close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မြွေဟောင်းနဲ့အရေခွံသစ်(နှစ်၆၀ကျော်ကစစ်တပ်ရဲ့နိုင်ငံရေးကစားကွက်)

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

ကိုသုညံ ​ရေးသားသည်။

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

မြွေတွေအရေခွံလဲသလို စစ်တပ်က အာဏာကို နည်းမျိုးစုံနဲ့ သိမ်းလိုက်၊ အခြေအနေမဟန်တော့ရင် ရွေးကောက်ပွဲဆိုတာကို အသုံးချပြီး ယူနီဖောင်းချွတ်ထားတဲ့ သူတို့လူတွေကိုပဲ အာဏာပြန်အပ်လိုက်နဲ့ လုပ်လာခဲ့တာ ရာစုနှစ်တဝက်ကျော်စာ( နှစ် ၆၀ ကျော်) ရှိပါပြီ။

၁၉၅၈ ခုဟာ မြန်မာနိုင်ငံအတွက် ချောက်ထဲစကျခဲ့ရတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရ(စစ်တပ်)ဆိုတဲ့ အမည်နဲ့ ၁၉၅၈ ခုမှာ အာဏာရယူခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့သေးပေမဲ့ စစ်တပ်က နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ဖို့၁၉၅၈ခုနှစ်ကတည်းကလမ်းစရှာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့အိမ်စောင့်အစိုးရ(စစ်တပ်)ဟာ၁၉၆၀ ခု ဧပြီလမှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ဦးနုတို့ ပြည်ထောင်စုပါတီကနိုင်ခဲ့ပေမဲ့ စစ်တပ်က သူတို့စိတ်ကြိုက်မဖြစ်တာနဲ့ ၁၉၆၂ ခု မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ(စစ်တပ်)ဟာ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်ကိုကြိုတင်ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာကိုလုယူခဲ့ပါတယ်။

အာဏာလုသူတို့ထုံးစံအတိုင်း အဲ့ဒီအချိန်က သမ္မတမန်းဝင်းမောင်၊ ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးအချို့အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၁၉၆၂ ခု ဇူလိုင်လမှာ ဗိုလ်ချုပ်ကြီးနေဝင်း ဥက္ကဌအဖြစ်တာဝန်ယူတဲ့ မဆလ လို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

‌၁၉၇၄ ခု ဇန်နဝါရီ ၃ ရက်မှာ တော်လှန်ရေးကောင်စီအစိုးရဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ဦးဆောင်ပြီး ရေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုခဲ့ပါတယ်။ ၁၉၆၂ ခု ကနေ ၁၉၇၄ ခု ထိ ၁၂ နှစ်ကြာတော်လှန်ရေးကောင်စီကအုပ်ချုပ်ခဲ့တာပါ။

အဲ့ဒီကာလအတွင်း ပြည်သူပိုင်သိမ်းတာ၊ ‌ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကလွဲလို့ကျန်ပါတီတွေကိုဖျက်သိမ်းတာတွေ လုပ်ခဲ့ပါတယ်။၁၉၇၄ ခုမှာတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီစနစ်ကို စတင်ကျင့်သုံးခဲ့ပါတယ်။၁၉၇၄ ခု ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေအရရှိလာမယ့်ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံဖို့ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင်စစ်တပ်က အရာရှိကြီးတွေဟာ ယူနီဖောင်းချွတ်ခဲ့ကြပါတယ်။

တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းကနေ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ ဦးနေဝင်း ဖြစ်လာခဲ့ပြီး နိုင်ငံ့သမ္မတတာဝန်ကိုပါ ယူခဲ့ပါတယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ အလုံပိတ်စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး အစစအရာရာ ချွတ်ခြုံကျခဲ့ရပါတယ်။ ဆန္ဒပြမှုတွေ၊ ဦးသန့်၊ အလုပ်သမား၊ မှိုင်းရာပြည့် စတဲ့အရေးအခင်းတွေ ‌ငွေစက္ကူအချို့ တရားမဝင်ကြေညာတာ လုပ်ခဲ့ပြီး ကျောင်းသား၊အလုပ်သမားတွေကိုရက်ရက်စက်
စက် ဖိနှိပ်ခဲ့ပါတယ်။ သတ်ဖြတ်ခဲ့ကြပါတယ်။

