ဒီပ/People’s Spring
မင်းအောင်လှိုင် သမ္မတရူးတာနဲ့ တစ်နိုင်ငံလုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတာဒီနေ့မှာတော့ စစ်တပ်ကိုထောက်ခံသူတွေကိုပါ အမြင်ရှင်းစေခဲ့ပါပြီ။
ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်ညာစွပ်စွဲပြီး လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာရဲ့အဓိကအကြောင်းရင်းခံဟာ မင်းအောင်လှိုင်သမ္မတလုပ်ချင်တာကြောင့်ဖြစ်တယ်ဆိုတာကို ငါးနှစ်အကြာမှာဘယ်လိုမှဖုံးကွယ်မရတော့ပါဘူး။
မလုပ်ရဲတာမရှိဘူးလို့ လူမိုက်စကားပြောခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေက မကောင်းတာမှန်သမျှ မလုပ်ရဲတာမရှိဘူးလို့ ကြွေးကြော်ခဲ့တာသာဖြစ်နေပါတယ် ။

Public Service Announcement
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊စီးပွားရေး ၊လူမှုရေး ကဏ္ဍမျိုးစုံတည်ငြိမ်ပြီး အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးဖို့လမ်းကြောင်းမှန်ပေါ်ရှိနေတဲ့ အလားအလာကောင်းလှတဲ့နိုင်ငံဟာ၅ နှစ်အတွင်း
မကောင်းတဲ့အရာမှန်သမျှထိပ်ဆုံးရောက်ပြီး ကျရှုံးနိုင်ငံဖြစ်ခဲ့ရပါတယ် ။ ဒါဟာအာဏာရူးသူတစ်ယောက် သမ္မတ ပုလ္လင်ပေါ် တက်လိုတာကြောင့်ဖြစ်နေပါတယ် ။
ဒီငါးနှစ်အတွင်း မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံကိုဘယ်လိုဖျက်ဆီးပစ်ခဲ့လဲ ပြန်
ကြည့်ရအောင်ပါ။
ကမ္ဘာတစ်ဝန်းက စစ်ပွဲတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ လက်နက်ကိုင် ပဋိပက္ခများ တည်နေရာနဲ့ ဖြစ်စဉ်အချက်အလက်ပြ စီမံကိန်း (ACLED)ပြုစုထားတဲ့အချက်အလက်တွေအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတိုက်ပွဲတွေ ၊ပဋိပက္ခတွေ ၊အကြမ်းဖက်မှုတွေကြောင့်သေဆုံးခဲ့ရသူပေါင်း ၉၃၀၀၀ ခန့်ရှိပါတယ် ။ဒါဟာအာဏာလုထားတဲ့စစ်တပ်ဘက်ကရော ၊ တော်လှန်ရေးဘက်ကရော ၊ပြည်သူတွေရော အားလုံးပါဝင်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့လက်နက်ကိုင်တွေက အရပ်သား ပြည်သူပေါင်း ရှစ်ထောင်ခန့်( ၇၉၆၂) ဦး ကိုသတ်ဖြတ်ခဲ့ပါတယ်။မြေပြင်မှာအဲဒီအရေအတွက်ထက်တောင်အများကြီးပိုများနိုင်ပါတယ်။ဖက်ဆစ်လက်သစ်တွေဟာ ဘယ်လောက်ရက်စက်လဲဆိုရင် ငါးနှစ်အတွင်း အနည်းဆုံးကလေးငယ် ၁၀၅၅ ဦးကိုသတ်ဖြတ်ခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငွေတန်ဖိုးတွေဖောင်းပွ ကုန်ဈေးနှုန်းတွေတဟုန်ထိုးတက်လာပါတယ်။ ဝမ်းနည်းစရာအမှန်တရားက တန်ဖိုးနည်းလာတာဟာ မြန်မာပြည်က လူ့အသက်တွေဖြစ်နေပါတယ် ။ နေ့စဥ်လူသေဆုံးမှုသတင်းတွေ၊စစ်တပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေများလှတာကြောင့် မြန်မာပြည်သူတွေရဲ့ နှလုံးသားတွေထုံကြင် သွားစေပြီး ဖြစ်ရိုးဖြစ်စဥ်လိုတောင်ဖြစ်
