နေခန့်/People’s Spring
စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်သွားခဲ့တာ ဒီကနေ့ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၈၁၈ ဦး၊ ပျောက်ဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရရသူ ၅၁၀၄ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာ အဲဒီပမာဏထက်များနိုင်ကြောင်း ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။ လူသေဆုံးထိခိုက်မှုတွေများခဲ့တဲ့ မန္တလေး တစ်နှစ်အတွင်း ဘာတွေ ပြောင်းလဲသွားပါသလဲ။
●ပြန်မဆောက်နိုင်သေးတဲ့ နေအိမ်တွေနဲ့ ပြင်ဆင်နေရဆဲ ငလျင်ထိ အဆောက်အဦးများ
ငလျင်ကြောင့် အလုံးလိုက်ပြိုကျသွားတဲ့ အဆောက်အဦးတွေနေရာမှာ အများစုက အဆောက်အဦးအသစ်ကို ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ မိသားစုဝင်တွေ ဆုံးရှုံးခဲ့တာ၊ ဆောက်လုပ်စရိတ်တွေ ကြီးမြင့်တာ၊ မြေကိုဘယ်လိုဆက်လက်စီမံရမလဲ စဥ်းစားရတာတွေကြောင့် ပြန်မဆောက်နိုင်ကြသေးတာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement
အလားတူပဲ ငလျင်ထိပြီး လုံးဝပြိုကျသွားတာမဟုတ်ပေမဲ့ အတွင်းပိုင်းထိသွားတဲ့ အဆောက်အဦးတွေဟာ ဒီကနေ့ထိ ပြင်ဆင်နေဆဲပါ။ အထက်
ကလိုပဲ ဆောက်လုပ်ရေး ပစ္စည်းတွေ စျေးကြီးတာကြောင့် အချိန်ယူ ပြင်ဆင်နေရဆဲဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
●အထပ်မြင့်တိုက်တာများအပေါ် ယုံကြည်မှု
ယခင်က မန္တလေးမြို့မှာ “ မြင်ကွင်းကောင်းခြင်း” နဲ့ “ ခေတ်မီခြင်း” ကြောင့် အထပ်မြင့်တိုက်ခန်းတွေကို လူကြိုက်များခဲ့ပေမဲ့၊ ငလျင်အပြီးမှာတော့ “ ဘယ်နှစ်ထပ်လဲ” ဆိုတာထက် “ ဘယ်လောက် ခိုင်ခံ့သလဲ” ဆိုတဲ့အချက်က မန္တလေးသူမန္တလေးသားတွေအတွက် အဓိက ဖြစ်လာပါတယ်။ အထပ်မြင့်နေထိုင်သူအချို့ မြေညီထပ် ဒါမှမဟုတ် အနိမ့်ပိုင်းတိုက်တွေကို ပြောင်းရွှေ့ချင်တဲ့ အလားအလာမျိုး မြင်တွေ့ရပြီး အိမ်ခြံမြေဈေးကွက်မှာပါ အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။
အထပ်မြင့်များတဲ့ မြို့ထဲအစား ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်အရှေ့ပိုင်း မြို့သစ်ဘက်က မြေကွက်တွေ၊ အထပ်နိမ့်တွေကို ရွေးချယ်တာတွေ ပိုများလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
●ငလျင်ထိသွားခဲ့တဲ့ မန္တလေးက ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေရဲ့ အခြေအနေ
ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးတိုင်းကရှေးဟောင်းအဆောက်အအုံ (၁၅၅၉) ခု ပျက်စီးခဲ့ပါတယ်။ အထင်ရှားဆုံးအနေနဲ့ မန္တလေးနန်းမြို့ရိုးလည်း ပျက်စီးခဲ့ပြီး (၄၈၃၉)ပေ၊ သူရဲခို (၁၂၅၅) လုံး၊ မြိုရိုးဝင်ပေါက် ပြအိုးနဲ့ ပြာသာဒ်ဆောင် (၉)ခု၊ မီးတား (၁၂)ခု ပျက်စီးခဲ့တာပါ။ ဒီနေ့အထိလည်း ပြင်ဆင်နေရဆဲ ဖြစ်ပြီး ဒီနှစ် နှစ်လယ်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။
ငလျင်ထိသွားတဲ့ ဘုရားပုထိုးစေတီတွေကိုတော့ ပြင်ဆင်မှုတွေ ကောင်းကောင်းမလုပ်နိုင်သေးဘဲ အလှူရှင်တွေက ပြုပြင်ဖို့ စီစဥ်နေကြတယ်လို့ သိရပါတယ်။ အင်းဝဒေသက ဘုရားပုထိုးစေတီတွေကတော့ ပြင်ဆင်ဖို့ အများကြီးကျန်နေသေးတယ်လို့ သိရပါတယ်။
●ငလျင်ထိ တံတားနှစ်စင်းအခြေအနေ
မန္တလေးမှာ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းတံတားနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာရှိတဲ့ ဒုဌဝတီတံတားတွေ ပျက်စီးခဲ့ပါတယ်။ စစ်ကိုင်းတံတားကတော့ ပြုပြင်မှုတွေ တစ်ခုမှ မစတင်နိုင်သေးပါဘူး။ ဒုဌဝတီတံတားကတော့ ပြန်လည်တည်ဆောက်နေပါတယ်။
