-ဒလပန်းရေးသားသည်။
တာပေါ်လင် အနက်ရောင်စတွေနဲ့ ကာရံထားတဲ့ ၈ ပေပတ်လည် တဲအိမ်ထဲ အသက် ၅၅ နှစ်အရွယ် ဦးမင်းဟာ သူရဲ့ ဘယ်ခြေထောက်ကို ကြိုးတစ်ချောင်းနဲ့ ချည်နှောင်လို့နေပါတယ်။
အဲ့ဒီကြိုးဟာ အုတ်ခဲတွေထည့်ထားတဲ့ စစ်သုံးပျောက်ကြားကွက် ပုခက်ဟောင်းက ကြိုးလည်းဖြစ်ပါတယ်။
ဒါဟာ ဦးမင်းတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ပြန်ရပ်နိုင်ဖို့ ခြေထောက်ခဲဆွဲ လေ့ကျင့်ခန်း လုပ်ဖို့ ပြင်ဆင်နေတာပါ။

Public Service Announcement
ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်ဇာတိဖြစ်တဲ့ ဦးမင်းဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးက စစ်ရှောင်စခန်းမှာ လာရောက်စစ်ရှောင်နေတာ အခုဆို ၄ နှစ်ကျော်ရှိလာပါပြီ။
စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ တနယ်တကျေးက စစ်ရှောင်လာရတဲ့ ဦးမင်းတို့လို စစ်ရှောင်တွေအတွက်နေထိုင်ရှင်သန်ရေးဟာတစ်ရက်ထက်တစ်ရက်ပိုလို့ ခက်ခဲလာနေတာပါ။
ဒီလိုတစ်ရက်ထက်တစ်ရက်ပိုခက်ခဲလာနေတဲ့ ဦးမင်းတို့လို စစ်ရှောင်တွေအနေနဲ့နေထိုင်စားသောက်ရေးကိုသာ အဓိက ရုန်းကန်ဖြေရှင်းနေရတာကြောင့် ကျန်မာရေး၊ပညာရေးစတဲ့ဏဏ္ဍတွေကို ဦးစားမပေးနိုင်တဲ့ အခြေနေပါ။
ဒါကြောင့် ဦးမင်းတစ်ယောက်သူခြေထောက် ပြန်ကောင်းလာဖို့ကျန်းမာရေး အထောက်အကူပြုလေ့ကျင့်ခန်းသုံးပစ္စည်းတွေတောင်မဝယ်ကူနိုင်ဘဲအိမ်မှာရှိတဲ့ အုတ်ခဲကျိုး၊ပုခက်ကြိုးဟောင်းတွေနဲ့သာ လေ့ကျင့်ခန်းလုပ်ဆောင်နေရတာပါ။
ဦးမင်းဟာ မိန်းမ၊သား၊ယောက္ခမနဲ့အတူ စစ်ရှောင်စခန်းမှာအတူနေထိုင်ပြီး မိသားစု စားဝတ်နေရေးကိုဖြေရှင်းဖို့ ဆိုင်ကယ်ကယ်ရီမောင်းတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့နှစ် အောက်တိုဘာလကစလို့ သူနေထိုင်ရာဒေသအတွင်းမှာအာဏာသိမ်းစစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေကြားလေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေဖြစ်လာချိန်မှာ စစ်ကောင်စီတပ်ဟာ ဒေသတွင်းသွားလာခွင့်ကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ခဲ့တာကြောင့် ဆိုင်ကယ်ကယ်ရီမောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဦးမင်းတစ်ယောက်အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒါကြောင့် မိသားစု စားဝတ်နေရေးအတွက် ရရာနေ့စားအလုပ်ကိုထွက်လုပ်ရင်း ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ ၂၃ ရက်မှာ သူရဲ့ ဘယ်ခြေထောက် ထိခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“အဲ့နေ့က မိန်းမက နေမကောင်းဘူး။ ကဲ တစ်ယောက်မရှိ တစ်ယောက်တော့ အလုပ်လုပ်ဦးမှပဲဆိုပြီးတော့ သွားမယ်ကွာဆိုပြီးသူများပဲခြွေစက်ဆိုပြီးလိုက်သွားလိုက်တာ။စက်ပေါ်တက်ပြီး လှည့်လိုက်တာ စက်လည်း လဲလည်းလဲကော အထုံးလေးတွေ ပစ်ပစ်ပေးရင်းကနေပြီးတော့ ကိုယ့်ကသွေးတက်ရှိတယ် အဲ့ရက်က မူးလည်းမူးကော အဲ့မှာ ပစ်ကျသွားတာ“လို့ဦးမင်းကခြေထောက်ထိခိုက်ခဲ့ရပုံကိုပြန်ပြောပြပါတယ်။