လာပါတော့တယ် ။ဘယ်သူမဆို နိုင်ငံအတွင်းမှာ အချိန်မရွေးလွယ်လွယ်ကူကူအသတ်ခံရနိုင်သလို
အာဏာလုစစ်အုပ်စုအပါအဝင် ဘယ်သူမှကျောမလုံတော့တဲ့အခြေအနေဖြစ်ပါတယ်။
ဒါအပြင်စစ်တပ်ကဖမ်းဆီးခဲ့တဲ့နိုင်ငံရေးအကျဥ်းသားပေါင်းအနည်းဆုံး၃၀၇၅၅ ဦးရှိပါတယ်။အဲဒီအထဲက ၂၂၂၄၉ ဦးဟာ စစ်တပ်ရဲ့ဖမ်းဆီးထိန်းသိမ်းမှုခံထားရဆဲပါ။ စစ်မှုမထမ်းမနေရဥပဒေကို အဓမ္မပြဌာန်ပြီး လူငယ်တွေကိုအတင်းအကြပ်စုဆောင်း၊စစ်သင်တန်းပေးပြီး မူးယစ်ဆေးကြွေးအသေခံစစ်တိုက်ခိုင်းတာကြောင့် သိန်းနဲ့ချီတဲ့လူငယ်တွေဘဝပျက်စီးခဲ့ပါတယ်။ဒီဥပဒေဟာဖက်ဆစ်ဂျပန်တွေလက်ထက်က သေမင်းတမန်ရထားလမ်းဖောက်ပေးခဲ့ရတဲ့ ချွေးတပ်သားလုပ်ခိုင်းတဲ့ လုပ်ရပ်ထက်တောင် အဆပေါင်းများစွာဆိုးယုတ်ပါတယ် ။
ပြည်သူတွေကိုစောင့်ရှောက်တယ်လို တွင်တွင်ပြောနေတဲ့စစ်တပ်က ငါးနှစ်ကျော်အတွင်း ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၁၂၅,၃၂၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ အချက်အလက်တွေအရ သိပါတယ်။ဒေသမရွေး၊လူမျိုးမရွေး၊ဘာသာမရွေး၊အချိန်ကာလမရွေး ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ မင်းအောင်လှိုင် နောက်လိုက်စစ်တပ်ပါ ။လက်တွေ့မီးရှို့ဖျက်ဆီးခံရတာဟာ ဒီစာရင်းထက် ပိုများမှာသေချာပါတယ်။
အလားတူ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့အချက်အလက်တွေအရ နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ပြည်သူပေါင်း ၂၀၂၅ ဒီဇင်ဘာလအထိ လေးသန်းကျော်ရှိနေပါတယ်။
ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁၆ ဒသမ ၇ သန်းကျော်ဟာ ဝမ်းရေးမဖူလုံမှုကို ခံစားနေရပြီး ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှု (ဝါ) ငတ်မွတ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP ၂၀၂၅ နှစ်ကုန်ပိုင်းမှာထုတ်ပြန်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းအထိအငတ်ဘေးကိုရင်ဆိုင်လာရတာပါ။
ကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးမှုအများဆုံး ၊လာဘ်စားမှုမှုအများဆုံး ၊ပြည်သူတွေမလုံခြုံဆုံး၊ကမ္ဘာ
ပေါ်မှာသတင်းထောက်တွေထောင်ချခံရတာဒုတိယအများဆုံး၊အင်တာနက်ကန့်သတ်ပိတ်ဆို့မှုအဆိုးဆုံးစာရင်းဝင် စသဖြင့် မကောင်းတဲ့အရာအားလုံးနီးပါးထိပ်ဆုံးရောက်ကုန်ပါတယ်။
ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံက ရာဇဝတ်ဂိုဏ်းတွေအများကြီးဝင်လာပြီး အွန်လိုင်ငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်မှုအများဆုံးနိုင်ငံတစ်ခုလည်းဖြစ်လာပါတယ်။စစ်တပ်တဲ့တရုတ်အစိုးရစနက်တွေကြောင့်ကြီးထွားခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ နိုင်ငံရဲ့ပုံရိပ်ကိုဆိုးဆိုးဝါးဝါးဖျက်ဆီးပစ်ပါတယ်။ ဒီဒဏ်ကိုမြန်မာနိုင်ငံသားတိုင်းခံရပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေတဲ့မြန်မာပြည်သူတွေကို နိုင်ငံအချို့က စာနာ နားလည်ပေးခဲ့ကြပေမယ့် ကျားဖြန့်တွေကြောင့် မြန်မာဆိုရင်ကျားဖြန့်သမားတွေအများကြီးရှိတဲ့နိုင်ငံကလာသူ ၊ကျားဖြန့်လုပ်သူများလားဆိုတဲ့ သင်ကာမကင်းမှု ၊အထင်အမြင်သေးမှုတွေနဲ့အကြည့်ခံရတဲ့အခြေအနေဆိုက်ကုန်ပါတယ် ။
ဒီထက်ဆိုးတာတွေရှိပါသေးတယ်။မင်းအောင်လှိုင်က သူပြုတ်မကျရေးကျားခံပေးခဲ့တဲ့ တရုတ်နဲ့ ရုရှားကိုကျေးဇူးဆပ်ရင်းဆပ်ရင်း နဲ့ တရုတ်နဲ့ ရုရှားတို့ကကျည်တစ်တောင့်မဖောက်ရပဲ လက်အောက်ခံနိုင်ငံဖြစ်လာတဲ့အခြေအနေပါ ။မင်းအောင်လှိုင်က သူနဲ့သူ့မိသားစု ဘေးကင်းရေးတရုတ်ကိုဆိုရင်လည်း မြစ်ဆုံစီမံကိန်းလည်းပေးမယ် ၊ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်းဈေးပေါပေါနဲ့ပေးမယ် ၊ နယ်စပ်ကမြေတွေခိုးယူခံနေရတာလည်းမသိချင်ယောင်ဆောင်ရင်း စစ်ဖိနပ်အောက်ကနိုင်ငံဟာ တရုတ်ကြွေးနွံမှာပါ နစ်နေပါပြီ ။
အလားတူရုရှားကိုဆိုရင်လည်းထားဝယ်ရေနက်ဆိပ်ကမ်းပေးမယ် ၊ စက်မှုဇုန် စီးပွားရေးဇုန်ပေးမယ် ၊ ရုရှားစစ်တပ်အခြေချခွင့်ပါပေးရမယ့်အခြေအနေဆိုက်လာပါတယ် ။ စစ်တပ်က ဒို့တာဝန်အရေးသုံးပါးဆိုပြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုနေ့စဥ်ရွတ်နေပေမယ့် အာဏာသိမ်းစစ်တပ်လက်အောက်မှာ တရုတ်သြဇာခံ၊ရုရှားသြဇာခံနိုင်ငံဖြစ်လာတာကို မဘသတွေရော၊မျိုးချစ်တွေရော မြင်လျက်နဲ့ မသိချင်ယောင်ဆောင်နေကြပါတယ်။
ဒါတွေက အာဏာရူးမင်းအောင်လှိုင်နဲ့ လူမိုက်တွေရဲ့ငါးနှစ်တာစွမ်းဆောင်ရည်ပဲရှိပါသေးတယ်။ဒါကြောင့် မင်းအောင်လှိုင်ကိုသမ္မတဖြစ် ခွင့်ပြုတာကနိုင်ငံကိုထပ်ဖျက်ဆီးဖို့ ခိုင်းလိုက်တာလည်းဖြစ်ပါတယ် ။
ဒါကြောင့် မင်းအောင်လှိုင်အုပ်စု နိုင်ငံဖျက်ဆီးနေတာကို တာဝန်သိသူ ၊ရဲရင့်သူတွေဖြစ်တဲ့တော်လှန်ရေးသမားတွေ၊ပြည်သူတွေက ရအောင် တားဆီးရပါမယ် ။ အခုအခြေအနေမှာ တရုတ် ၊ရုရှားအကူအညီနဲ့ စစ်မှုထမ်းစစ်သားတွေကြောင့် စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်လာနိုင်ပြီးစစ်ရေး
ပြန်ဦးမော့လာတာ ၊စစ်တပ်ရဲ့ နိုင်ငံရေးမျက်လှည်ပြပွဲတွေကြောင့် စစ်တပ်နဲ့စစ်တပ်ထောက်ခံသူတွေ ပွဲပြီးပြီ သူတို့နိုင်ပြီ တော်လှန်ရေးပြီးသွားပြီလို့ဝါဒဖြန့်တာတွေအရှိန်မြှင့်လာပါတယ်။