ဒုဌဝတီတံတားနေရာဟာ ပြင်းထန်ငလျင်ဇုန်မှာ ကျရောက်နေပြီး ငလျင်ပြတ်ရွေ့ကြောနဲ့ နီးကပ်စွာ တည်ရှိနေလို့ ငလျင်ဒဏ်ခံနိုင်မယ့် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ ပညာရှင်တွေကဆိုပါတယ်။
ပြန်တည်ဆောက်မယ့် ဒုဌဝတီတံတားဟာ အရှည်ပေ (၁,၀၀၀) ယာဉ်သွားလမ်းတစ်လမ်းမှာ (၁၂) ပေခွဲအကျယ်နဲ့ လေးလမ်းသွား တံတားအမျိုးအစားဖြစ်ပါတယ်။ ဆိုင်ကယ်လမ်းတစ်ဖက်ကို (၅) ပေစီ နှစ်ဘက်ပါဝင်မယ်လို့ သိရတယ်။ လက်တလောမှာ စီမံကိန်းစနေပြီဖြစ်ပေမဲ့ လာမယ့်နှစ်မှ ပြီးစီးနိုင်မယ်လို့ သိရပါတယ်။
●ပွဲဆူနေဆဲ ငလျင်ထောက်ပံ့ကြေး
စစ်ကောင်စီက ငလျင်ထောက်ပံ့ကြေးပေးတဲ့အခါမှာ စနစ်ကျတဲ့ စီမံခန့်ခွဲမှုမရှိတာ၊ အဂတိလိုက်စားမှုတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အမှန်တကယ် ထိခိုက်သူတွေထက် နီးစပ်ရာလူတွေကိုသာ ဦးစားပေးနေတာ၊ စာရင်းဇယားလွဲမှားတာတွေနဲ့ ငွေကြေးတောင်းခံမှုတွေရှိနေကြောင်း မန္တလေး ငလျင်သင့်ဒေသက ပြည်သူတွေက ပြောပါတယ်။
ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ အမျိုးအစားအလိုက် ထောက်ပံ့မှုတွေ ပေးအပ်ရာမှာ မြေပြင်အခြေအနေနဲ့ စာရင်းပါအချက်အလက်တွေ တခြားစီဖြစ်နေကြောင်း ဒေသခံများက ဆိုပါတယ်။ ဥပမာအားဖြင့် RC နှစ်ထပ်ခွဲ တိုက်အိမ်ကို SS3 (သွပ်မိုးထရံကာ) အမျိုးအစားအဖြစ် မှားယွင်းစာရင်းသွင်းကာ ထောက်ပံ့မှုပေးခြင်းများ ရှိနေတာပါ။
” အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာကြည့်ပြီး RC ဆိုပြီး စာရင်းကောက်သွားတာ။ ကျလာတော့ SS3 တဲ့။ သွပ်မိုးထရံကာဆိုပြီး ဖြစ်သွားတော့ ရသင့်သလောက် မရတော့ဘူး။ ကိုယ့်အိမ်လောက် မထိခိုက်တဲ့သူတွေက သိန်းရာချီ ရနေချိန်မှာ ကိုယ်တွေက တအားနစ်နာတယ်” လို့ အိမ်ပိုင်ရှင်တစ်ဦးက ရင်ဖွင့်ပါတယ်။
ထောက်ပံ့ကြေးရရှိဖို့ လုပ်ဆောင်ရာမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ ငွေကြေးပေးဆောင်နေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အောင်မြေသာစံမြို့နယ်အတွင်းမှာဆိုရင် ရပ်ကွက်ထောက်ခံစာ ရရှိရန်အတွက် ရုံးကို ၄ သောင်းကျပ် ပေးဆောင်ရတာတွေ၊ အချို့နေရာတွေမှာ ထောက်ပံ့ကြေးစာရင်းပါဖို့ တစ်အိမ်လျှင် ၇ သိန်းကျပ် အထိ ကောက်ခံမှုများ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ထိခိုက်မှုအနည်းအများအပေါ် မူတည်ပြီး ထောက်ပံ့မှု မပေးဘဲ နီးစပ်ရာလူတွေကိုသာ ပေးနေတဲ့အတွက် ထိုက်သင့်တဲ့ ထောက်ပံ့ကြေးမရဘဲ “ ဆေးတစ်ပုံး၊ နှစ်ပုံးစာ” သာ ရရှိသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်အက်ကြောင်းအက်ရုံသာ ဖြစ်သော်လည်း သိန်း ၄၀ ကျော် ရရှိသူများရှိနေစဉ်၊ အမှန်တကယ် ပြိုကျပျက်စီးသူများမှာမူ ပစ္စည်းအနည်းငယ်နဲ့ ငွေသားအနည်းငယ်သာ ရရှိနေပါတယ်။
“ ၆ ထပ်တိုက်က ၂ ထပ်တိုက် ကိုယ့်အိမ်ပေါ်လာပိတယ်။ တပြားမှမရဘူး။ အက်ကြောင်းပဲဖြစ်တာတောင် လေးဆယ်ကျော်ရတယ်” လို့ အောင်မြေသာစံမြို့နယ်၊ နန်းရှေ့မှာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
●ငလျင်ကြောက်စိတ် ရှိနေဆဲ
ငလျင်ကြီးလှုပ်ခတ်တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ ပြည်သူတွေဟာ ငလျင်ကို ကြောက်လန့်နေတုန်းပါ။
ငလျင်ကြီးတစ်နှစ်ပြည့်ဖို့ ၂ ရက်အလို မတ်လ ၂၆ ရက်ညကပဲ ၄.၂ အဆင့်ရှိ မြေငလျင်တစ်ခု မန္တလေးမြို့မှာ လှုပ်ခတ်သွားခဲ့တယ်။ မန္တလေးသူ မန္တလေးသားတွေ နေအိမ်တွေပေါ်ကနေ ဆင်းပြေးခဲ့ကြရပါတယ်။
အဲဒီငလျင်ဟာ မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူမှုရေးရာအလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။




















































