ဖေဖော်ဝါရီ-၁၆၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနကဖော်ပြပါတယ်။
ထိုင်းရဲ့ ရောဂါထိန်းချုပ်ရေးဌာန (DDC)က အခုသေဆုံးမှုကို အတည်ပြုခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်နေ့က အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသား ခွေးရူးပြန်ပြီး သေဆုံးခဲ့တာ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ၂၀၂၅ နှစ်ကုန်ပိုင်းလောက်တုန်းက ခွေးပေါက်လေးတစ်ကောင် ကိုက်တာကို ခံခဲ့ရပါတယ်။ သူက ဆရာဝန်ပြဖို့ တိုက်တွန်းမှုတွေကို ငြင်းဆန်ခဲ့ပြီးလပိုင်းအကြာမှာတော့ ခွေးရူးပြန် ရောဂါလက္ခဏာတွေ စတင်ပြသလာခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement
လူနာဟာအသက်ရှူရခက်တာ၊အလွန်အကျွံ ခေါင်းကိုက်တာမျိုး လက္ခဏာတွေ ခံစားလာရပြီးတဲ့နောက်အသက်ဆုံးရှုံးသွားခဲ့တာလို့DDCက ဖော်ပြခဲ့ပါတယ်။ သူဟာ ရေသောက်ပြီးရင် ရင်ဘတ်ထဲမှာ တင်းကျပ်လာတဲ့ လက္ခဏာမျိုးကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်ပြသလာခဲ့ပါတယ်။
ဆရာဝန်တွေကနောက်ကြောင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် ရယောင်းခရိုင်ထဲမှာ နေထိုင်တဲ့ အမျိုးသားဟာခွေးကိုက်ခံရဖူးပြီးဒဏ်ရာကို သေချာ သန့်စင်ဆေးကြောမှု မရှိခဲ့တာ၊ ဆရာဝန်နဲ့တွေ့ပြီး ခွေးရူးပြန်ကာကွယ်ဆေးမထိုးခဲ့တာတွေကို တွေ့ရှိခဲ့ပါတယ်။ဒီသေဆုံးမှုဟာခွေးရူးပြန်လို့ ထိုင်းမှာ အခုနှစ်အတွင်း ပထမဆုံး လူ့အသက်ဆုံးရှုံးမှု ဖြစ်လာတယ်လို့ DDCက ပြောပါတယ်။
အဲဒီ မြန်မာအမျိုးသားကို ကိုက်ခဲ့တဲ့ ပိုင်ရှင်ဘယ်သူမှန်း မသိရတဲ့ ခွေးပေါက်လေးကလည်း နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ DDCကတော့ ပြည်သူလူထု အနေနဲ့ ခွေးကိုက်တာ ခံရပြီးတာနဲ့ ခွေးရူးပြန် ကာကွယ်ဆေး မပျက်မကွက်ထိုးကြဖို့တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ၊ အထူးသဖြင့် အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေကို တွေ့နေရဆဲလို့လည်း DDCက ဆိုပါတယ်။
ထိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း ခွေးရူးပြန်ပြီး သေဆုံးခဲ့သူ ၇ ဦးထိ ရှိခဲ့ပါတယ်။လူနာအားလုံးဟာ ခွေးကိုက်ခံရပြီးချိန်မှာ ဆရာဝန်ပြပြီး ကာကွယ်
ဆေးထိုးဖို့ ပျက်ကွက်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ ပြီးတော့ အများစုဟာ ပိုင်ရှင်ရှိတဲ့ ခွေးတွေ ကိုက်တာကို ခံခဲ့ရတာပါ။ခွေးရူးရောဂါဟာ စောစောစီးစီး ကာကွယ်ဆေး ထိုးခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကို ရှောင်ရှားနိုင်ပေမယ့် ရောဂါလက္ခဏာတွေ စတင်ပြသလာရင်တော့ မျှော်လင့်ချက် မရှိနိုင်တော့ပါဘူး။
ခွေးရူးပြန် ဗိုင်းရပ်စ်သယ်ဆောင်သူသတ္တဝါရဲ့ တံတွေးကနေတဆင့် ဒဏ်ရာထဲဝင်ရောက်ပြီး လူအပါအဝင် နို့တိုက်သတ္တဝါ မျိုးစိတ်အားလုံးဆီ ကူးစက်နိုင်ပါတယ်။ ခွေးကိုက်ခံရတာတင် မကဘဲ အကုတ်ခံရတာ၊ဒါမှမဟုတ်အနာကိုလျှာနဲ့လျက်သွားတာမျိုး အခြေအနေတွေကနေပါရောဂါကူးစက်မှု ကြုံတွေ့ရနိုင်ပါတယ်။
ကိုးကား-Straits Times

















































