Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်က ​ရွာနှစ်ရွာကိုမီးရှို့

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၄ရက် ကတုံးပုံရွာသစ်ကို မီးရှို့သဖြင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများကပြောသည်။

(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)
(ထီးချိုင့် PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-TPDF)

ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွား​နေပြီး စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်မြို့နယ်လှည်းကူး၊ ကြို့ကုန်း၊ ကျွဲတဲကုန်း၊ တုံးပုံရွာသစ် ကျေးရွာတို့တွင် စစ်ကောင်စီစစ်ကြောင်းရောက်ရှိနေပြီး ယမန်နေ့(ဇူလိုင် ၁၄ရက်)ညနေက ကျွဲတဲကုန်းရွာအနီးတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းနှစ်ကြောင်းက ကျွဲတဲကုန်းရွာအနီးမှာ မနေ့က လာဆုံတယ်။ အဲ့အချိန်မှာ ကာကွယ်‌ရေးအဖွဲ့တွေကတိုက်တာ။ ဒီမနက်မှာတော့ကျွဲတဲကုန်းကို မီးရှို့နေတယ်။ မီးခိုးတွေ မဲနေတာပဲ”ဟုထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်တစ်ဦးက ယနေ့(ဇူလိုင် ၁၅ရက်)နံနက် ၈နာရီခွဲခန့်တွင် ပြောသည်။

တိုက်ပွဲအတွင်းနှစ်ဖက် ထိခိုက်မှု အ​ခြေအ​နေကိုမူ မသိရှိရသေးပေ။

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၄ရက် ကတုံးပုံရွာသစ်ကို မီးရှို့သဖြင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများကပြောသည်။

ဇူလိုင်လ ၉ရက်ကလည်းဧရာဝတီမြစ်ကြောင်းမှတဆင့် ထီးချိုင့်မြို့နယ်အတွင်း တပ်အပြောင်းအရွှေ့ပြုလုပ်သည့် စစ်ကောင်စီတပ်က မြစ်ကမ်း​ဘေးဝဲ၊ယာကိုသေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့်ကမ်းနီရွာမှ သားအဖနှစ်ဦး သေနတ်ကျည်ဆန်ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် တစ်ပတ်ခန့်က ထီးချိုင့်မြို့ပေါ်သို့ ရဟတ်ယာဉ်ဖြင့် အင်အားတိုးချသွားသည်ဟု မြို့ခံများကပြောသည်။ ယခုရက်ပိုင်းတွင် ထီးချိုင့်နှင့် ကသာမြို့တို့တွင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ရှိနေ၍ ဒေသခံများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။