-နိုဝင်ဘာမိုး/People’s Spring
လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်တစ်ယောက် သူအဓမ္မလုယူထားတဲ့ သမ္မတရာထူးအတွက် ကျမ်းသစ္စာ ကျိန်ဆိုရတော့မှာပါ။
ကျမ်းသစ္စာကျိန်ဆိုရာမှာနိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ် အစဉ်တစိုက် သစ္စာစောင့်သိမယ်၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစောင့်ထိန်းပြီး နိုင်ငံတော်ရဲ့ ဥပဒေများကို ကာကွယ်စောင့်ရှောက်ရမယ်။ မိမိရဲ့ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မယ်။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်ရဲ့ ဥပဒေတွေကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမယ်။မြန်မာနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ညီမျှခြင်းတည်းဟူသော လောကပါလတရားတွေပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမယ်။ စတဲ့ အချက်တွေကို ရွတ်ဖတ်ပြီး ကျမ်းကျိန်ရမှာပါ။
စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက မရေမတွက်နိုင်အောင် များပြားလှပါတယ်။ အကုသိုလ်တွေ တပြုံတမကြီးရှိနေတဲ့ စစ်ခေါင်းဆောင် ဘယ်လိုများ သစ္စာဆိုမလဲ။

Public Service Announcement
ဗုဒ္ဓဘာသာအယူအဆနဲ့ ယဉ်ကျေးမှုရှုထောင့်ကကြည့်ရင် ကျမ်းသစ္စာကျိန်ဆိုခြင်း (သို့မဟုတ်) သစ္စာပြုခြင်းဆိုတာ အလွန်လေးနက်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံတော်အဆင့် တာဝန်ယူရမယ့်သူတွေအတွက် ပိုပြီးအရေးပါပါတယ်။ ဗုဒ္ဓဘာသာမှာ “ သစ္စာ” ဟာ ပါရမီဆယ်ပါးထဲက တစ်ပါးဖြစ်သလို၊ အမှန်အတိုင်း ပြောဆိုခြင်းဟာ ကြီးမားတဲ့ စွမ်းအားရှိတယ်လို့ ယုံကြည်ကြပါတယ်။
သမ္မတတစ်ဦး ကျမ်းသစ္စာကျိန်ဆိုတာဟာ ပြည်သူလူထုအပေါ် ဒီမင်းကျင့်တရားတွေနဲ့အညီ အုပ်ချုပ်ပါ့မယ်လို့ သက်သေထူတာ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာကျမ်းဂန်တွေနဲ့ မြန်မာ့ရာဇဝင်အယူအဆတွေအရ “ မင်းကျင့်တရားနဲ့ မညီတဲ့သူ” ကျမ်းသစ္စာကျိန်ဆိုပြီး ဖောက်ဖျက်မယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်သူတစ်ဦးတည်းတင်မကဘဲ တစ်တိုင်းပြည်လုံးအပေါ် သက်ရောက်မှုရှိတယ်လို့ အခိုင်အမာ ယုံကြည်ကြပါတယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ အဓမ္မိကသုတ် မှာ ရှင်ဘုရင် (သို့မဟုတ်) အုပ်ချုပ်သူဟာ တရားနဲ့မညီဘဲ မမှန်မကန် လုပ်ဆောင်ရင် အဆင့်ဆင့် သက်ရောက်ပုံကို အခုလို ဟောကြားခဲ့ပါတယ်။
