Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ မဲပေးပိုင်ခွင့်ကို ကန့်သတ်ဖို့ ဖီထာရဲ့ပါတီ ကြိုးစားနေ

ဇူလိုင် ၁၄ ရက် လွှတ်တော် မဲပေးမှုမှာတော့ ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ် အများစုဟာ ပြည်သူအများစု ယုံကြည်အပ်နှင်းတဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ ဖီထာကို အတိအလင်း ဆန့်ကျင်ခဲ့ကြပါတယ်။

ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ မဲပေးပိုင်ခွင့်ကို ကန့်သတ်ဖို့ ဖီထာရဲ့ပါတီ ကြိုးစားနေ
ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ မဲပေးပိုင်ခွင့်ကို ကန့်သတ်ဖို့ ဖီထာရဲ့ပါတီ ကြိုးစားနေ

ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်တွေက ဝန်ကြီးချုပ် နေရာအတွက် မဲပေး ဆုံးဖြတ်ပိုင်ခွင့်ကို ရုပ်သိမ်းနိုင်ဖို့ ထိုင်းရွေးကောက်ပွဲ အနိုင်ရ မုဗ်ဖော်ဝပ်ပါတီ (MFP)က လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။

ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ ဝန်ကြီးချုပ် အသစ်ကို ရွေးကောက်ပွဲ အနိုင်ရ အောက်လွှတ်တော် အမတ် ၅၀၀ နဲ့ အရင် စစ်အစိုးရ လက်ထက်က ခန့်အပ်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲ လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ပူးပေါင်းပြီး မဲပေး ရွေးချယ်ရတာ ဖြစ်ပါတယ်။ MFPခေါင်းဆောင် ဖီထာ လန်ဂျာရွတ်ရတ်ဟာ မေလလယ် ရွေးကောက်ပွဲမှာ အောက်လွှတ်တော် အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့်လည်း ပြုပြင်ပြောင်းလဲရေး ဝါဒီ တစ်ဦးဖြစ်တဲ့ သူ့ကို အထက်လွှတ်တော်ထဲက ကွန်ဆာဗေးတစ် အမတ် အများစုက ဝန်ကြီးချုပ်အဖြစ် မထောက်ခံခဲ့ပါဘူး။

ဒါကြောင့်လည်း ဇူလိုင် ၁၃ ရက် လွှတ်တော် မဲပေးမှုမှာ ဖီထာဟာ လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ဘဲ လွှတ်တော်ကလည်း ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်ဘဲ ကြန့်ကြာနေခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ MFPက အထက်လွှတ်တော် အမတ်တွေကို တန်ပြန်ထိုးစစ် ဆင်တဲ့အနေနဲ့ ဝန်ကြီးချုပ် နေရာ ရွေးကောက်မှုမှာ အထက်လွှတ်တော် အမတ်တွေ ပါဝင် မဲပေးဖို့ လုပ်ပိုင်ခွင့် အပ်နှင်းထားတဲ့ အခြေခံ ဥပဒေ သတ်မှတ်ချက် တစ်ခုကို ပြင်ဆင်ဖို့ မူကြမ်းအဆိုကို လွှတ်တော်ဆီ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ အာဏာသိမ်း စစ်တပ် အစိုးရ အုပ်စိုးနေတဲ့ ကာလတုန်းက တစ်ဖက်သတ် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ကို ခန့်အပ်သွားပြီး ဝန်ကြီးချုပ် ရွေးချယ်ခွင့် အပ်နှင်းထားတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်ဖို့ ကြိုးစားတာ ဒီတစ်ကြိမ် ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၀ ပြည့်နှစ်ကစလို့ လွှတ်တော်မှာ အဲဒီကိစ္စကို ၆ ကြိမ် အဆိုတင်ခဲ့ဖူးပေမယ့် အမြဲတမ်း ရှုံးနိမ့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆီအငေါ် မတည့်လှတဲ့ စည်းမျဉ်း တစ်ခုအဖြစ် အထက်လွှတ်တော် အမတ်တွေရဲ့ လုပ်ပိုင်ခွင့် ရုပ်သိမ်းရေး ကိစ္စကို အထက်လွှတ်တော် အမတ် ၂၅၀ ထဲက အနည်းဆုံး သုံးပုံတစ်ပုံက ထောက်ခံရမယ်လို့ သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက် လွှတ်တော် မဲပေးမှုမှာတော့ ကွန်ဆာဗေးတစ် အထက်လွှတ်တော်အမတ် အများစုဟာ ပြည်သူအများစု ယုံကြည်အပ်နှင်းတဲ့ ဆန္ဒကို မျက်ကွယ်ပြုပြီး ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ ဖီထာကို အတိအလင်း ဆန့်ကျင်ခဲ့ကြပါတယ်။ မဲပေါင်း ၇၀၀ ကျော် ရေတွက်ပြီး ဖီထာက သတ်မှတ် ထောက်ခံမဲ အရေအတွက် မရနိုင်တာ သေချာလို့ မဲရေမှု ရပ်လိုက်ချိန်မှာ ဖီထာကို ထောက်ခံပေးတဲ့ အထက်လွှတ်တော် အမတ်က ၁၁ ဦးသာ ရှိခဲ့ပါတယ်။

အခုတော့ MFPက အဲဒီ ကိစ္စကို အပြောင်းအလဲတွေ ဖြစ်လာနိုင်အောင် ထပ်ကြိုးစားမှာဖြစ်ပြီး MFPရဲ့ အဆိုပြု မူကြမ်းကို လက်ခံထားကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နော်မာသာက ပြောပါတယ်။ ပြီးတော့ ဝန်ကြီးချုပ် နေရာအတွက် နောက်တစ်ကြိမ် မဲပေးမှုကို ဇူလိုင် ၁၉ ရက်မှာ ထပ်မံ ပြုလုပ်မယ်လို့ လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုခဲ့ပြီး ဖီထာကိုပဲ MFPဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ်တွေက ဝန်ကြီးချုပ် နေရာအတွက် ထပ်မံ အဆိုပြုသွားမယ်လို့ သိရပါတယ်။