သော်မွန်/People’s Spring
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး စွန့်လွှတ်တော့မယ့် အရိပ်လက္ခဏာတွေကို ထုတ်ဖော်ပြသလာပါတယ်။
လွန်ခဲ့တဲ့ ၅နှစ် စစ်အာဏာသိမ်းမှုကာလမှာပဲ အရပ်သားပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ အသိုက်အမြုံတွေကို ဖျက်ဆီးခဲ့တဲ့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားသူအဖြစ် သတ်မှတ်ခံရတဲ့ မင်းအောင်လှိုင်ဟာ မကြာမီကာလအတွင်း တပ်ချုပ်ရာထူးထက် မြင့်တဲ့ နိုင်ငံတော်သမ္မတနေရာကို တက်လှမ်းဖို့ ပြင်ဆင်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ CDM တပ်မတော်သားတချို့က သုံးသပ်ကြပါတယ်။
မင်းအောင်လှိုင်ဟာ သူတပ်ချုပ်တာဝန်ယူခဲ့တဲ့ ၁၅နှစ်(၂၀၁၁-၂၀၂၅)တာ ဆောင်ရွက်ခဲ့မှုအခြေအနေတွေကို မတ်လ ၁၃ ရက်က နေပြည်တော် စစ်ရုံးမှာ ‘ပြန်လည်သုံးသပ် ဆွေးနွေးမှာကြားခြင်း’ ပြုလုပ်ခဲ့ပါတယ်။ အဲဒါက အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မကြာခင် လက်ရှိရာထူးကို စွန့်ပြီး ဒီထက်မြင့်တဲ့ ရာထူးကို ယူတော့မှာမို့ နှုတ်ဆက်မိန့်ခွန်း(Farewell Speech)ပေးတာလို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။

Public Service Announcement
အခုလိုမျိုး စစ်ရုံးချုပ်က အရာရှိကြီးတွေ၊ အရာရှိတွေ အပါအဝင် တိုင်းစစ်ဌာနချုပ်အသီးသီး၊ တပ်ရင်းတပ်ဖွဲ့ဌာနချုပ်က တပ်မှူးတွေ အားလုံးကို ဖိတ်ကြားပြီး သြဝါဒခံယူပွဲ၊ ပြုလုပ်တဲ့အခင်းအကျင်းတွေအရ မင်းအောင်လှိုင် တပ်က အနားယူတော့မှာမို့ နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံး သြဝါဒခြွေတာလို့ CDM တပ်မတော်အရာရှိဟောင်း၊ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI)က ကိုနောင်ရိုးက ပြောပါတယ်။ CDM ဗိုလ်ကြီး ကိုညီသုတကလည်း “နှစ်အပိုင်းအခြားကို ခေါင်းစဥ်တပ်ပြီး ပြောတာက နည်းနည်းတော့ ထူးခြားတယ်၊တနည်းအားဖြင့် အငြိမ်းစားယူတော့မယ့် အရိပ်အမြွက်မျိုး၊ လက္ခဏာမျိုး အသွင်ဆောင်တယ်ပေါ့”လို့ ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုကျော် စစ်တပ် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ နိုင်ငံတော်အကြီးအကဲဖြစ်သလို နိုင်ငံတဝန်းမှာ နိုင်ငံသားအားလုံးရဲ့အထွဋ်အထိပ်နေရာမှာ ရှိတယ်လို့ ဖော်ပြပါတယ်။ စစ်ခေါင်းဆောင်ကိုယ်တိုင်လည်း ၂၀၂၀ နှစ်ကုန်ပိုင်းက သူ့မှာ နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံတွေရှိပြီး သူ့အတွေ့အကြုံတွေကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မင်းအောင်လှိုင်ဟာ သမ္မတရူး ရူးနေပြီလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ခဲ့ပါတယ်။ နောက်ထပ် လပိုင်းအကြာမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းခဲ့ပါတယ်။
ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ သူလွှဲခဲ့မယ့် တပ်ချုပ်က အာဏာထပ်သိမ်းမယ့်အရေးကိုလည်း ထည့်သွင်းစဥ်းစားနေလိမ့်မယ်လို့ CDM တပ်မတော်သားတွေက ပြောပါတယ်။ မင်းအောင်လှိုင်ဟာ သိပ်မကြာခင် နှစ်အပိုင်းအခြားကပဲ သူကိုယ်တိုင်ကျူးလွန်ခဲ့တဲ့အရာကို သူပြန် အကျူးလွန်ခံရမှာကို သေချာပေါက် စိုးရိမ်နေလိမ့်မယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။ အဲဒီကြောင့်လည်း မင်းအောင်လှိုင် လက်ရှိတပ်ချုပ်ရာထူး စွန့်လွှတ်မယ်ဆိုရင် သူ စိတ်ချယုံကြည်ရသူကိုသာ တပ်ချုပ်လွှဲပြောင်းပေးလိမ့်မယ်လို့ စစ်တပ်ထဲမှာ ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူတွေက သုံးသပ်ပါတယ်။
“စိုးရိမ်မှု ရှိတာပေါ့။ သူကိုယ်တိုင် ဒီရာထူးမှာ နေခဲ့တုန်းက သမ္မတတွေကို ကလန်ကဆန်လုပ်ခဲ့တာဆိုတော့ သူကိုယ်တိုင် စိုးရိမ်မှု ရှိတာပေါ့”လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။ စစ်တပ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ကိုနောင်ရိုးကလည်း တပ်အာဏာကိုင်ထားသူရဲ့ သြဇာနဲ့ အာဏာက ကြီးကြီးမားမားရှိတာ မင်းအောင်လှိုင် ကောင်းကောင်းသိတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါကြောင့် သမ္မတဖြစ်ချင်လွန်းတဲ့ မင်းအောင်လှိုင်ဟာ သူ့အနီးနားကို အရင့်အရင် တပ်ချုပ်တွေကို လက်အောက်ငယ်သားဖြစ်ရုံနဲ့ ခေါ်ထားတာမျိုး မလုပ်ဘဲ သူ့ရဲ့ တပ်ရင်းမှူးဘဝ၊ တပ်မမှူးဘ၀၊ ကျောင်းအုပ်ကြီးဘဝ၊ တိုင်းမှူးဘဝတွေမှာ အတူတူ ကြုံဆုံခဲ့ဖူးသူတွေကိုပဲ ထိပ်ပိုင်းရာထူးတွေ ပေးထားတာလို့ ကိုနောင်ရိုးက ပြောပါတယ်။
CDM ဗိုလ်ကြီးကိုညီသုတကတော့ လက်ရှိအချိန်အထိ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တပ်ချုပ်ရာထူးစွန့်မယ်ဆိုတာ ယတိပြတ်ပြောလို့ မရသေးဘူးလို့ သုံးသပ်ပါတယ်။ စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အပြီးမှာပဲ ပြဌာန်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေအရ မင်းအောင်လှိုင်ဟာ အဲဒီကောင်စီဥက္ကဋ္ဌနေရာကိုလည်း ရယူနိုင်ဖွယ်ရှိပြီး မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ရခက်နေပုံပေါ်တယ်လို့ ကိုညီသုတက ဆိုပါတယ်။ “လက်ရှိအထိက တိတိကျကျ မှန်းဆဖို့ ခက်ပါသေးတယ်။ စစ်တပ်က သူ့လက်အောက်မှာ မရှိတော့ဘူးလို့ ယူဆတယ်ဆိုရင် သူ တပ်ချုပ်နေရာကနေ စွန့်ဖို့ရာလည်း အလားအလာမရှိပါဘူး။ (သူ့စွန့်မယ့်အချိန်ကို) နောက်ဆုတ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
နေပြည်တော်စစ်ရုံးနဲ့ နီးစပ်သူတချို့ကတော့ စစ်ခေါင်းဆောင်ဟာ မကြာခင်ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့မှာ နိုင်ငံတော်သမ္မတအဖြစ်နဲ့ ဦးဆောင်မယ်လို့ အခိုင်အမာယုံကြည်ကြပါတယ်။ သမ္မတနေရာ ရယူဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်က လပေါင်းများစွာ စီမံကိန်းချလုပ်ဆောင်ခဲ့ပြီး ဒီလပိုင်းတွေမှာ ရုပ်လုံးပေါ်နေပြီလို့ နေပြည်တော်ရင်းမြစ်တွေက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးကို လက်ရှိ ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကို ပေးအပ်မယ်လို့ နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မင်းအောင်လှိုင်နဲ့ အသက် ၁၆ နှစ်လောက်ကွာတဲ့ ကျော်စွာလင်းဟာ ညှိကွပ်ဖြစ်လာချိန်မှာ တပ်ချုပ်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ မတ်လထဲမှာပဲ မင်းအောင်လှိုင်က သူ့အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ခန့်အပ်လိုက်ချိန်မှာ တပ်ချုပ်ဖြစ်လာမယ့်သူအဖြစ် ပြောင်းလဲ ထင်ကြေးပေးခံရပါတယ်။