အုပ်ချုပ်သူ မတရားရင် အမတ်တွေ၊ အရာရှိတွေ မတရားဖြစ်လာပါတယ်။ အရာရှိတွေ မတရားရင်ပြည်သူလူထုပါ မတရားမှုတွေ လုပ်ဆောင်လာပါတယ်တဲ့။ လူတို့ မတရားရင် နတ်ကောင်းနတ်မြတ်တွေ စိတ်ဆိုးပြီး သဘာဝပတ်ဝန်းကျင်တွေပျက်စီး၊ မိုးလေဝသ ဖောက်ပြန်တတ်ပါတယ်။ ရလဒ်ကတော့ သီးနှံတွေ ဖျက်ဆီးခံရပြီး ငတ်မွတ်ခေါင်းပါးတာ၊ ကပ်ရောဂါဘေးနဲ့ စစ်မက်ဘေးတွေကြောင့် တိုင်းပြည် ပျက်စီးရတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ဗုဒ္ဓက ဟောကြားခဲ့တာပါ။
ကျမ်းသစ္စာဆိုတာဟာ” သစ္စာပြုခြင်း” ဖြစ်လို့ သစ္စာပျက်ကွက်တဲ့အခါ “ သစ္စာအဓိဋ္ဌာန်” ရဲ့ ပြောင်းပြန်အကျိုးကို ခံစားရတတ်ပါတယ်။
မင်းကျင့်တရားပျက်တဲ့သူ ကျိန်ဆိုပြီး အုပ်ချုပ်တဲ့အခါ ဘေး (၃) ပါး ဆိုက်ရောက်တတ်တယ်လို့ ရှေးလူကြီးများက ဆိုကြပါတယ်။
ဒုဗ္ဘိက္ခန္တရကပ်-အစားအစာ ငတ်မွတ်ခေါင်းပါးခြင်း။
သတ္ထန္တရကပ်-လက်နက်ဘေး၊ စစ်မက်ဘေးများပြားခြင်း။
ရောဂန္တရကပ်-ရောဂါဘေး ထူပြောခြင်းတွေပါတဲ့။ ဒါတွေဟာ အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်းမှာကို မြန်မာပြည်သူတွေ ရင်ဆိုင်ခဲ့ကြသလို အခုထိလည်း ရင်ဆိုင်နေရတုန်းပါ။
အဲဒီထက်တောင်ပိုဆိုးတာက ၂၀၂၅ မတ်လက မြန်မာ့သမိုင်းတစ်လျှောက် ဖျက်အားအပြင်းဆုံး စစ်ကိုင်းငလျင်ကြီးလှုပ်လို့ ပြည်သူထောင်သောင်းချီသေဆုံးပြီး ပြည်သူသန်းချီ ဒုက္ခရောက်ခဲ့ရပါသေးတယ်။ ငလျင်ကြီးမတိုင်ခင် ၂၀၂၄ စက်တင်ဘာမှာ မင်းအောင်လှိုင်တို့ရှိတဲ့ နေပြည်တော် ဝန်းကျင်မှာ ကုန်းခေါင်ခေါင် ရေတွေကြီးလို့ ပြည်သူတွေဒုက္ခရောက်ရပါသေးတယ်။
ဗုဒ္ဓဘာသာနဲ့ မြန်မာ့ယဉ်ကျေးမှုအရ အုပ်ချုပ်သူတစ်ဦးရဲ့ “ ကိုယ်ကျင့်တရား” နဲ့ “ သစ္စာတည်ကြည်မှု” ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကျမ်းသစ္စာကို ဟန်ပြလုပ်ပြီး မင်းကျင့်တရားနဲ့မညီဘဲ အုပ်ချုပ်ရင် ထိုသူရဲ့ကံကြောင့်တင်မကဘဲ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပါ တိုင်းပြည်ဟာ အဖက်ဖက်က ဆုတ်ယုတ်ပျက်စီးသွားနိုင်ပါတယ်။
မြန်မာ့ရာဇဝင်နဲ့ ရှေးယုံကြည်မှုတွေမှာတော့ အုပ်ချုပ်မင်းလုပ်မယ့်သူ ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ (ဒါမှမဟုတ်) နန်းတက်ဘိသိက်ခံတဲ့နေ့မှာ ဖြစ်ပေါ်တဲ့ မိုးလေဝသအခြေအနေကို တိုင်းပြည်ရဲ့ နိမိတ်အဖြစ် အလွန်အလေးထား ကြည့်ရှုလေ့ရှိပါတယ်။