ပဲခြွေစက်ပေါ်က ပြုတ်ကျခဲ့တဲ့ ဒဏ်ကြောင့် သူရဲ့ ဘယ်ဘက်တင်ပဆုံအဆစ် ပြုတ်ထွက်သွားခဲ့ရပါတယ်။
ဘယ်ဘက် တင်ပဆုံအဆစ် ပြုတ်ထွက်သွားခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ခွဲစိတ်ကုသဖို့ လိုအပ်ခဲ့ပေမယ့် ခွဲစိတ်စရိတ် မတတ်နိုင်တဲ့အတွက် ဆက်ပြီး ကုသဖို့အရေးကို သူ လက်လွှတ်ခဲ့ရပါတယ်။
“ဘတ်ငါးသိန်းလောက်ကုန်မယ်ဆိုတော့။ငါးသိန်းလောက်ကြီးလည်း အကုန်မခံနိုင်ဘူး။ အခုဘယ်လိုနေလို့ အဆင်ပြေမလဲဆိုတော့ ခြောက်လ ထိုင်နေမှရမယ်တဲ့။ ဆရာတွေက ခြောက်လပြည့်ရင် လမ်းလျှောက်လို့ရရင်လည်း ရမယ်ပေါ့ မရရင်လည်း မရဘူးပေါ့ သူတို့အဲ့လိုပဲပြောလိုက်တယ်” လို့ ဦးမင်းက ပြောပါတယ်။
ခုချိန်မှာတော့ ဦးမင်းတစ်ယောက် ရရာဆေးဝါးရရာနည်းလမ်းနဲ့ သူ ကြိုးစားနေတာပါ။
ဒီလိုကြိုးစားနေပမယ့်လည်း ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် နှစ်လအတွင်းမှာပဲ ထိခိုက်ခဲ့တဲ့ ဘယ်ခြေထောက်ဟာ ညာဘက်ခြေထောက်ထက် လက်နှစ်လုံးခန့် တိုဝင်သွားပြီးလို့ သူရဲ့ ခြေနှစ်ဖက်ကို နှိုင်းယှဥ်ပြရင်း ပြောပါတယ်။
ဒီလို အခြေအနေကြား ခြောက်လပြည့်ချိန် လမ်းမလျှောက်နိုင်မှာကို ဦးမင်းတစ်ယောက် စိုးရိမ်စိတ်တွေနဲ့ နေ့ရက်တိုင်းကို ဖြတ်ကျော်နေရတာပါ။
ဦးမင်း အခုလို ဖြစ်သွားချိန်မှာတော့ ၈ တန်းတက်ရောက်နေတဲ့ သားဖြစ်သူဟာလည်း ပညာသင်ကြားမှု ရပ်နားခဲ့ပြီး မိသားစု စားဝတ်နေရေးအတွက် မိခင်ဖြစ်သူနဲ့အတူ ရရာအလုပ်ကိုလုပ်ကိုင်ခဲ့ရပါတယ်။
အခုချိန်မှာ သားဖြစ်သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရံ ( အကြမ်းသမားဖြစ် ) ဝင်ရောက်လုပ်ကိုင်နေပြီး တစ်ရက်ကို ဘတ် ၃၀၀ လုပ်အားခ ရရှိပါတယ်။
မိသားစုဝင်လေးဦးရှိတဲ့ဦးမင်းမိသားစုအနေနဲ့သားဖြစ်သူရဲ့လုပ်အားခကလည်းစားသောက်ရေးအတွက်သာ လောက်ငှတဲ့ အခြေအနေပါ။

●စစ်တပ်ရဲ့ အငြိုးတေးခံခဲ့ရ
စစ်အာဏာသိမ်း မတိုင်ခင်ကာလမှာတော့ ဦးမင်းတို့မိသားစုဟာ ဆန်၊ဆီ၊အသား၊ငါးစတာတွေစျေးရောင်းချရင်း ဘဝကို အဆင်ပြေပြေဖြတ်သန်းနေတဲ့ မိသားတစ်စုလည်းဖြစ်ပါတယ်။
တစ်ရက်ကို ပျှမ်းမျှဝင်ငွေ ကျပ်ခြောက်သောင်းကျော်ရှိပြီး သားသမီးတွေကိုလည်း ပညာရေးအဆက်မပြတ်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်မှာတော့ ဦးမင်းရဲ့ မိသားစုဘဝဟာတဆစ်ချိုး ပြောင်းလဲခဲ့ပါတယ်။
စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ခုနှစ် ၊ သြဂုတ်လမှာ ဦးမင်းကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
နေအိမ်မှာ ဦးမင်းကို မတွေ့တာကြောင့် ဇနီးသည်ကို ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
