close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ရေနဲ့လည်းပက်လို့၊ ကြိုးတွေလည်းတားလို့

မနက်က ထုံးစံအတိုင်း မျက်စိနှစ်လုံးပွင့်လို့ Tiktok ဖွင့်ကြည့်ချိန် အံ့အားသင့်စရာ ဗွီဒီယိုတစ်ပုဒ်တွေ့ပါတယ်။ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း BOC ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါတဲ့။ ဒီကာလထုံးစံအတိုင်း စက်သုံးဆီတွေ တန်းစီရပါတယ်။ BOC ဆီဆိုင်မှာလည်း ဆိုင်ကယ်တွေ တန်းစီကြတယ်။ အဲဒီလိုတန်းစီတဲ့အခါ ဆိုင်ကယ်တွေဟာ တိုက်ကြီးတာကြီးတွေ ဝင်းခြံကျယ်ကြီးတွေရှိတဲ့ ၃၇ လမ်းထဲပါ ဆင်းစီရတော့တယ်။

ဆိုင်ကယ်တန်းစီသူတွေ သူ့ခြံရှေ့မထိုင်အောင် ကြိုးတန်းထားစဥ်။ ။ဓာတ်ပုံ-File Video

Scorpio/People’s Spring

မနက်က ထုံးစံအတိုင်း မျက်စိနှစ်လုံးပွင့်လို့ Tiktok ဖွင့်ကြည့်ချိန် အံ့အားသင့်စရာ ဗွီဒီယိုတစ်ပုဒ်တွေ့ပါတယ်။ မန္တလေးမြို့၊ အရှေ့မြို့ပတ်လမ်း BOC ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာပါတဲ့။ ဒီကာလထုံးစံအတိုင်း စက်သုံးဆီတွေ တန်းစီရပါတယ်။ BOC ဆီဆိုင်မှာလည်း ဆိုင်ကယ်တွေ တန်းစီကြတယ်။ အဲဒီလိုတန်းစီတဲ့အခါ ဆိုင်ကယ်တွေဟာ တိုက်ကြီးတာကြီးတွေ ဝင်းခြံကျယ်ကြီးတွေရှိတဲ့ ၃၇ လမ်းထဲပါ ဆင်းစီရတော့တယ်။

မန္တလေးရဲ့ မတ်လကုန်ပိုင်းရာသီဥတု တော်တော်ကိုပူပါတယ်။ဆိုင်ကယ်တွေဟာ ၃၇ လမ်းကြားထဲ တန်းစီကြတဲ့အခါ သစ်ပင်အရိပ်ကောင်းတဲ့နေရာတစ်ခုတွေ့တော့ ဝင်နားကြတာပေါ့။ ပူတာကိုး။ အဲဒီမှာ ခြံရှင်က ထွက်ပြီးပြောပါတော့တယ်။သူ့အပင်တွေပျက်စီးမှာစိုးလို့တဲ့။ဝင်မထိုင်ကြပါနဲ့တဲ့။

ခြံရှင်ဟာသစ်ပင်တွေ အလှပျက်မှာစိုးလို့ဆိုပြီး သူ့ခြံရှေ့ပလက်ဖောင်းကိုမဝင်နဲ့ဆိုတဲ့သဘောနဲ့ ကြိုးတားလိုက်ပါတယ်။ တားရုံတင်မကပါဘူး။ သူ့ခြံရှေ့လူတွေထိုင်မှာစိုးလို့ဆိုပြီးရေတွေပါဖြန်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေရာမှာ ဆိုင်ကယ်တွေရဲ့ စက်သုံးဆီဝယ်ယူရတဲ့အနေအထား ပြောပါရစေ။ ဆိုင်ကယ်တွေဟာ အခုဆိုရင် တစ်ပတ်ကို လေးလီတာနှစ်​ကြိမ်ပဲ ဝယ်ယူခွင့်ရပါတော့တယ်။ အများစုက တရုတ်ဘီးတွေပါ။ တရုတ်ဘီးတွေဟာ နှစ်လီတာသာသာပဲဆန့်ပါတယ်။အဲဒီနှစ်လီတာရဖို့ ဆိုင်ကယ်သမားလေးတွေဟာ နေပူကြီးထဲ နေကုန်အောင်တန်းစီကြရပါတယ်။

