မတ်-၆၊၂၀၂၆။ဇော်ရမ်း၊ဒလပန်း/People’s Spring
စစ်တပ်ရဲ့ အမှတ်(၁၆)ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)ရှ်ိတဲ့ပန်းတောင်းမြို့နယ်၊မသုန်ရွာအနီးနဲ့ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်သားတွေ အများအပြားထွက်ပြေးနေသလို သုံ့ပန်းတွေလည်းဖမ်းဆီးရမိထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သတင်းရရှိပါတယ်။
“ မသုန်ရွားနားတင်တိုက်ပွဲပြင်းနေတာပါ။တစ်ပါတ်လောက်ရှိပြီ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေလည်းထွက်ပြေးတာ များတယ်။ဖမ်းမိတာလည်းရှိတယ်ဗျ။တိုက်ပွဲသတင်းကတော့လက်ရှိထုတ်ပြန်မှာမဟုတ်သေးဘူး” လို့အာရက္ခတပ်တော် AAရဲ့မဟာမိတ်တပ်က ရဲဘော်တစ်ဦးကပြောပါတယ်။
မြေပြင်တိုက်ပွဲပြင်းထန်နေတဲ့နေရာကို စစ်တပ်က မတ်လ ၁ ရက်နေ့ကနေ မတ်လ ၆ရက်ညနေအထိလေကြောင်းကနေ ၆ ရက်ဆက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ ဒရုန်းရော၊Y12 ရောဖိုက်တာပါသုံးတာ။စစ်ရေးကတော့ ကပစ(၁၆)ထဲကိုတောင်ရှော့တိုက်ဒုန်းပစ်နိုင်တဲ့အထိ ပြင်းထန်တာပါ” လို့တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
မတ်လဆန်းမှာစစ်တပ်ကပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာကကပစ(၉)နဲ့ ညောင်ခြေထောက်ဘက်ကတပ်ဖွဲ့ဝင်တွေကိုကပစ(၁၆)ဘက်ကို အင်အားဖြည့်ဖို့ ပို့ဆောင်စဥ်စစ်သားတွေထွက်ပြေးတာတွေရှိခဲ့တယ်လို့သိရပါတယ် ။
“ ကျောက်ဖူးမှာရှိတဲ့ကပစ (၉) က စစ်သားတွေကိုအင်အားဖြည့်ပြီးတော့လွှတ်ပြီးတော့ ခံစစ်ပြင်တယ် ။ ပြီးရင် ညောင်ခြေထောက်ဘက်က ထုတ်လုပ်ရေးစစ်သည်တွေကိုပဲပေါ့နော်။ ကပစ ၁၆ ကိုပို့တုန်း လမ်းမှာပဲထွက်ပြေးတယ်။ လွတ်မြောက်သွားတယ်လို့ပဲ သိရတယ် “ လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ (၁၆)ကို အနီးကပ်တိုက်ခိုက်လာပြီး စစ်ရေးအရှိန်မြှင့်လာသလို စစ်တပ်ကလည်း အင်အားဖြည့်တင်းပြီး ခုခံနေတာလည်းဖြစ်ပါတယ်။မတ်လ ၃ရက်နေ့မှာ AA နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ ၁၆ ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသရင်းမြစ် အချို့ကပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့်ကပစ ၁၆ ဝန်းထဲက စက်ရုံမှူးအိမ်၊ ယမ်းရုံ၊ ဆားချက်ရုံနဲ့ တန်းစီကွင်းဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ် ။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက်မတ်လ၄ရက်မနက်ပိုင်းမှာကပစအနီးကိုစစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ ဘယ်ဘက်က ထိတယ်လို့တော့ မသိဘူး။ ဘာလို့လဲဆိုရင် လေယာဉ်နဲ့ ဗုံးကြဲအပြီး Ambulance ကားတွေနဲ့ မသုန် ကပစ ၁၆ ဘက်ကနေ ပြည်ဘက်ထိ သွားပြီးပို့ရတယ်” လို့ဒေသတွင်းစစ်ရေးအရင်းမြစ်က ပြောပါတယ်။
ကပစ ၁၆ ရဲ့ အဓိက ကာကင်းစခန်းဖြစ်တဲ့ ပွိုင့် ၆၆၆ စခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီ ၂၈ မှာ သိမ်းပိုက်ခဲ့ပါတယ်။
၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း AAက ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီနောက် ကပစ ၁၆စက်ရုံအနီးက ကာကင်းစခန်း ၅ ခုထက်မနည်းကိုလည်း ဆက်တိုက်သိမ်းပိုက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ကာကင်းစခန်းကို သိမ်းပိုက်လာနိုင်ခဲ့ပြီးနောက်မှာတော့ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ကပစ ၁၆ ကို အနီးကပ် ခြိမ်းခြောက်လာနိုင်ခဲ့တာပါ။ကပစ ၁၆ စက်ရုံဟာ ကပစ ၅ ကိုကူပြီးတော့ ခဲယမ်းအကူထုတ်လုပ်ပေးရတဲ့စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။