“သူ့ယောကျာ်းမရှိရင် သူ့မိန်းမကိုဖမ်း ဆိုပြီးတော့ ဖမ်းတယ် အဲ့ချိန်မှာ အဒေါ်တို့မှာ ဘာအပြစ်ရှိလဲမေးတော့ ဖမ်းတာဖမ်းလျှာမရှည်နဲ့သူကအဲ့လိုပြောပြီး လုပ်လည်းလုပ်ကော အဒေါ်က ငါတို့မှာ အပြစ်မရှိဘဲ ဖမ်းတာ ဖမ်းဝရမ်းလည်းမပါဘူး ရွာလူကြီးလည်းမပါဘူး အဲ့တော့ အဒေါ်က ရွာလူကြီးအိမ်ကို ထွက်ပြေးတယ် “ လို့ ဦးမင်းရဲ့ဇနီးက သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး နောက်ရက်ကြ ရဲစခန်းမှာ ဦးမင်းနဲ့ ဇနီးဖြစ်သူကို ကိုယ်တိုင်လာရောက်ဖြေရှင်းခိုင်းမယ်ဆိုတဲ့ ရွာလူကြီးရဲ့ ပြောဆိုပေးမှုကြောင့် လင်မယားနှစ်ယောက်လုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ခဲ့ပါတယ်။

ရဲစခန်းမှာ သွားရောက်ဖြေရှင်းရင် ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေကြောင့်ပဲ ဦးမင်းက တနေရာ၊ ဇနီးနဲ့သားဖြစ်သူကလည်း တနေရာ ခွဲပြီးထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
နှစ်ရက်အကြာမှာ ဇနီးနဲ့ သားဖြစ်သူဟာ ရန်ကုန်ကိုရောက်ရှိလာခဲ့ပြီးလေးရက်အကြာမှာတော့ ဦးမင်းလည်း ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။
၁၅ ရက်ကြာ ရန်ကုန်မှာတိမ်းရှောင်နေပြီးနောက် ထိုင်း – မြန်မာနယ်စပ်ကို ထွက်မည့်နေ့မှာပဲ သူတို့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာလည်းဦးမင်းတို့မိသားစုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ကနေ ဒုတိယအကြိမ်လွတ်မြောက်ခဲ့ပါတယ်။
၂၀၂၁ ၊ စက်တင်ဘာလမှာတော့ ထိုင်းနယ်စပ်မှာ တနေရာကို ရောက်ရှိခဲ့ပါတယ်။
ပါလာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချတာတွေအပြင် ပြောင်းချိုး၊ ပဲရိတ်၊ စပါးရိတ် စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘောက်တွေလုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ပါတယ်။
ခြောက်လ နီးပါးနေထိုင်ခဲ့ပြီးနောက် စိုက်ပျိုးရေးရာသီကုန်ချိန်မှာတော့ နေထိုင်စားသောက်ရေးအတွက် အခက်ကြုံတွေ့ခဲ့ပါတယ်။
ဒါကြောင့်နေထိုင်ရေးအဆင်ပြေနိုင်ဖို့ ထိုင်း- မြန်မာ နယ်စပ်အနီးက စစ်ရှောင်စခန်းတစ်ခုကို ၂၀၂၂ နှစ်၊ မတ်လပိုင်းမှာ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ခဲ့တဲ့အတွက် စစ်တပ်ရဲ့ အငြိုးတေးခံခဲ့ရပြီး ဘဝတဆစ်ချိုးပြောင်းလဲခဲ့ပေမယ့် ကိုယ့်လုပ်ရပ်ပေါ်မှာတော့နောင်တရမိတာမျိုးမရှိဘူးလို့ဦးမင်းက ပြောပါတယ်။ ကိုယ့်မိသားစုကိုယ်တိုင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်ယဦးမင်းတစ်ယောက် တော်လှန်ရေးမှာ တတ်နိုင်သလောက် ဆက်လက်ပါဝင်ခဲ့ပါတယ် ။
ဦးမင်းအပါအဝင် စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ နေထိုင်ဖို့ အဆင်ပြေခဲ့ပေမယ့်လည်း စားသောက်ရေးအတွက်ကိုတော့ အလှူရှင်တချို့ ရဲ့ ထောက်ပံ့ကြေးပေးတာနဲ့ ကိုယ့်လုပ်အားခတချို့ ပေါင်းစပ်ပြီးဖြေရှင်းနေရတာပါ။