ဆိုင်ကယ်သမားတွေထဲ ဝယ်ရောင်းသမား မပါဘူးလားလို့ ခြံကြီးရှင်က မေးနိုင်ပါတယ်။ ဟုတ်ပြီ။ မိတ်ဆွေ တစ်ခုပဲစဥ်းစာကြည့်။ တစ်လီတာ ၄၅၀၀ ကျပ်ဝန်းကျင်ထုတ်စျေး။ ပြန်ရောင်းတော့ တစ်သောင်းနှစ်ထောင်။ တစ်လီတာ ၇၅၀၀ မြတ်ပါတယ်။ နှစ်လီတာဆိုတစ်သောင်းခွဲ။ မိတ်ဆွေ ငွေတစ်သောင်းခွဲပေးမယ် နေပူထဲတစ်နေကုန်သွားရပ်ဆို ရပ်နိုင်ပါသလား။ သူ့ခွဲတမ်းရတဲ့ဆီ သူဘာသာရောင်းချင်တဲ့စျေးရောင်းမှာပေါ့။

အခုဆို လိုင်စင်မဲ့ဆိုင်ကယ်တွေ ဆီဆိုင်တွေမှာ ဝယ်ယူခွင့် မရှိတော့ပါဘူး။ အပြင်ကနေ တစ်လီတာဘူးတစ်သောင်းနှစ်ထောင်နဲ့ ပေးဝယ်သုံးနေရပါတယ်။ပန်းရံလေးတွေ၊ဆေးသုတ်လေးတွေ၊ နေ့စားအလုပ်သမားလေးတွေ ဒုက္ခတွေရောက်လိုက်ကြတာ။

ခြံကြီးရှင်ကို ပြောချင်တာက မိတ်ဆွေရဲ့တိုက်နဲ့ခြံကို ဆိုင်ကယ်သမားတွေထဲကပန်းရံတွေလက်သမားတွေနဲ့ တည်ဆောက်ခဲ့တာပါ။ မိတ်ဆွေစားနေတဲ့ဆန်ကို ဆိုင်ကယ်သမားတွေထဲကပဲ စိုက်ပျိုးခဲ့ကြတာပါ။ မိတ်ဆွေရဲ့အောက်ခြေလုပ်ငန်းတွေကို ဒီဆိုင်ကယ်သမားလူတန်းစားကပဲ လုပ်ပေးခဲ့ရတာပါ။

အာဏာသိမ်းကာလ ၅ နှစ်ကျော်ခဲ့ပြီ။ ကြားထဲမှာလည်း ငလျင်အပါအဝင် ကပ်ဘေးအမျိုးမျိုးကို စုံနေအောင် ခံနေကြရတယ်။ ပြည်သူတွေခမျာ အာဏာရှင်ပေးတဲ့ဒုက္ခအပြင် အမျိုးစုံသော ဒုက္ခတွေ ရင်ဆိုင်နေကြရတယ်။ ပြီးခဲ့တဲ့နှစ်ကတင် စစ်ကိုင်းငလျင်ဒဏ်ကြောင့်ပြည်သူတွေရဲ့စိတ်ဒဏ်ရာတွေ မကျက်သေးခင်မှာပဲ အခုလိုဒုက္ခတွေက ထပ်ဆင့်ပိနေခဲ့တယ်။

ခြံတစ်ခြံပိုင်တဲ့သူရဲ့လုပ်ရပ်နဲ့တော့ မန္တလေးဟာ ပြောင်းလဲသွားပြီလားလို့တော့ ပြောလို့ဘယ်ရလိမ့်မလဲ။ မန္တလေးမြို့က လမ်းတွေပေါ်မှာ ကားပေါ်မှာ စက်သုံးဆီဘူးလေးတွေတင်ရင်း ဆီပြတ်တဲ့သူတွေကို လိုက်ဝေတဲ့ကားတွေရှိပါတယ်။ ဆီပြတ်လာတဲ့ဆိုင်ကယ်လေးတွေကို ကြိုးနဲ့ဆွဲပေးတာ၊ ခြေနဲ့ကန်ပြီးတွန်းပေးတာတွေလည်း မန္တလေးညနေခင်းတွေမှာ များမှများပါ။

