ပွဲများဖြစ်ပွားခြင်း ၊ အလုပ်လက်မဲ့များခြင်း စသည့်ဖိအားများ၊ အချိန်မရွေးအသတ်ခံရ၊စစ်မှုစုဆောင်းခံရနိုင်သော ဖိစီးမှုများ ၊အဆင်မပြေမှုများကို ပြည်သူများသည် နိစ္စဓူ၀ခါးစည်းခံနေရသည်။
ထိုအထဲတွင် စစ်မှုထမ်းဥပဒေ၏ ၀ေဒနာကိုခံစားရသော အသက် ၁၈ နှစ်မှ ၃၅ အတွင်း လူငယ်များ၏ သောက ကလည်း မသေးလှပေ။ အပြင်သွားရင် ဘေးကင်းပါ့မလား၊ ညမိုးချုပ်လာရင် ပေါ်တာဆွဲခံရမလားဆိုသည့် စိတ်မလုံခြုံမှုတို့က လူငယ်တို့မနက်ဖြန်တွေကို အရောင်ပိုမှိန်စေသည်။ ယခုဆောင်းပါးအတွက် တွေ့ဆုံ၊မေးမြန်းခွင့်ရခဲ့သူများသည် အသက် ၁၈ နှစ်မှ ၂၂ နှစ်အတွင်းဖြစ်၍ ၂၀၂၅ ရွေးကောက်ပွဲတွင် ပထမဆုံး မဲပေးမည့်သူများ (First Voters) ဖြစ်ကြပြီး အင်တာဗျူးအပြီး ၄င်းတို့ထံမှ တူညီသောအချက်နှစ်ချက်ကို တွေ့ရှိခဲ့သည်။ ပထမအချက်သည် ဖြေကြားသည့်လူငယ်အားလုံးက ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို လုံး၀မသိရှိကြသေးဘဲ ဒုတိယအချက်မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်ရှိနိုင်ငံ အခြေအနေသည် ၄င်းတို့အတွက်လုံခြုံမှုလုံး၀မရှိကြောင်း အသီးသီးဖြေကြားခဲ့ကြသည်။
ထို့အတူ ၄င်းတို့၏အမည်ရင်းများအားဆောင်းပါး
တွင် ထည့်သွင်းဖော်ပြခြင်းမပြုရန် အားလုံးက မေတ္တာရပ်ခံခဲ့ကြသည်။ ကချင်မလေး ကိုင်နူးက “အင်တာဗျူးဖြေလိုက်လို့ အဖမ်းတော့မခံရဘူးမလား..” ဟု အင်တာဗျူးအပြီး အထိတ်တလန့်ဖြင့် ပြန်မေးလေသည်။ ထိရှလွယ်သောအကြောင်းအရာများ မဟုတ်သည့်တိုင် လူငယ်များ၏ စိတ်တွင် ၄င်းတို့ အတွေးအမြင်၊ဆန္ဒများအား ထုတ်ဖော်ရန် အကြောက်တရားဖြင့် တွန့်ဆုတ်နေကြသည်။
“နိုင်ငံတကာမှာ လူငယ်တွေကို နေရာပေးနေတဲ့အချိန်မှာ ကျနော်တို့ဘ၀က အိမ်ပြင်ထွက်တာနဲ့ ဘယ်တော့ပေါ်တာဆွဲခံရမလားဆိုပြီး နောက်ကျောမလုံရတဲ့ဘ၀ရောက်နေတယ်။ ဒီစနစ်ဆိုးကြီးက လက်၀ါးကြီး အုပ်ထားတော့ ဒီမှာ နေရတာ တနေ့ တနေ့မတန်တော့ဘူးလို့ ခံစားလာရတယ်”ဟု အသက် ၂၂ အရွယ် ကိုစိုင်းက ပြောသည်။
တိုင်းရင်းသားဒေသတွင်နေထိုင်သော တိုင်းရင်းသားလူငယ်တစ်ယောက်ဖြစ်သည့်အတွက် ၂ ဖက်အဖွဲ့အစည်းများ (စစ်ကောင်စီတပ်နှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်)၏ စစ်သားစုဆောင်းရေးတွင် မျက်စိကျကာ တနေ့မဟုတ် တနေ့ပါသွားမည်ကို ကာယကံရှင်ကိုစိုင်း သာမက မိသားစု၀င်များက နေ့ရှိသရွေ့ ပူပင်နေကြ ရသည်ဟု ဆိုလေသည်။
“ကျနော့်အဖေဆို အိမ်ကိုပြန်မလာပါနဲ့ ဆိုပြီး မှာရှာတယ်၊ မြို့မှာထက် ရွာတွေမှာ ပိုသတိထားနေရတယ်” ဟု သူက ပြောသည်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် ကျင်းပမည်ဟုစစ်တပ်၏ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ ၂၀၂၆ ခုနှစ်ဇန်န၀ါရီလအတွင်း ကျန်ရှိသော အပိုင်း ၂ ပိုင်းအား နှစ်ပတ်ခြားစီဖြင့် ကျင်းပသွားမည်ဟုဆိုသည်။
ရွေးကောက်ပွဲတွင် ယှဥ်ပြိုင်ခွင့်ရသော နိုင်ငံရေးပါတီများက အောက်တိုဘာ ၂၈ ရက်က စပြီး ရက်ပေါင်း ၆၀ တိတိ မဲဆွယ်စည်းရုံးရေးလုပ်ငန်းခွင့်ပြုထားသည်။ စစ်တပ်ပါတီဖြစ်သော ပြည်ခိုင်ဖြိုးအပါအဝင် စစ်တပ်ထောက်ခံသောပါတီများ က မဲဆွယ်စည်းရုံးရေးများလုပ်နေသော်လည်း ပြည်သူအများစုက ရွေးကောက်ပွဲကိုစိတ်မ၀င်စားကြပေ။