၁၉၈၈ ခု မှာတော့ တနိုင်ငံလုံးပါဝင်တဲ့ လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပါတယ်။ ပြည်သူတွေဟာ စစ်တပ်ရဲ့ တပါတီ အာဏာရှင်စနစ်ကို ဘယ်လောက် ရွံရှာနေပြီလဲဆိုတာ သက်သေပြခဲ့ပါတယ်။ ၁၉၈၈ ခုမှာ ဦးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဟာ လူထုအရေးတော်ပုံကြောင့် တခန်းရပ်ခဲ့ရပြန်ပါတယ်။ ဦးနေဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်နဲ့ မြန်မာနိုင်ငံကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၈ ခုက စတင်ခဲ့တဲ့ အကျင့်အဟောင်းအတိုင်းပဲ ၁၉၈၈ ခုမှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ စစ်တပ်ဟာအာဏာသိမ်းပြီးနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)ဆိုတဲ့ အမည်သစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက NLD ကို တစ်ခဲနက် မဲပေးပြီး စစ်အာဏာရှင်စနစ်ကို ငြင်းပယ်ခဲ့ကြပေမယ့် သူတို့ကတော့ အာဏာလွှဲမပေးဘဲ အချိန်ဆွဲခဲ့ကြတယ်။ ၁၉၉၇ ခုမှာတော့ နဝတ ဖျက်သိမ်းပြီး နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ နာမည်ပြောင်းခဲ့ပေမယ့် ဒီစစ်တပ်ကလူတွေပဲ ဦးဆောင်ခဲ့တာပါ။

ဘယ်လိုပင် အမည်ပြောင်းပြောင်း ဘယ်စနစ်နဲ့အုပ်ချုပ်တယ်ပြောပြော အုပ်ချုပ်သူ လူတန်းစားကတော့ စစ်တပ်နဲ့ မလွတ်ကင်းခဲ့ပါဘူး။ မြွေတကောင်က သူ့အရေခွံကို သူလဲလိုက်သလိုပါပဲ၊ အတွင်းက ခန္ဓာကိုယ်နဲ့အဆိပ်ကတော့ အတူတူပါပဲ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ နဝတ၊ နအဖ ဆိုတဲ့ အမည်နှစ်မျိုးနဲ့ မြန်မာနိုင်ငံကို ၂၂ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်ခဲ့တာပါ။

နအဖ ဟာ၂၀၀၈ မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုစိတ်ကြိုက် ရေးဆွဲပြဌာန်းခဲ့ပါတယ်။အဲ့ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း စစ်တပ်က အာဏာကို ထာဝရ ချုပ်ကိုင်ထားနိုင်ဖို့ စနစ်တကျ ရေးဆွဲထားတဲ့ စာအုပ်စိမ်းကြီးတအုပ်ပါ။ ၂၀၁၀ခု မှာ စစ်တပ်ဟာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပြီး သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကြံ့ခိုင်ရေးပါတီကို အာဏာလွဲပေးခဲ့ပြီး ဦးသိန်းစိန် အစိုးရဆိုတာ ဖြစ်လာခဲ့တယ်။ ကြံ့ခိုင်ရေးပါတီဟာလည်း စစ်တပ်အရေခွံချွတ်ထားတဲ့ ပါတီတခုပဲ မဟုတ်ပါလား။

၂၀၁၅ ခု ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပါဝင်လာခဲ့ပြီး ၁၉၉၀​ရွေး​ကောက်ပွဲကလိုပဲတနိုင်ငံလုံးမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခု ကနေ ၂၀၂၀ ခု အထိ NLD အစိုးရ တက်လာတဲ့ အချိန်လေးဟာ မြန်မာ့သမိုင်းမှာ စစ်တပ်ရဲ့ ဩဇာအာဏာ အနည်းငယ် လျော့ပါးသွားသလိုထင်ရပေမဲ့ တကယ်တမ်းတော့ အရေးကြီးတဲ့ နေရာတွေမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေက နေရာယူထားဆဲ၊ ၂၅ ရာခိုင်နှုန်းဆိုတဲ့ အခွင့်ထူးခံ လွှတ်တော်ကိုယ်စားလှယ်တွေက ရှိနေဆဲပါပဲ။