ကပစ ၁၆ ကို ဦးတည်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ထိုးစစ်ဟာ စစ်တပ်အတွက် လက်နက်ခဲယမ်းထုတ်လုပ်ရာမှာ အကန့်သတ်ဖြစ်စေတယ်လို့ CDM ဗိုလ်ကြီးတွေက သုံးသပ်ပါတယ်။
” ၁၆ ကနေ အဓိက ၅ ကို မပံ့ပို့နိုင်တော့ဘူးဆိုရင် လက်နက်ကလွှဲရင် ကျန်တဲ့ ခဲယမ်းမှန်သမျှကတော့ ယမ်းမပါဘဲလုပ်ရတဲ့ ဟာမျိုးမရှိဘူး။ ၁၆ဆိုရင် ထုတ်လုပ်ရေးကို ရပ်သလောက်နီးပါးဖြစ်ပြီးတော့ စစ်ဆင်ရတဲ့အနေထားမျိုးပေါ့ ။ အဲ့တော့ နောက်ထုတ်မယ့်ခဲယမ်းတွေအတွက်တော့ ကန့်သတ်ချက်တွေဖြစ်လာတဲ့အနေထားမျိုးတော့ တွေ့ရမှာပါ “ လို့ CDM ဗိုလ်ကြီးဇင်ယော်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကပစ စက်ရုံ ၂၅ ရုံရှိပြီး အဲ့ဒီစက်ရုံတွေဟာမကွေးတိုင်း၊ပဲခူးတိုင်း၊ နေပြည်တော် နဲ့ ရန်ကုန်တိုင်း တို့မှာရှိနေတာလည်းဖြစ်ပါတယ်။ပဲခူးတိုင်းမှာတော့ ကပစ စက်ရုံ ၇ ရုံရှိပြီးစက်ရုံအများစုဟာ ပန်းတောင်း မြို့ နယ်မှာရှိတာဖြစ်ပါတယ်။
●နတ်ရေကန် ဗျူဟာအနီးမှာလည်းတိုက်ပွဲပြင်းထန်
ဒါအပြင်ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဝင်ပေါက်လမ်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းအနီးက နတ်ရေကန်ဗျူဟာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
“ နေပြည်တော်နဲ့ မကွေးကတက်တဲ့လေယာဉ်တွေကငဖဲဘက်ကိုဆက်တိုက်ကြဲနေတယ်” လို့မကွေးတိုင်း သရက်ခရိုင်ထဲက တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
စစ်တပ်က နတ်ရေကန်ဗျူဟာအနီး ပဇီရွာအနီးမှာ တပ်စွဲထားပြီး ဗျူဟာထဲကို အင်အားတွေပို့ဆောင်ဖို့ ကြိုးစားနေတာပါ။ နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ ၂မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာလည်း ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ရေးဆက်လက် တင်းမာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့၂၀၂၅ စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလမှာ စစ်ကောင်စီ ပြန်လည်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူခဲပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားရတာပါ။
နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်တပ်ကမူလရှိနေတဲ့ စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေအပြင် တပ်မ(၈၈)ကိုပါ အသုံးပြုပြီး ခုခံနေပါတယ်။
နတ်ရေကန်ဗျူဟာကို ခုခံတဲ့ တိုက်ပွဲမှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့စစ်သင်တန်းဆင်း တွေကိုလည်း ပို့ဆောင်ထားပြီး ရှေ့တန်းကနေထွက်ပြေးတာတွေ၊ လက်နက်ချအလင်းဝင် တာတွေရှိနေပါတယ်။လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၃၀၀ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
AAနဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့ လေးမျက်နှာမြို့နယ်နဲ့သာပေါင်းမြို့နယ်တွေမှာလည်း စစ်ရေးတင်းမာနေပါတယ်။ ရခိုင်ပြည်နယ်ထဲက စစ်တွေနဲ့ကျောက်ဖြူမြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ ဒေသခံသတင်းဌာနတွေကဖော်ပြပါတယ်။
















