မြန်မာစစ်ကောင်စီ ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲသည် လွတ်လပ်မှု၊ တရားမျှတမှု (သို့မဟုတ်) လူတိုင်းပါ၀င်မှု ရှိမည်မဟုတ်သောကြောင့် နိုင်ငံခြားအစိုးရများမှ ငြင်းပယ်သင့်သည်ဟု လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ယခုလလယ်က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ်ဖေဖော်၀ါရီ အာဏာသိမ်းပြီးကတည်းက တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးဆဲဒီမိုကရေစီစနစ်ကို စနစ်တကျဖျက်သိမ်းခဲ့သော စစ်ကောင်စီသည် ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု ထိုအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ပထမဆုံး မဲပေးမည့် မဲဆန္ဒရှင်အများစုက ရွေးကောက်ပွဲနှင့် ပတ်သတ်သော ကျင်းပမည့်နေ့အပါအ၀င် အခြားသောရွေးကောက်ပွဲဆိုင်ရာအချက်အလက်များအား ရေရေရာရာမသိရှိကြသလို မဲစာရင်းသွားကြည့် ရန်ပင်အာရုံရှိမနေသည်ကို တွေ့ရသည်။
ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် နေထိုင်သောလူငယ်များက မဲပေးရန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများက လိုက်လံစာရင်းကောက်သောကြောင့် အကြမ်းဖျင်းသိရှိထားကြသော်လည်း ကျေးလက်နှင့် တိုက်ပွဲများကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသော ဒေသ များတွင် နေထိုင်သူများကမူ ရွေးကောက်ပွဲ နှင့် ဖာသိဖာသာ နေနေဆဲဖြစ်သည်။
၄င်းတို့အား ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မျှော်လင့်ချက်ကိုမေးသည့်အခါ တချို့တ၀က်က အသံတိတ် သွားကြပြီး တချို့ကမူ လက်ရှိနိုင်ငံအခြေအနေများကြောင့် အနာဂတ်မဲ့နေသည်ဟု ဆိုကြသည်။
“ဘယ်အစိုးရတက်တက် ညီမတို့က စစ်ရှောင်စခန်းထဲမှာ နေနေရတုန်းဆိုတော့ အရမ်းကွာခြားသွားမယ် လို့ မထင်မိပါဘူး” ဟု ကိုင်နူးက ပြောသည်။ ဒုတိယတန်းကတည်းက စစ်ရှောင်အဖြစ်ကြီးပြင်းလာခဲ့သော ကိုင်နူး သည် ယခုအချိန်တွင် ဥပဒေမေဂျာ တတိယနှစ်တက္ကသိုလ်ကျောင်းသူဖြစ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို တရား၀င်မှုမရှိကြောင်းနှင့် အကြောက် တရား၊ ဖိနှိပ်မှုများအောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဟု မသတ်မှတ်နိုင်ကြောင်းဥရောပပါလီမန်က နို၀င်ဘာ ၂၇ ရက်က ကြေငြာထားသည်။
ထို့အတူ “ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း” အမည်ရှိ အဖွဲ့က စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး ပြည်သူ့သဘောထားစစ်တမ်းကောက်ယူခဲ့ရာ ပါ၀င်ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းက မဲပေးမည် မဟုတ် ကြောင်း ဖြေဆိုခဲ့သည်ဟု ဒီဇင်ဘာလဆန်းက ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲအပြီး ဖြစ်လာမည့် အစိုးရအား နိုင်ငံရေးအခြေအနေများကြောင့် ပညာရေး နစ်နာသွား သော လူငယ်များအတွက် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လုံခြုံပြီး တရားဥပဒေ စိုးမိုးမှုရှိသော လူနေမှုအဆင့်အတန်းတစ်ခုကို တည်ဆောက်ပေးစေလိုကြောင်း လူငယ်မဲဆန္ဒရှင်များက လိုလားကြသည်။
“ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဒီအရှုပ်တွေကနေ နိုင်ငံကို ကယ်တင်နိုင်မဲ့ စူပါမန်း တစ်ယောက် ပဲ လိုချင်မိတယ်” ဟု အသက် ၂၀ အရွယ် ပအို၀်းတိုင်းရင်းသူလေး နန်း က ပြောပါသည်။
(မှတ်ချက်-ဆောင်းပါး၌ ပါ၀င်ဖြေဆိုပေးသူတစ်ယောက်ချင်းစီ အမည်ရင်းများအား အမည်လွှဲဖြင့် ရေးသားဖော်ပြထားသည်။)
















