၂၀၂၀ ခုမှာ ထပ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေကNLD ကိုထပ်ပြီးအပြတ်အသတ်မဲပေးလိုက်တဲ့အခါ စစ်တပ်က သူတို့အတွက် နေရာမရှိတော့ဘူးဆိုတာ သိသွားပါတယ်။ အဲဒီအခါမှာတော့ မဲလိမ်တယ် မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်မှာ တကျော့ပြန် အာဏာသိမ်းခဲ့ပြန်ပါတယ်။

ဒီတခါမှာတော့ ပြည်သူတွေက အရင်လို ငြိမ်မနေတော့ဘဲ လက်နက်ကိုင် တော်လှန်တဲ့အထိ ဖြစ်လာခဲ့တာကြောင့် တိုင်းပြည်ဟာ သွေးချောင်းစီးခဲ့ရပါတယ်။လူပေါင်းသောင်းချီသေကြေပျက်စီးခဲ့ရတာဟာ စစ်တပ်ရဲ့ တနည်းအားဖြင့် မင်း​အောင်လှိုင်ရဲ့အာဏာရမ္မက် တခုတည်းကြောင့်ပါပဲ။

အခု ၂၀၂၅ ခု နှစ်ကုန်ပိုင်းမှာ ထပ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုတာကလည်း သမိုင်းဟောင်းကို ပြန်နွှေးတာပါပဲ။ NLD လို ပြည်သူ့ပါတီကို ဖျက်သိမ်း၊ သူတို့နဲ့ အဆင်ပြေမယ့် ပါတီတွေကိုပဲ နေရာပေးပြီး “ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရ” ဆိုတဲ့ အရေခွံကို ပြန်ခြုံဖို့ ကြိုးစားနေကြတာပါ။ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အစိုးရအဖွဲ့ထဲ ပြန်ဝင်လာမယ်၊ လွှတ်တော်ထဲ ပြန်ထိုင်မယ်။ ဒါဟာ ပြည်သူကို လှည့်စားတဲ့ ဂိမ်းတခုသာ ဖြစ်ပါတယ်။

အခုဆိုရင် ၂၀၂၅ ခု ရွေးကောက်ပွဲအတုကို အခြေခံပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော် နှစ်ခုစလုံးမှာ အရန်သင့်ထိုင်နေကြပါပြီ။ မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ သမ္မတလောင်းရွေးချယ်ပွဲမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတရူး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရေခွံချွတ်ပြီးသမ္မတလောင်းဦးမင်အောင်လှိုင်အဖြစ်အရွေး
ချယ်ခံခဲ့ပါတယ်။ စစ်အရေခွံလဲ အစိုးရတခုအဖြစ် လာမယ့်ရက်ပိုင်းအတွင်းရှိလာတော့မှာဖြစ်ပါတယ်။

ဒီလို အရေခွံလဲဖို့ စစ်တပ်ကြိုးစားတဲ့နေရာမှာ သူတို့ကို ကူညီပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ရုရှား၊ တရုတ်တို့လို နိုင်ငံတွေကလည်း ကိုယ်ကျိုးစီးပွားအတွက် စစ်တပ်ကို လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေကြပါတယ်။

မြွေဟာ အပေါ်ယံ အရေခွံ ဘယ်လောက်ပဲလဲလဲ၊ အတွင်းခန္ဓာကိုယ်ကတော့ အဆိပ်ရှိတဲ့ သတ္တဝါဆိုတာကို ပြည်သူတွေက ကောင်းကောင်း သိနေကြပါပြီ။ နှစ် ၆၀ ကျော်ကြာ ကျင့်သုံးခဲ့တဲ့ စစ်တပ်ရဲ့ အရေခွံလဲတဲ့ ပုံသေနည်းကို မြန်မာပြည်သူတွေဟာ သင်ခန်းစာပေါင်းများစွာ ရခဲ့ပြီးပါပြီ။အရေခွံလဲရုံနဲ့ စနစ်တခုက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲဆိုတာ စစ်တပ်က နိုင်ငံရေးထဲကနေ လုံးဝထွက်ခွာသွားပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ရောက်မှသာ ဖြစ်လာမှာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့‌နယ်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီတပ်က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)မှာ ဂျက်ဖိုက်တာ၊ Y-12နဲ့ ပါရာမော်တာတွေသုံးပြီး ဗုံးကြဲနေပါတယ်။