ဒါပေမယ့် စစ်တပ်နဲ့စစ်တပ်မိသားစုတွေမသိတာက အခုအခြေအနေဟာ ၁၉၉၀ အလွန် အခြေအနေတွေနဲ့မတူသလို ၂၀၁၁ ကစစ်တပ်ရဲ့အယောင်ဆောင်ပြုပြင်ပြောင်းလဲရေးကိုအဟုတ်ထင်ခဲ့တဲ့အခြေအနေလည်းမဟုတ်ပါဘူး။ ပြည်သူတွေဘက်မှာ ဘယ်ခေတ်ကနဲ့မှမတူပဲ တစ်နိုင်ငံလုံးနီးပါးဖြန့်ကျက်ထားနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ပကဖတွေ ၊ ဒေသကာကွယ်ရေးတပ်တွေ၊ ပိုစုစည်းလာတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေ ၊ရှစ်လေးလုံးအရေးတော်ပုံကတည်းကလူထုနဲ့အတူရပ်တဲ့တပ်ဖွဲ့တွေအပြင် နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာပြီးစုစည်းထားတဲ့ SRA တပ်ပေါင်းစု ၊ အခုနောက်ဆုံးစုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) စသဖြင့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပြင် သပိတ်အဖွဲ့တွေ၊CDMတွေကထုနဲ့ထည်နဲ့ရှိနေတာပါ ။ဒီလိုအင်အားမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူးပါဘူး ။စစ်တပ်က ဒီတော်လှန်ရေးအင်အားစုတွေစုစည်းညီညွတ်မှာကြောက်လို့လည်း တချိန်လုံးနည်းမျိုးစုံသုံးသွေးခွဲ ထိုးခွဲဖို့လုပ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ပွဲမပြီးသေးပါဘူး။တော်လှန်ရေးအင်အားစုတွေရဲ့ပြင်းပြတဲ့ဆန္ဒ နဲ့ ရည်ရွယ်ချက်က မင်းအောင်လှိုင် နဲ့နောက်လိုက်စစ်ရာဇဝတ်သားတွေကို တရားစီရင်နိုင်ဖို့ ၊အိမ်ပြန်နိုင်ဖို့ ၊စစ်ဖိနပ်အောက်ကလွတ်မြောက်ပြီး အကြောက်တရားကင်းကင်းနဲ့နေနိုင်ဖို့အတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူးထောင်ရေးကအဓိကဖြစ်ပါတယ်။
ဒီရှေ့မှာ သမ္မတရူးမင်းအောင်လှိုင်က သမ္မတပုလ္လင်ပေါ်တက်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရမလားဆိုပြီး အယောင်ဆောင်ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြပါလိမ့်မယ် ။စစ်အုပ်စုရဲ့ မျက်လှည်ပြပွဲတွေကို တရုတ်၊ရုရှား အပါအဝင်နိုင်ငံတချို့က အဟုတ်ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့်မင်းအောင်လှိုင်နဲ့ နောက်လိုက်တွေရဲ့နေရာမှန်ဖြစ်တဲ့ စစ်ရာဇဝတ်ခုံရုံးမှာ တရားစီရင်နိုင်ဖို့က ဓမ္မဘက်တော်သားတွေ ၊နိုင်ငံနဲ့ နောင်မျိုးဆက်သစ်တွေရဲ့အနာဂါတ်ကိုချစ်မြတ်နိုးသူတွေရဲ့တာဝန်ပဲဖြစ်ပါတယ် ။ဒီအတွက်တော်လှန်ရေးအင်အားစုတွေကြား စုစည်းညီညွတ်မှု ၊အမျှော်အမြင်ကြီးမှု ၊တီထွင်ဖန်တီးနိုင်စွမ်း၊ဘယ်အခြေအနေမှာမဆိုတစိုက်မက်မက်ကြိုးစားမှု စတာတွေအရေးကြီးပါတယ်။ အလားတူပြည်သူတွေရဲ့ အားပေးကူညီမှုကလည်းအရေးကြီးလှပါတယ် ။ ဒီ ၅ နှစ်မှာ တော်လှန်ပြည်သူတွေပင်ပန်းလှပြီဖြစ်ပေမယ့် ရည်မှန်းချက်တွေမပြည့်သေးတာမို့ ခေတ္တအမောဖြေပြီး ထပ်ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်ရင် မင်းအောင်လှိုင်ကိုသမ္မတ ပုလ္လင်ပေါ်က ဂုတ်ဆွဲချပြီး ပြည်သူ့တရားခွင် ရုံးမှာ ရုံးတင်နိုင်ဖို့ဆိုတာဟာ စိတ်ကူးအိပ်မက်မဟုတ်ပါဘူး။ ဖြစ်အောင်လုပ်ကိုလုပ်ရမယ့် ပန်းတိုင်ပဲဖြစ်ပါတယ် ။ ။





















