အလုပ်အကိုင်အခွင့်အလမ်းဟာလည်း ပုံမှန်မရှိဘဲရှားပါးတာကြောင့် အလှုရှင်နဲ့ လုပ်အားခ မရှိတဲ့လတွေဆို စစ်ရှောင်တွေအတွက် စားသောက်ရေးဟာ တနေ့ထက်တနေ့ ပူပန်ခက်ခဲလှပါတယ်။
ဦးမင်းတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၇၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ကျော်နေထိုင်ပါတယ်။တိုက်ပွဲတွေရှည်ကြာလာတာနဲ့အမျှ စစ်ရှောင်အရေအတွက် သိသိသာသာတိုးလာခဲ့ပေမယ့် ကူညီမှုတွေက တဖြည်းဖြည်းလျော့ကျ လာနေပါတယ်။
သုံးနှစ်တာကာလအတွင်း ထောက်ပံ့ကြေးငွေတချို့ လေးကြိမ်းလောက်ရဖူးခဲ့ပြီး အခုနောက်ပိုင်း ထောက်ပံ့မှုတွေဟာ သိသိသာသာလျော့နည်းလာခဲ့တယ်လို့ စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ စစ်ရှောင်ပြည်သူတချို့က ပြောပါတယ်။
အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့် တက်လာပြီးနောက် USAID အပါအဝင် နိုင်ငံတကာ အကူအညီတွေ ရပ်တန့်လိုက်တာဟာ မြန်မာပြည်တွင်းပြည်ပက စစ်ဘေးရှောင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်တွေမှာဆေးဝါးနဲ့စားနပ်ရိက္ခာ လိုအပ်ချက်တွေများလာပြီး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့စစ်ရှောင်ကူညီသူတွေကဆိုပါတယ်။
ဒီအခြေအနေတွေဟာ ဦးမင်းတို့လို့ မိသားစုတွေအပါအဝင် စစ်ပွဲဒဏ်ကြောင့် နေရပ်စွန့်ခွာလာရသူတွေအတွက် စားဝတ်နေရေးအပြင် လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။
“ကြပ်တည်းတဲ့အကြောင်းတော့ မမေးနဲ့ ဝါးလုံးခေါင်းထဲ ဆင်ထိုးဆိုသလို ၊ လမ်းကြမ်းသလားမမေးနဲ့ ကျောက်ခဲစားတောင် အစာကြေတယ် “ ဆိုတဲ့ ဘဝမျိုး ဆိုက်သွားတာပေါ့လို့ ဘဝအခက်အခဲကို ဦးမင်းက ရယ်မောကာ ပြန်ပြောပါတယ်။
အပေါ်ယံ ရယ်မောနိုင်နေပေမယ့် တကယ့်လက်တွေ့မှာတော့ ကျန်းမာရေး၊ စာဝတ်နေရေး အခက်အခဲတွေဟာ တစ်ရက်ထက် တစ်ရက်ပိုပြီး အမြစ်တွယ်နေတာပါ။
လက်ရှိမှာ သားငယ်ရဲ့ ဝင်ငွေဟာလည်း မိသားစု စားသောက်ရေးကို ဖြေရှင်းနိုင်ဖို့ ခဲယဥ်နေချိန်မှာ ဦမင်းအနေနဲ့ ဆေးကုသစရိတ်ဆိုတာ မတတ်နိုင်တဲ့ လှေကားထစ်တစ်ခုလို အလှမ်းဝေးကွာလွန်းလှပါတယ်။
တစ်ခုတည်းသောကုထုံးဖြစ်တဲ့ ဝေဒနာကို အံကြိတ်တောင့်ခံရင်း တစ်နေ့နေ့မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်လည်ရပ်တည်ပြီး ပုံမှန်အတိုင်း လမ်းလျှောက်နိုင်မယ့် နေ့ရက်တွေကိုသာ စောင့်မျှော်နေတဲ့ ဦးမင်းကတော့သူလုပ်ခဲ့တာတွေနဲ့ပတ်သက်လို့
“ နောင်တမရဘူး ဆက်တွန်းဖို့ ပဲလုပ်ချင်တာ ။ ထောက်ပို့လုပ်ခဲ့တာလည်းနိုင်ငံကောင်းဖို့ပဲ ထောက်ပို့လုပ်ခဲ့တာ။ ဘာမျှော်လင့်ချက်မှ မထားဘူး ။ နိုင်ငံကြီးကောင်းသွား ဒို့နိုင်ငံကြီး အေးချမ်းသွားရင် လွတ်လွတ်လပ်လပ် လုပ်စားမယ်။ နောင်
လာနောင်သားတွေ ကောင်းကောင်းမွန်မွန်နေရရေးဆိုပြီးတော့ လုပ်ခဲ့တာ “ ပြတ်ပြတ်သားသားပြောဆိုပါတယ်။ ။

















