မင်းအောင်လှိုင်အလွန် တပ်ချုပ် ဘယ်သူပဲဖြစ်လာသည်ဖြစ်စေ သေချာတာကတော့ အဲဒီတပ်ချုပ်ရဲ့အပေါ်ကနေ စီမံကွပ်ကဲနိုင်တဲ့ နေရာမှာ မင်းအောင်လှိုင် ရှိလိမ့်မယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူစိတ်ချရအောင် ၊ နောက်ကျောလုံအောင် ပြင်ဆင်မှုတွေ လုပ်ပြီးမှ တပ်ချုပ်ရာထူးကို စွန့်တာ”လို့ တပ်မတော်အရာရှိကြီးဟောင်းတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က သွားတဲ့ သမ္မတနဲ့ တပ်ချုပ်တို့ ဆက်ဆံရေးကောင်းမွန်တာကို ဦးသိန်းစိန် သမ္မတသက်တမ်းကာလ(၂၀၁၁-၁၆)မှာ မြင်တွေ့ခဲ့ရပါတယ်။ “ဦးသိန်းစိန်က မင်းအောင်လှိုင်အပေါ် ပုဂ္ဂိုလ်ရေး သြဇာရှိခဲ့သလို ၊ မင်းအောင်လှိုင် သမ္မတရာထူးယူသွားရင်လည်း သူ့တပည့်တွေအပေါ် အချိန်အတိုင်းအတာတစ်ခုအထိ ရှိလိမ့်မယ်။ စစ်တပ်အပေါ် လွှမ်းမိုးခြယ်လှယ်မှုကတော့ အချိန်တစ်ခုရောက်တဲ့အခါ လျော့ကျသွားကောင်းသွားနိုင်ပါတယ်”လို့ CDM ဗိုလ်မှူး ကိုနောင်ရိုးက မှတ်ချက်ပြုပါတယ်။
ဦးသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့အကြား ကြီးမားတဲ့ ကွာခြားချက်တွေကတော့ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်ကို စစ်အာဏာရှင်ဟောင်းသန်းရွှေက ရွေးချယ်တာဝန်ပေးခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ကတော့ သူ့ကိုယ်သူ ပြန်ပေးမယ့် သဘောဖြစ်ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမှုအပါအဝင် သူ့လက်ထက်မှာ ဆိုးကျိုးတွေ အမြောက်အမြား ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ၊ ပဋိပက္ခ မြင့်တက်လာမှုတွေ အများကြီး ဆိုးဆိုးရွားရွား ရှိခဲ့ကြောင်းနဲ့ နောက်ကျောမလုံတဲ့ ပြဿနာက ရှေ့က စစ်ခေါင်းဆောင်တွေနဲ့ စာရင် သူက ပိုပြီး အခက်အခဲဆုံးအနေအထားလို့ ပြောလို့ ရကြောင်း ကိုနောင်ရိုးက ပြောပါတယ်။
ဒါပေမဲ့ လက်ရှိစစ်တပ်မှာ မင်းအောင်လှိုင်နဲ့ ရာထူးကြီးကြီးယူထားသူတွေဟာ တော်တော်လိုင်းတူတဲ့သူတွေဖြစ်ပြီး စစ်တပ်ရဲ့အင်စတီးကျူးရှင်းသဘောထားက ပြောင်းသွားမရှိဘူးလို့ CDM ဗိုလ်ကြီး ကိုညီသုတက သုံးသပ်ပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်တွေဟာ ပြည်သူလူထုကို ဂရုမစိုက်တာချင်း၊ စစ်တပ်အာဏာရှိမှ ဖြစ်မယ် တနည်းအားဖြင့် စစ်တပ်က နိုင်ငံကို ထိန်းချုပ်ထားဖို့ လိုမယ်ဆိုတဲ့ အတွေးအခေါ်ချင်းတွေ တူညီကြတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပြည်သူအပေါ် ရက်စက်ဖို့ ဝန်မလေးဘူးဆိုတဲ့သူတွေကို ထိပ်ပိုင်းမှာ မင်းအောင်လှိုင် ဆွဲခန့်ထားတယ်လို့ ကိုညီသုတက ပြောပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူတပ်ချုပ်တာဝန်ယူစဥ် ၁၅ နှစ်အတွင်း ခေတ်မီတပ်မတော်(Standard Army)ဖြစ်စေရေး ဆောင်ရွက်ခဲ့ကြောင်း မတ်လ ၁၃ရက် သြဝါဒခြွေရာမှာ စီကာပတ်ကုံး ပြောခဲ့ပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်နေတဲ့ မင်းအောင်လှိုင်ရဲ့ အဲဒီပြောဆိုချက်တွေဟာ လက်တွေ့နဲ့ ပြောင်းပြန်အခြေအနေဖြစ်တယ်လို့ တပ်မတော်သားဟောင်းတွေက ပြောပါတယ်။
