ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
တော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲပြီး သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ပြီးမှ ရရှိသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို နောက်ထပ်အာဏာရှင်စနစ်အောက် ပြန်မရောက်ရေး အစွမ်းကုန် ကြိုးစားနေကြောင်း ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၀ရက်ညပိုင်းမှာ ICNCC/CB(ချင်းညီနောင်)က ကြီးမှူးကျင်းပါတဲ့ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား မိန့်ခွန်းမှာ ICNCC ဥက္ကဋ္ဌက အခုလို ပြောခဲ့တာပါ။
“မပြီးသေးတဲ့ တိုက်ပွဲတွေပေါ့နော် ကျနော်တို့ ချင်းမှာ ကျန်နေသေးတဲ့ မြို့သိမ်းစစ်ဆင်ရေးတွေ ဆက်ပြီးတော့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

Public Service Announcement
ချင်းညီနောင်ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ မြို့နယ်တွေကို သိမ်းပိုက်ထားပြီး ချင်းမြောက်ပိုင်းက ဖလမ်းမြို့ကို သိမ်းပိုက်ထားတာပါ။
ကျန်သေးတဲ့မြို့တွေ သိမ်းပိုက်အုပ်ချုပ်နိုင်ဖို့ အထူးကြိုးစားနေတဲ့ ကာလဖြစ်ကြောင်း အသိပေးပြီး တော်လှန်ရေးမှာ လူငယ်တွေ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။
“တော်လှန်ရေးမှာ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်များစွာ ရှိနေသေးလို့ လူငယ်လူရွယ်တွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်စီ သိနားလည်ပြီး တာဝန်ထမ်းဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီတာဝန်ဟာ တခြားလူတွေက ထမ်းဆောင်လာမှာ မဟုတ်ပါဘူး။ ချင်းအမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တခြားလူတွေရဲ့ လက်ထဲမှာ ကျနော်တို့ အပ်နှံလို့ မရပါဘူး။ ထိုနည်းတူပဲ ချင်းလူမျိုးတွေ ကောင်းစားဖို့အတွက် ချင်းနယ်မြေ တည်တံ့ခိုင်မြဲဖို့ အတွက်လည်း တခြားလူတွေက ကျနော်တို့ကို လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကိုယ် ကျနော်တို့ ကာကွယ်ရမှာ” လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ထို့အပြင် ပြည်ထောင်စုတခုလုံး အတွက်လည်း အားလုံးနဲ့ လက်တွဲဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
လူမျိုးတခုနဲ့ တခု အပြန်အလှန် လေးစားယုံကြည်မှုတွေ တည်ဆောက်ပြီး ချင်းလူမျိုးတွေရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အပြည့်အ၀ ရှိတဲ့ ချင်းကို တည်ဆောက်ဖို့ အားလုံးနဲ့အတူ လက်တွဲဖို့ ဆန္ဒရှိကြောင်း လည်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
“တိုင်းရင်းသား ညီအကိုမောင်မနှအားလုံးနဲ့ လက်တွဲပြီး အားလုံး လက်ခံယုံကြည်နိုင်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြရမှာဖြစ်ပါတယ်” လို့လည်း ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းတော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ ချင်းပြည်ကောင်စီ ကလည်း ဒီကနေ့ မနက်မှာ ပြုလုပ်ခဲ့ပါတယ်။ ချင်းပြည်ကောင်စီရဲ့ ချင်းအမျိုးသားနေ့ ကြေညာချက်မှာ ချင်းပြည်ကို ချင်းအမျိုးသားပြည်သူတွေရဲ့ အသက်၊ သမိုင်းနဲ့ အနာဂတ်တို့အတွက် ရင်းနှီးတည်ဆောက်ထားခြင်းဖြစ်လို့ အရွယ်ရောက်ပြည်သူတိုင်း ချင်းပြည်ကာကွယ်ရေးမှာ ပါဝင်ကြရမယ်လို့ ဖော်ပြထားပါတယ်။တော်လှန်ရေးကာလတွင် မိမိတို့ဌာနေဒေသကို စွန့်ခွာပြီး ရေကြည်ရာမြက်နုရာ ရှာဖွေ ခြင်းဟာ လွယ်ကူသောရွေးချယ်မှု ဖြစ်နိုင်ပေမယ့် အမျိုးသား တော်လှန် ရေးအတွက် မှန်ကန်သောရွေးချယ်မှု မဟုတ်ဟု ဖော်ပြပါတယ်။ဒါကြောင့် အရွယ် ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွါဘဲ ကဏ္ဍအသီးသီးမှ ချင်းပြည် ကာကွယ်ရေးနဲ့ ချင်းပြည် ရှင်သန်ရပ်တည်ရေးအတွက် ပါဝင်ကြရမှာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
(၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အာရက္ခတပ်တော်(ULA/AA)ကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ အာရက္ခဒေသ၊ အိမ်နီးနားချင်းနဲ့ မြန်မာနိုင်ငံအနှံ့မှ ချင်းညီအကိုများအနေဖြင့် အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု ၊ နားလည်မှု၊ ယုံကြည်မှု စည်းလုံးညီညွတ်မှုများကို တန်ဖိုးထားကာ ချင်းနဲ့ ရက္ခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်ရေးထိုးဖို့ တိုက်တွန်းထားပါတယ်။

















































