မတ်-၂၄၊၂၀၂၆၊ရှိန်း/ People’s Spring
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ယောကာကွယ်ရေးတပ်(YDF)တပ်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာ ၆စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ YDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့နဲ့ ထီးလင်းမြို့ကြားမှာရှိတဲ့ YDFတပ်စခန်းကို စစ်တပ်က မတ်လ၂၄ရက် နေ့လည် ၁၂နာရီ ၄၀မိနစ်မှာ ဂျက်ဖိုက်တာ ၄စီးနဲ့ ပေါင်၅၀၀ဗုံး တွေ ဆက်တိုက် ကြဲချခဲ့တယ်လို့ သိရပါတယ်။
“ အဓိကက ပေါင်၅၀၀ဗုံး တွေပါတယ်။၂၅၀ဗုံး တွေပါတယ်။ရော့ကတ် တွေနဲ့ပစ်သွားတယ်။ပြီးတော့ ဒီတပ်စခန်းဧရိယာ ပတ်ချာလည် ပေါ့လေ။ကျွန်တော်တို့ ရဲဘော်တွေ နေနိုင်မယ့် နေရာ တွေအားလုံးကို တောက်လျှာက် Air Strike လုပ်သွားတာပါ။တနေရာထဲကိုဆိုတာထက် တပ်စခန်းဝဲယာအကုန် ပေါ့။ ပြောချင်တာကတော့ လုံးဝအပြတ်ဖြုတ်တဲ့ အနေအထားလုပ်သွားတာဖြစ်ပါတယ်” လို့ YDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဇွဲမာန်က ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်ခံရမှု ၁နာရီ ဝန်းကျင်ကြာခဲ့ပြီးနောက် ရဲဘော်တွေနယ်မြေရှင်းလင်းရေးလုပ်နိုင်မယ့်အချိန် နေ့လည် ၂နာရီ၄၅မိနစ်ဝန်းကျင်မှာ နောက်ထပ်ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ ဂျက်က ဇောက်ထိုးဆင်းပြီးတည်ပစ်သွားတဲ့ အခြေအနေအထိရှိခဲ့တယ်” လို့ ကိုဇွဲမာန်က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရဲဘော်တွေ အထိခိုက်မရှိဘဲ အဆောက်အဦးနဲ့ ပစ္စည်းဆုံးရှုံး မှု အခြေအနေကတော့ စိစစ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၆အတွင်း YDF တပ်စခန်းသုံးနေရာ လေကြောင်းတိုက်ခိုက်ခံထားရပြီး လေကြောင်းတိုက်ခိုက်မှုတိုင်းမှာ ဂျက်ဖိုက်တာ အနည်းဆုံး ၃စီးအထက် အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။




















