ရှေးမြန်မာမင်းများလက်ထက်မှာ ဘိသိက်ခံတဲ့နေ့မှာ မိုးသက်လေပြင်းကျတာ၊ မိုးကြိုးပစ်တာမျိုးဖြစ်ရင် “ နိမိတ်မကောင်းဘူး” လို့ ယူဆကြပါသတဲ့။
အထူးသဖြင့်မင်းလောင်းမင်းလျာမဟုတ်ဘဲမတရားသောနည်းနဲ့ နန်းတက်သူတွေ ကျိန်ဆိုတဲ့အခါမျိုးမှာ နတ်ကောင်းနတ်မြတ်တွေက သာဓုမခေါ်ဘဲ ကောင်းကင်ပြာကနေ မိုးထစ်ချုန်းတာမျိုး ဖြစ်တတ်တယ်လို့ ရာဇဝင်ကျမ်းအချို့မှာ တင်စားရေးသားလေ့ရှိပါတယ်။
မြန်မာမင်းဆက်အချို့မှာတော့နန်းတက်ပွဲ (သို့မဟုတ်) အရေးကြီးတဲ့ ကျမ်းသစ္စာပြုပွဲနေ့တွေမှာ ထူးခြားတဲ့ သဘာဝဘေးအန္တရာယ်တွေ ဒါမှမဟုတ် မိုးလေဝသ ဖောက်ပြန်မှုတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ကျိန်ဆိုတဲ့နေ့မှာတင် မိုးလေဝသဖောက်ပြန်တာမျိုးဟာ သမိုင်းမှာ နိမိတ်ဆိုးအဖြစ် မှတ်တမ်းတင်ခံရလေ့ရှိပါတယ်။ ဒါဟာ အုပ်ချုပ်သူအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကို ချက်ချင်း ရိုက်ခတ်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။
ရာဇဝင်ကျမ်းအချို့ရဲ့ အဆိုအရ မြန်မာ့သမိုင်းမှာ ပထမမြန်မာနိုင်ငံတော်ကို ပျက်စေခဲ့တဲ့၊ တရုတ်ပြေးမင်းလို့ အမည်တွင်ခဲ့တဲ့ နရသီဟပတေ့မင်းဟာ နန်းတက်ဘိသိက်ခံပြီး ကျမ်းသစ္စာပြုတဲ့နေ့မှာ ကောင်းကင်ပြာကနေ ရုတ်တရက် မှောင်အတိကျပြီး မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ မင်းလောင်းမင်းလျာ မဟုတ်ဘဲ မင်းကျင့်တရားနဲ့ မညီမယ့်သူ နန်းတက်တာကြောင့် နတ်ကောင်းနတ်မြတ်တွေက သာဓုမခေါ်တဲ့ နိမိတ်လို့ ယူဆခဲ့ကြပါတယ်။ နောက်ပိုင်းမှာလည်း တရုတ်ကျူးကျော်မှုကြောင့် ပုဂံပြည်ကြီး ပျက်စီးခဲ့ရတဲ့အတွက် ဒီနိမိတ်ဟာ မှန်ကန်ခဲ့တယ်လို့ သမိုင်းမှာ တင်စားကြပါတယ်။
မြန်မာတင်မက နိုင်ငံတကာမှာလည်း ကျမ်းကျိန်ပွဲနေ့ ရာသီဥတုနဲ့ပတ်သက်ပြီး နိမိတ်ကောက်ယူကြတာတွေလည်း ရှိပါတယ်။၂၀၁၇ ခုနှစ်က ဒေါ်နယ်ထရန့် ကျမ်းကျိန်ပွဲမှာမိန့်ခွန်းစပြောတာနဲ့မိုးစတင်ရွာသွန်းခဲ့တာဟာ သမိုင်းမှာ အငြင်းပွားစရာ နိမိတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ဒါဟာသဘာဝတရားက ပေးတဲ့ သတိပေးချက်လို့ အယူရှိသူတွေက ယူဆခဲ့ကြတယ်။
