Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာတလွှားမှာ နျူကလီးယားလက်နက်တွေ တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားမှု ပိုများပြားလာ

ယူကရိန်း စစ်ပွဲ အပါအဝင် နိုင်ငံတကာ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနေခြင်းက နျူကလီးယား လက်နက်တွေကို စစ်ရေးအတွက် အသင့်အနေအထား တပ်လှန့် ပြင်ဆင်မှုတွေကို ပိုမို တွန်းအားပေးလာနေတယ်လို့ SIPRIက ဆိုပါတယ်။

ကမ္ဘာတလွှားမှာ နျူကလီးယားလက်နက်တွေ တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားမှု ပိုများပြားလာ
ကမ္ဘာတလွှားမှာ နျူကလီးယားလက်နက်တွေ တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားမှု ပိုများပြားလာ

နိုင်ငံတကာ တင်းမာမှုတွေနဲ့အတူ ကမ္ဘာပေါ်မှာ နျူကလီးယား စစ်လက်နက်တွေကို တိုက်ပွဲဝင်အဆင့် ပြင်ဆင်ထားမှုက တရိပ်ရိပ် မြင့်တက်လာနေတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်မှု သုတေသန အဖွဲ့အစည်း တစ်ခုက သတိပေးခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ ခုဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်ဖို့၊ နည်းပညာပိုင်း အဆင့်ထပ်မြှင့်ဖို့အတွက် ပြီးခဲ့တဲ့ ၁ နှစ်တာအတွင်း စုစုပေါင်း ဒေါ်လာ ၈၂.၉ ဘီလီယံလောက် သုံးစွဲခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ အမေရိကန်ရဲ့ အသုံးစရိတ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းလ်စ်မြို့ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က နှစ်အလိုက် ကမ္ဘာ့ နျူကလီးယားလက်နက်တွေ စုဆောင်း ပိုင်ဆိုင်မှု အစီရင်ခံစာသစ်ကို ထုတ်ပြန်ခဲ့ရာမှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှားနဲ့ အမေရိကန်တို့ ပိုင်ဆိုင်ထားတဲ့ နျူကလီးယား ထိပ်ဖူး အရေအတွက်ဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ၁၂၇၁၀ ခု ရှိခဲ့ရာက အခုနှစ်၊ ဇန်နဝါရီလမှာတော့ ၁၂၅၁၂ ထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

အကြောင်းကတော့ အမေရိကန်က သက်တမ်းလွန် ထိပ်ဖူး တချို့ကို ဖျက်သိမ်းလိုက်တာကြောင့်ပါ။ ဒါပေမဲ့ တချိန်တည်းမှာပဲ တိုက်ပွဲဝင်အဆင့်အဖြစ် စစ်တပ်တွေမှာ ဖြန့်ကျက် တပ်ဆင်ထားတဲ့ နျူကလီးယား လက်နက် အရေအတွက်ကတော့ တစ်နှစ်အတွင်းမှာ ၈၆ ခု ထပ်တိုးလာတယ်လို့ SIPRIက သတိပေးခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲ အပါအဝင် နိုင်ငံတကာ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနေခြင်းက နျူကလီးယား လက်နက်တွေကို စစ်ရေးအတွက် အသင့်အနေအထား တပ်လှန့် ပြင်ဆင်မှုတွေကို ပိုမို တွန်းအားပေးလာနေတယ်လို့ SIPRIက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ နျူကလီးယား စစ်လက်နက်တွေ အုံနဲ့ကျင်းနဲ့ အများဆုံး စုဆောင်းခဲ့ကြတာကတော့ စစ်အေးခေတ် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာပါ။ အဲဒီတုန်းက ကမ္ဘာအနှံ့မှာ နျူကလီးယားလက်နက် အရေအတွက် ၇၀၀၀၀ ကျော်ထိ ရှိနေခဲ့ဖူးပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရုရှားဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အများဆုံးအဖြစ် ၄၄၉၈ ခု ရှိနေပါတယ်။ ဒါဟာ မနှစ်တုန်းက ၄၄၇၇ ခုထိ ပိုင်ဆိုင်ခဲ့ရာက နည်းနည်း တိုးလာတဲ့ သဘောပါ။ အမေရိကန်နဲ့ ရုရှားတို့ဟာ ကမ္ဘာ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် တရုတ်ရဲ့ လက်နက်တိုက်ကလည်း ခပ်မြန်မြန် တိုးချဲ့လာနေတယ်လို့ SIPRIက ပြောပါတယ်။

မနှစ်က တရုတ်မှာ နျူကလီးယားလက်နက် ၃၅၀ ရှိခဲ့ရာက အခုနှစ်ဆန်းပိုင်းမှာ ၄၁၀ ထိ များပြားလာကြောင်း၊ လက်ရှိနှုန်းအတိုင်း ရှေ့ဆက်နေမယ်ဆိုရင် တရုတ်ဟာ ဆယ်စုနှစ် တစ်ခုအတွင်း အမေရိကန်နဲ့ ရုရှားတို့လိုပဲ နျူကလီးယားလက်နက် ထောင်နဲ့ချီ ပိုင်ဆိုင်တဲ့နိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း SIPRIက သုံးသပ်ပြထားပါတယ်။

နျူကလီးယား လက်နက်တွေကို တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ပိုမိုဖြန့်ကျက်လာခြင်းဟာ အန္တရာယ် အရမ်းကြီးတယ်လို့ နိုင်ငံတကာ စစ်ရေး သုတေသီတွေက သတိပေးနေချိန်မှာပဲ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေမှာ ပထမဆုံးအကြိမ် ရုရှား နျူကလီးယား စစ်လက်နက်တွေ ထားရှိမှုအဖြစ် ဘီလားရုစ်ဆီ နျူကလီးယား ထိပ်ဖူးတွေ စတင်ပို့ဆောင်နေပြီ ဖြစ်ပါတယ်။