မင်းအောင်လှိုင်လက်ထက်မှာ တပ်မတော်ဟာ တပ်ပျက်အဖြစ်တဖြည်းဖြည်း ရွေ့လျားခဲ့ပြီး တပ်မတော်နဲ့ ပြည်သူ ရန်ဘက်ဖြစ်သွားတယ် ကိုနောင်ရိုးက ဆိုပါတယ်။ “ဒီကနေ့ ပြန်ကြည့်ကြည့်ရင် တိုင်းပြည်အနေအထားက ဘယ်အခြေအနေဆိုက်သွားလဲ၊ စစ်တပ် ဘယ်အခြေအနေဆိုက်သွားလဲ။ တိုင်းစစ်ဌာနချုပ်တွေ၊ စစ်အရာရှိကြီးတွေ၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာ ရဲဘော်တွေဆို ပြောမနေနဲ့၊ မျက်ရည်ကျနေတဲ့ တပ်မတော်သားတွေ အမြောက်အမြားရှိတယ်။ ကျွန်တော်တို့ တခါမှ မကြုံဖူးတဲ့ အနေအထားမျိုးတွေ”လို့ ကိုနောင်ရိုးက ပြောပါတယ်။
စစ်တပ်အနေနဲ့ ကြည့်ရင် အထူးသဖြင့် နိုင်ငံတနိုင်ရဲ့ တပ်မတော်အနေနဲ့ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်ဟာ ညံ့ဖျင်းတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ကိုညီသုတကလည်း ပြောပါတယ်။
သောင်းနဲ့ချီတဲ့ စစ်သည်တွေ၊ အဲဒီစစ်သည်တွေနောက်က သိန်းနဲ့ချီတဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ အများကြီးဖြစ်နေပြီး အရာရှိကြီးတွေအပါအဝင် စစ်သည်တွေအများကြီး ဖမ်းဆီးခံရလည်း သူတို့ကို ကယ်မထုတ်နိုင်သလို ကယ်ထုတ်ဖို့လည်း မင်းအောင်လှိုင်က အာရုံမရှိဘူးလို့ ကိုညီသုတက ဆက်ပြောပါတယ်။
“တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျအောင် လုပ်နိုင်တဲ့ ခေါင်းဆောင်၊ ဦးဆောင်သူတစ်ဦးအနေနဲ့ပဲ နိုင်ငံ့သမိုင်းမှာ ရေးထိုးခံရပါတယ်”လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင်အနေနဲ့ တပ်ချုပ်မျက်နှာဖုံးကနေ သမ္မတ မျက်နှာဖုံးတပ်လည်း ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေ ၊ ပြည်သူတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကတော့ ဘယ်လိုမှ မပျောက်ပျက်နိုင်တော့ပါဘူး ။ဗိုလ်ချုပ်နေဝင် ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တုန်းကကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အရေးယူမခံခဲ့ရသလို ၊ပြည်သူတွေအတွက်တရားမျှတမှု ပြန်မရှာနိုင်ခဲ့ပါဘူး ။
ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာ
သိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့နွေဦးတော်လှန်ရေးက ဘယ်တုန်းကမှ မရောက်ဖူးတဲ့အဆင့်ကိုရောက်ရှိနေသလို ၊စစ်တပ်ကိုအနားမပေးပဲ တော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေကလည်း အခိုင်အမာရှိနေဆဲဖြစ်ပါတယ်။ အခုချိန်ထိ တော်လှန်ရေးတပ်တွေက နိုင်ငံတစ်ဝန်းမြို့ပေါင်း
၈၀ ခန့်ကိုသိမ်းပိုက်ထိန်းချုပ်ထားသလို ၊ဒေသအများအပြားမှာ စစ်တပ်ကို အင်အားကောင်းကောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေကြပါတယ်။တော်လှန်ရေးတပ်တွေအားလုံးနီးပါးကတော့ မင်းအောင်လှိုင်ကို အရေးယူပြီး နစ်နာခဲ့တဲ့ပြည်သူတွေအတွက် တရားမျှတမှုပြန်ရှာနိုင်ဖို့ စိတ်ဆန္ဒပြင်းပြနေကြတဲ့ အခြေအနေဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်
