ရုရှားစစ်မြေပြင်မှာ တိုက်ပွဲကျခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို မြောက်ကိုရီးယား အစိုးရက တိုက်ခန်းတွေ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ကြေညာပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ မြောက်ကိုရီးယား အစိုးရ မီဒီယာက အစိုးရ အဓိပတိကြီး ကင်မ်ဂျုံအွန်းဟာ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ အိမ်ခန်း အသစ်တွေမှာ နေရာချထားပေးတဲ့ ကျဆုံးစစ်သည် မိသားစုတွေကို သွားရောက် တွေ့ဆုံနေပုံတွေကို ဖော်ပြခဲ့ပါတယ်။
ပြုံယမ်းမြို့တော်က လမ်းတစ်လမ်းတည်းမှာ တိုက်ခန်းတွဲတွေ တည်ဆောက်ပြီး အဲဒီ ကျဆုံးစစ်သည် မိသားစုတွေကို နေရာချထားပေးတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ မဟာမိတ် ရုရှားနိုင်ငံအတွက် တပ်ကူအင်အား သောင်းနဲ့ချီ စေလွှတ်ပေးခဲ့ပြီး အဲဒီထဲက ၂၀၀၀ ဝန်းကျင်လောက် အသက်ဆုံးရှုံးခဲ့တယ်လို့ တောင်ကိုရီးယားနဲ့ အနောက် မဟာမိတ် နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အေဂျင်စီတွေက ခန့်မှန်းထားပါတယ်။ အဲဒီ မြောက်ကိုရီးယား စစ်တပ်တွေဟာ ယူကရိန်းတပ်တွေ ထိုးစစ်ဆင်တာ ခံခဲ့ရတဲ့ ရုရှားရဲ့ ကာ့စ်ခ်ဒေသ စစ်မြေပြင်မှာ ရုရှားဖက်ကနေ ကူညီ တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement
ရုရှားဆီ တပ်တွေ စေလွှတ်ပေးခဲ့တဲ့အတွက် အပြန်အလှန် အနေနဲ့ မြောက်ကိုရီးယားဟာ ဘဏ္ဍာရေး အထောက်အပံ့၊ စစ်ရေး နည်းပညာ အကူအညီ၊ ရိက္ခာနဲ့ စွမ်းအင် ပံ့ပိုးမှုတွေ လက်ခံရရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။
နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့ အမြင့်မြတ်ဆုံး ပေးဆပ်ခဲ့တဲ့ သားကောင်း စစ်သည်တွေကို ဂုဏ်ပြုဖို့ အဲဒီ အိမ်ရာ လမ်းအသစ်ကို စီစဉ်ထားရှိခဲ့ကြောင်း၊ ကျဆုံးစစ်သည်တွေရဲ့ ဝိညာဉ်ဟာ နိုင်ငံအတွက် ထာဝရ တည်တံ့နေမှာဖြစ်ကြောင်း ကင်မ်က အိမ်ရာဖွင့်ပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲကိစ္စကို ထည့်သွင်း ရည်ညွှန်းမသွားပေမယ့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို ထောက်ခံမယ်လို့ ကင်မ်က ပြောဆိုသွားပါတယ်။
KCNA သတင်းဌာနက ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာတော့ ကင်မ်ဟာ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ ဂျူအေးနဲ့အတူ တိုက်ခန်းတွေကို လှည့်လည်ကြည့်ရှုပြီး ကျဆုံးစစ်သည် မိသားစုတွေနဲ့ တွေ့ဆုံနေတာ တွေ့ခဲ့ရပါတယ်။ ဂျူအေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အနာဂတ် မြောက်ကိုရီးယား ခေါင်းဆောင်အဖြစ် တောင်ကိုရီးယား ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။
ကိုးကား: AFP

















































