ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)အကြား ပြဿနာဖြစ်ပွားခဲ့မှုကို နှစ်ဖက် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းနေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အသိပေးပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိတော့ဟု အသိပေးပါတယ်။
ဖေဖော်ဝါရီ ၁၃ရက်မှာ MNDAAနဲ့ TNLA အောက်ခြေတပ်ဖွဲ့ဝင်တွေ အချင်းများပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ပါတယ်။ MNDAA တပ်က TNLA တပ်ဖွဲ့ကို အကြောင်းမကြားဘဲ CCTV တပ်ဆင်မှု အပေါ် အခြေခံကာ ပြဿနာဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“လောလောဆယ် ဒီဟာတွေကပြန်လည်ငြိမ်သက်နေပါပြီ။ တဖက်နဲ့တဖက် လူကြီးတွေ တွေ့ဆုံပြီးမှ ဒီအခြေအနေကို ဖြေရှင်းနေတာဖြစ်တယ်။ “လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement
မဟာမိတ်အချင်းချင်း ပြဿနာဖြစ်ပွားမှုကို ဆက်လက်ဆွေးနွေးသွားဖို့လည်းရှိတယ်လို့ ပြောပါတယ်။
“ လောလောဆယ် ကတော့ စိုးရိမ်တဲ့ အနေအထားတော့မရှိတော့ဘူး။”လို့ လွေးယေဦးက ပြောပါတယ်။
TNLA အနေနဲ့ MNDAA သာမက အခြားသော မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြဿနာဖြစ်ပွားမှုတွေကိုလည်း ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ အသိပေးပါတယ်။
“MNDAA မဟာမိတ်မှ မဟုတ်ဘူး အခြားသော ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ ဒီလက်နက်ကိုင် အထူးသဖြင့် ERO အဖွဲ့အစည်းတွေနဲ့ ကျမတို့ မှာဆိုရင် ပွတ်တိုက်မှုတွေရှိတယ် အငြင်းပွားမှုတွေရှိပါတယ်။ ဒါကတော့ အောက်ခြေမှာ ဖြစ်ပွား နေတဲ့ဟာမျိုးတွေရှိတယ်။ မြေပြင်မှာ ဖြစ်ပွားနေတာရှိတယ်။
ဗဟိုအဆင့်ကတော့ ဒီကိစ္စကို တဖက်နဲ့တဖက်ထိန်းသိမ်းဆောင်ရွက်ဖို့ ဆက်သွယ်သွားလာနေကြတာမျိုးတွေရှိတယ်။ တွေ့ဆုံဆွေးနွေးရေးကိုပဲ ကျမတို့ အဓိက ထားဖြေရှင်းနေတာဖြစ်ပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။
ရှေ့ဆက်ပြီး အလားတူ ပြဿနာတွေ ဖြစ်လာရင်လည်း ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမလိုကြောင်း ပြောပါတယ်။
“ကျမတို့ လမ်းစဉ်အရပဲ တွေ့ဆုံရေးလမ်းစဉ် ကိုပဲ သွားပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”လို့ လွေးယေဦးက ပြောပါတယ်။
ရှမ်းမြောက်မှာ TNLAနဲ့ ကိုးကန့်တပ်အကြား၊ TNLAနဲ့ ရှမ်းတပ် SSPP အကြား၊ TNLA နဲ့ ကချင် တပ် KIA အကြား နယ်မြေဆိုင်ရာ ကိစ္စ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။

















