လှိုင်ဟာ ပြီးခဲ့တဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အရေးမှာရော ၊ အခုလက်ရှိအချိန်အထိ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC(နိုင်ငံတကာရာဇဝတ်ခုံရုံး)ကနေ ဖမ်းဝရမ်းထုတ်ဖို့ အတင်ခံထားရသူဖြစ်သလို အာဂျင်တီးနားခုံရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့သူဖြစ်တာကြောင့် ဒီလိုမျိုး စစ်ရာဇဝတ်သားတစ်ယောက်ကို သမ္မတရာထူး ပေးနိုင်တဲ့ အဆင့်အထိ ဖြစ်လာတာက စစ်တပ် အင်စတီကျူးရှင်းရဲ့ ကျရှုံးမှုကို တွေ့မြင်ရတယ်လို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မသဥ္ဇာရွှန်းလဲ့ရည်က မှတ်ချက်ပြုပါတယ်။
“စစ်တပ်က အထူးသဖြင့် တပ်မတော်က အင်စတီးကျူးရှင်းအနေနဲ့ သူ့ကို မဖယ်ရှားနိုင်ဘူး။ သမ္မတရာထူးပါ ဆက်ပေးရတာကို ကြည့်ရင် ဒီအင်စတီကျူးရှင်းရဲ့ကျရှုံးမှုကို သွားမြင်ရတယ်။ ဒီအင်စတီကျူးရှင်းထဲမှာ ရှိနေတဲ့ ဗိုလ်ချုပ်တွေ၊ နောက် တာဝန်ရှိသူတွေအမှားကိုသိသိရက်နဲ့သူရဲဘော
ကြောင်စွာ ဒါကို ဆက်ပြီးတော့ နေရာပေးတာကို သွားမြင်ရတယ်”လို့ မသဥ္ဇာရွှန်းလဲ့ရည်က ဆက်ပြောပါတယ်။
မင်းအောင်လှိုင်ဟာ ကာချုပ်ဆိုတဲ့ ရာထူးကနေ အာဏာသိမ်းခဲ့ပြီးရွေးကောက်အတုလုပ်ကာ သမ္မတရာထူးနဲ့ ကျူးလွန်ခဲ့တာတွေကို ‘နိုင်ငံတော်တာဝန်အရ လုပ်ဆောင်ချက်’ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ဖို့၊ ဥပဒေကြောင်းအရ လူ
သတ်မှုတွေကို အကာအကွယ်ယူဖို့ သမ္မတဆိုတဲ့ နေရာကို ကြိုးစားတာလို့ပဲ ရှုမြင်ကြောင်း အညာမြေတပ်ပေါင်းစုမှ ကိုဘိုဘိုသန့်စင်က မှတ်ချက်ပြုပါတယ်။ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးကနေ အနားယူပြပြီး၊ အရပ်သားအသွင်ပြောင်း သမ္မတလုပ်ဖို့ ကြိုးစားတာက နိုင်ငံတကာနဲ့ ပြည်တွင်းမှာ တရားဝင်မှု(Legitimacy)ရဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒါဟာ အရေခွံလဲရုံသက်သက်ပဲလို့ အညာမြေတပ်ပေါင်းစုက ရှုမြင်ကြောင်းလည်း ပြောပါတယ်။
“အားလုံးသိတဲ့ အတိုင်းစစ်အာဏာသိမ်းပြီးနောက်
ပိုင်း ကျနော်တို့ အညာဒေသအပါအဝင် တစ်နိုင်ငံလုံးမှာ ကြုံတွေ့ခဲ့ရတဲ့ ဗုံးကြဲမှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ မင်းအောင်လှိုင်ရဲ့ အဓိက ဆုံးဖြတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ သမိုင်းအမည်းစက်တွေပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်တစ်ဦးအနေနဲ့ “ ငါ့တပ်၊ ငါ့အမိန့်” လို့ ဆိုခဲ့ပေမဲ့ အမှားအယွင်းတွေနဲ့ ပြည်သူ့နာကျင်မှုတွေအတွက် တာဝန်ခံရမယ့်အချိန်မှာ ရာထူးပြောင်းလဲပြီး ရှောင်လွှဲဖို့ ကြိုးစားတာဟာ လူကောင်းတယောက်၊စစ်သားကောင်းတယောက်ရဲ့ ရဲ့ စိတ်ဓာတ် မဟုတ်ကြောင်း သူက သုံးသပ်ပါတယ်။
“ပြည်သူတွေအတွက်ကတော့ ရာထူးပြောင်းသွားရုံ နဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဒီကျူးလွန်မှုတွေအတွက် သေသေချာချာကို တိတိကျကျ ပြန်ပေးဆပ်ရမှာပါ”လို့ ကိုဘိုဘိုသန့်စင်က ပြောပါတယ်။ ။






















