နောက်ပြီး ဆိုင်ကယ်တန်းစီနေတဲ့သူတွေ ကိုယ့်အိမ်ရှေ့ရောက်လာရင် အမောပြေသောက်ဖို့ ရေသန့်ဘူးကြီးတွေချပေးထားတာတွေ၊ ဓာတ်ဆားရည်နဲ့ အချိုရည်ဘူး၊ ရေသန့်ဘူးတွေ လိုက်ဝေနေတာတွေ အများကြီးပါ။

တနေ့ကပဲ မန္တလေးမြို့က အသက် ၆၁ အရွယ် အမျိုးသမီးကြီးတစ်ဦး နေကုန်ဆီတန်းပြီးအပြန် အိမ်အရောက်မူးလဲကျပြီး အသက်ပါ ပါသွားခဲ့ပါတယ်။ဆီနှစ်လီတာအတွက်ပေးလိုက်ရတဲ့အသက်တစ်ချောင်း တန်ပါရဲ့လား။ရန်ကုန်၊ ထားဝယ် အစရှိတဲ့ဒေသတွေမှာလည်း ဆီတန်းရင်း မူးလဲကျတာတွေ၊ အသက်ပျောက်တာတွေ တွေ့လာရပါပြီ။

သစ်ပင်အရိပ်တွန့်တိုသူကိုတွေ့တော့ မန္တလေးမြို့မှာ သစ်ပင်ဒါယကာကြီးကို သတိရမိတယ်။

မန္တလေးမြို့ထဲမှာ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေကို မြင်ဖူးကြမှာပါ။ ကုက္ကို၊ တမာ၊ ထနောင်း၊ မည်စည်၊ ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင်တွေပါ။ အဲဒီဘက် ဖြတ်လိုက်တာနဲ့ အေးမြသွားတာ မန္တလေးသူ မန္တလေးသားတွေ ခံစားဖူးကြမှာပါ။ အဲဒီသစ်ပင်ကြီးတွေကို စိုက်ခဲ့သူက ဦးငွေတဲ့။ ဦးငွေဆိုလို့ သူဌေးသူကြွယ်ကြီးများ မထင်လိုက်ပါနဲ့ဦး။ ရပ်တကာလှည့် ခြေတိုအောင်နင်းရတဲ့ ဆိုက်ကားသမားကြီးပါ။ သူစိုက်ခဲ့လို့ မန္တလေးမြို့ ငစ်ပင်သစ်တောတွေနဲ့ စိမ်းစိုနေခဲ့တာပါ။

ဦးငွေအကြောင်းကိုကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာက “ လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး” ဆောင်းပါးနဲ့ ရေးသားဂုဏ်ပြုခဲ့ဖူးပြီး အဆိုပါဆောင်းပါးပါတဲ့ မန္တလေးသူမန္တလေးများစာအုပ်အမှာထဲမှာ ဒီလိုမှတ်ချက်ပြုခဲ့ဖူးပါတယ်။

“ အလှူဆိုတာ ငွေကြေးဓနရှိကြမှ လုပ်နိုင်တယ်လို့ အများအားဖြင့် ယုံကြည်ကြတယ်လေ။ ဆိုက်ကားသမားကြီး ဦးငွေကတော့ ငွေကြေးမရှိပေမယ့် စေတနာတွေ၊ မေတ္တာတွေ၊ သဒ္ဓါတရားတွေရှိပါတယ်။ ဒါကြောင့် သူက ပူအိုက်တဲ့ မန္တလေးမှာ အေးမြတဲ့ အရိပ်အာဝါသတွေပေးမယ့် သစ်ပင်တွေကိုစိုက်ပြီး လှူခဲ့တယ်။ တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ သတ္တဝါအပေါင်း ဆင်းရဲကြောင်းတဲ့။ ဟစ်တလာတို့ ဘုန်းမီးနေလထွန်းပတော့ ဥရောပတစ်တိုက်လုံး မီးလောင်ပြာကျပြီး လူတွေ အနန္တ သေကျေဒုက္ခရောက်ခဲ့ရတယ်။ လူ့လောကဆိုတာ ဒီလိုပုဂ္ဂိုလ်မျိုး ပေါ်ပေါက်ချင်ရင် ပေါ်ပေါက်လာတာပဲ။ဦးငွေလိုဘယ်လောက်ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ခွန်အားမဲ့မဲ့ မေတ္တာစေတနာကောင်းမွန်ဖြူစင်ရင် လူတွေအများကြီးကို ချမ်းသာသုခရအောင် လုပ်နိုင်တာပဲဆိုပြီး ဒီလိုသူတော်စင်ကြီးအကြောင်းကိုလည်း ရေးသားမော်ကွန်းတင်ခဲ့တာပါလို့ ရေးသားခဲ့ပါတယ်။

