အမေရိကန်ဆီက ပေးပို့ထားတဲ့ တောင်းဆိုမှု အချက်အလက်တွေကို ဆန်းစစ် သုံးသပ်နေကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဖက်က အဲဒီ တောင်းဆိုချက်တွေကို ကြားခံ ညှိနှိုင်းပေးသူတွေဆီကနေတဆင့် ပေးပို့ခဲ့တာလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထိပ်ပိုင်း အရာရှိတစ်ဦးက မတ်လ ၂၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ကြားလူဆီကနေတဆင့် ရောက်လာတဲ့ အမေရိကန်ရဲ့ အဆိုပြုချက်တွေကို အီရန်က ဆန်းစစ်ကြည့်နေတယ်လို့ အဲဒီ အရာရှိက CBS သတင်းဌာနဆီ ပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
မတ်လ ၂၃ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ဖြစ်နေတဲ့ အမေရိကန်နဲ့ အီရန်ဟာ ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အီရန်ရဲ့ စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်မယ့် အမေရိကန်ရဲ့ အစီအစဉ်တွေကို ၅ ရက်ကြာ ရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကတော့ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးမှုမျိုး လုံးဝမရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်က အီရန်ဟာ ငြိမ်းချမ်းရေးအတွက် အခွင့်အရေးကောင်းတစ်ခု ထပ်ရလာတဲ့အခါ အမိအရ ဆုပ်ကိုင်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောကြားထားပါတယ်။ နှစ်ဖက်စလုံးက သဘောတူညီမှုတစ်ခု ထွက်ပေါ်လာမှာကို လိုလားကြပြီး အီရန်ကလည်း နျူကလီးယား သန့်စင်မှုတွေကို လုံးဝ စွန့်လွှတ်ဖို့ထိ လက်ခံလာနိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။

Public Service Announcement
ဆွေးနွေးမှုတွေကို သူ့ဖက်က စခဲ့တာ မဟုတ်ဘဲ အီရန်ဖက်က စခဲ့ကြောင်း၊ အီရန်က သဘောတူညီမှု တစ်ခု ရချင်နေပြီး အမေရိကန်ဖက်ကလည်း ဒီကိစ္စကို လိုလိုလားလားရှိကြောင်း ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
နိုင်ငံရေး အကဲခတ်တွေကတော့ အမေရိကန်နဲ့ အီရန်တို့ဟာ သီတင်းသုံးပတ်ကျော်ကြာ စစ်ခင်းတိုက်ခိုက်နေရာကနေ နှစ်ဖက် ထိတွေ့ပြောဆိုမှုတွေ ရှိလာတဲ့ အခြေအနေ အပြောင်းအလဲအပေါ် သတိကြီးကြီးနဲ့ ဆန်းစစ်သင့်ကြောင်း ထောက်ပြထားပါတယ်။ ဒါဟာ စစ်ပွဲရပ်စဲရေးအတွက် ဦးတည်မှုတစ်ခု ဆိုတာထက် စစ်ပွဲကြောင့် ဖြစ်လာတဲ့ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုတွေ၊ စိုးရိမ်မှုတွေကို ပြေလျော့စေဖို့ အားထုတ်မှုမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
နောက်ပြီး အမေရိကန် အစိုးရဟာ အီရန်ရဲ့ ဘယ်အရာရှိနဲ့ ဆွေးနွေးခဲ့သလဲ ဆိုတာကလည်း အခုထိ ကွဲကွဲပြားပြား မသိရသေးပါဘူး။ မတ်လ ၂၃ ရက်နေ့တုန်းက အီရန် အစိုးရ အရာရှိ တစ်ဦးက အမေရိကန်ဟာ အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်နဲ့ တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ပြီး အီရန်က အကြောင်းမပြန်ရသေးကြောင်း Reuters သတင်းဌာနဆီ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ထရမ့်ကတော့ သူဟာ အီရန်ရဲ့ ထိပ်ပိုင်းက ပုဂ္ဂိုလ်တစ်ယောက်နဲ့ စကားပြောပြီးပြီလို့ ဆိုပါတယ်။ အီရန်မှာတော့ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်း တိုက်ခိုက်မှုတွေအတွင်း စစ်ဘက်နဲ့ အရပ်ဖက် ထိပ်ပိုင်း အရာရှိကြီးတွေ အများအပြားက သေဆုံးခဲ့ပြီးပါပြီ။
Politico သတင်းဌာနကတော့ ထရမ့်ရဲ့ အစိုးရဟာ ဂါလီဘတ်ဖ်ကို ညှိနှိုင်းမှုတွေအတွက် အသင့်တော်ဆုံး ရွေးချယ်သင့်တဲ့ ပုဂ္ဂိုလ်ဖြစ်သလို အနာဂတ် အီရန်နိုင်ငံ ခေါင်းဆောင်လည်း ဖြစ်လာနိုင်တယ်လို့ပါ ယူဆနေကြောင်း ဖော်ပြခဲ့ပါတယ်။ အိမ်ဖြူတော်ဟာ အီရန်ရဲ့ အနာဂတ်အတွက် ဘယ်သူနဲ့ ညှိမလဲဆိုတာ အတိအကျ မဆုံးဖြတ်သေးပေမယ့် ဂါလီဘတ်ဖ်ကတော့ အလားအလာ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ရှိနေကြောင်း အမေရိကန် အစိုးရ ထိပ်ပိုင်းက အမည်မဖော်လိုသူ အရာရှိ နှစ်ဦးက Politicoဆီကို ပြောကြားခဲ့ပါတယ်။
ကိုးကား: CBS, Reuters, Politico




















