ထရန့် ကျမ်းကျိန်ပွဲနေ့က မိုးစက်တွေဟာ အမှတ်မထင် ရွာကျလာတာ မဟုတ်ဘူးလို့ ယူဆသူတွေ ရှိပါတယ်။ ထရန့် ကျမ်းကျိန်တုန်းက ရွာခဲ့တဲ့ မိုးဟာ နောက်ပိုင်းမှာ ကြုံခဲ့ရတဲ့ ကမ္ဘာ့ပဋိပက္ခတွေနဲ့ ဆီရှားပါးမှုတွေရဲ့ ရှေ့ပြေးနိမိတ် ဖြစ်ခဲ့တာလားဆိုတာတော့ စဥ်းစားစရာပါပဲ။
အာဏာသိမ်းခေါင်းဆောင် ကျမ်းမကျိန်ခင် ၃ ရက်အလို ဧပြီ ၇ ရက်နေ့ကပဲ စစ်ခေါင်းဆောင်ရှိရာ နေပြည်တော်နဲဲ့ စစ်တပ်ထောက်ခံသူတွေ များလို့အစိမ်းရောင်လွင်ပြင်လို့ပါ တင်စားခေါ်ကြတဲ့ မိတ္ထီလာမြို့တို့မှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေလဲ အိမ်တွေပါ ပျက်စီးခဲ့ကြပါသေးတယ်။ နေပြည်တော်မှာ အာဏာသိမ်းအုပ်စုက တခမ်းတနားလုပ်ဖို့ပြင်ဆင်ထားတဲ့ နေပြည်တော်မြို့တော်ဝန်သင်္ကြန်ရေကစားမဏ္ဍပ်တွေပျက်စီးခဲ့ပါတယ်။
၁၀ ရက်နေ့မှာ အာဏာလုခေါင်းဆောင် ကျမ်းကျိန်ပွဲ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ကျွန်တော်တော့ ကောင်းကင်ကို ခဏခဏမော့ကြည့်နေရတယ်။ယုတ်မာကောက်ကျစ်သူတွေကျမ်းသစ္စာကျိန်ဆိုမယ်ဆိုတော့ သဘာဝဘေးအန္တရာယ်တွေ ဖောက်ပြန်တတ်တယ်ဆိုတဲ့ အယူအဆကလည်း ရှိနေတော့လေ…၁၀ ရက်နေ့မှာ ကောင်းကင်က မိုးမရွာရင်တောင် စစ်ခေါင်းဆောင် ကျမ်းကျိန်လိုက်တာနဲ့ တိုင်းပြည်မှာ ‘မိုးခါးရေ’ တွေ ပိုပြီး သောက်ကြတော့မလားဆိုတာက စိုးရိမ်နေမိပါတယ်။သဘာဝတရားက ဘယ်လိုပဲ တုံ့ပြန် တုံ့ပြန် ပြည်သူသောင်းချီကိုသတ်ဖြတ်ပြီး သန်းနဲ့ချီတဲ့ပြည်သူတွေကို နေစရာအိမ်မရှိအောင်မီးလောင်တိုက်သွင်းခဲ့တဲ့ ၊တစ်နိုင်ငံလုံးကို ဆင်းရဲပျက်သုန်းအောင်လုပ်ခဲ့တဲ့ ပြည်ဖျက်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လိုအဝတ်အစား၊ရာထူးတွေပဲပြောင်းပြောင်း ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက်တာဝန်ခံရမှာပဲဖြစ်ပါတယ်။
သဘာဝတရားက ဒဏ်ခတ်မယ်ဆိုရင်လည်း တောင်းဆိုချင်တာတစ်ခုက မင်းအောင်လှိုင်နဲ့တကွလူယုတ်မာတွေကိုပဲ ပြစ်ဒဏ်ပေးပြီး ပြည်သူတွေကိုတော့ မထိခိုက်စေဖို့ဆိုတာပဲဖြစ်ပါတယ်။
သဘာဝမိုးကတော့ တစ်ခဏပါ၊နိုင်ငံရေးမိုးသက်လေပြင်းကတော့ ကျွန်တော်တို့ တစ်သက်လုံး ထီးမပါဘဲ ဖြတ်သန်းနေရတာပါ။ဘာပဲဖြစ်ဖြစ် ပြည်သူတွေအနေနဲ့တော့ ၁၀ ရက်နေ့ လေပြင်းအန္တရာယ်ကို သတိထားပါ၊ အပြင်သွားရင် ထီးယူသွားကြဖို့ မမေ့ပါနဲ့။ ။
ဓါတ်ပုံ-AP



















