ကုသိုလ်ဆိုတာ အလှူမဏ္ဍပ်ကြီးတွေနဲ့ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူမှ အလှူမခေါ်ပါဘူး။ မိမိအိမ်ရှေ့မှာ နေပူဒဏ်ခံနေရတဲ့သူကို အရိပ်လေးတစ်ခု မျှဝေလိုက်တာဟာလည်း ကြီးမားတဲ့ အလှူပါပဲ။

ပြီး​တော့ ကမ္ဘာ့ကပ်​ရော​ဂါကိုဗစ် နဲ့ စစ်တပ်အာဏာသိမ်းလို့ ​ဘေး​ပေါင်းစုံ​နေတဲ့နိုင်ငံမှာ တကယ်ကပြည်သူ​တွေအချင်းချင်းစာနာ နာလည်းပြီး ကူညီကြရမှာပါ။အီရန်စစ်ပွဲဂယက် ကမ္ဘာ့နိုင်ငံအများစု စက်သုံးဆီအခက်​တွေ့​နေကြ​ပေမယ့်မြန်မာနိုင်ငံမှာ​တော့ အာဏာလုစစ်အုပ်စုရဲ့ တလွဲစီမံမှု​တွေ​ကြောင့် ပြည်သူ​တွေဟာ ဆီရဖို့တန်းစီရင် အသက်​ပေး​နေရတဲ့အ​ခြေအ​နေဖြစ်ပါတယ် ။ဒီအ​ခြေအ​နေမှာ ပြည်သူအချင်းချင်း နိုင်ရာ​လေး​တွေ​ဖေးမကူညီကြရမှာပါ ။ အဲလိုမှ မဟုတ်ပဲ တစ်ကိုယ်​​ရေစာ ရေတိုအဆင်​ပြေဖို့တစ်ခုတည်းအတွက်ဆိုရင်​ ​စစ်အာဏာရှင်ကိုတွန်းလှန်​နေတဲ့ နိုင်ငံတစ်ဝန်းက ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကိုအားနားဖို့လိုပါတယ် ။စစ်ကျွန်ဘဝက လွတ်​မြောက်ဖို့ လူငယ်​တွေက အသက်​ပေးတွန်းလှန်​နေချိန်မှာ ကျွန်​တော်တို့က စစ်ဖိနပ်​အောက်မှာအ​ကြောက်တရားနဲ့ တစ်ကိုယ်​ရေစာ​ အဆင်​ပြေဖို့လုပ်နေတာကို ယှဥ်ကြည့်ရင် ရှက်ဖို့​ကောင်းလှပါတယ်။

ခြံရှင်ကိုလည်း အတော်လေးသနားမိပါတယ်။ ကိုယ့်အိမ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ အလှူတစ်ခု ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်အရာကို ရေနဲ့ပက်သတဲ့။ ကြိုးနဲ့တားသတဲ့။ သြော် ဖြစ်ပုံများ…

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဆီတန်းစီနေတဲ့ အမျိုးသားတစ်ဦး မူးလဲသွားတာကြောင့် ကူညီပေးခဲ့ရတယ်လို့ အေးချမ်းဖြူစင် မေတ္တာရှင်လူမှူကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

သတင်း

စက်သုံးဆီဈေး စံချိန်တင်မြင့်တက်နေပေမယ့် စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီသူ‌တွေနဲ့ ကြိတ်ကြိတ်တိုးတန်းစီနေဆဲဖြစ်ပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တိုက်နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေဟာ စက်သုံးဆီဝယ်ယူရာမှာ စစ်တပ်က တစ်လီတာ ကျပ်တစ်ထောင်နှုန်းကောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စက်သုံးဆီရဖို့ခက်ခဲနေလို့ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မီးသင်္ဂြိုဟ်စက်မှာ အလောင်းမီးသင်္ဂြိုဟ်လိုပါက နာရေးရှင်တွေအနေနဲ့ ဒီဇယ်ဆီ ၅ ဂါလံယူဆောင်လာမှသာ ဆောင်ရွက်ပေးနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။