Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားကို ဆန့်ကျင်တဲ့ အနေနဲ့ ယူကရိန်းမှာ ခရစ္စမတ်နေ့ကို ရက်ပြောင်းလဲ သတ်မှတ်

စစ်ပွဲကြောင့် ယူကရိန်းမှာ ရုရှား အော့သိုဒေါ့စ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးမှု လျော့ကျသွားတဲ့နောက်ပိုင်း ခရစ္စမတ်နေ့ကို ရက်ပြောင်းဖို့ ထောက်ခံမှုတွေလည်း ပိုမို အားကောင်းလာခဲ့ကြောင်း သိရပါတယ်။

ရုရှားကို ဆန့်ကျင်တဲ့ အနေနဲ့ ယူကရိန်းမှာ ခရစ္စမတ်နေ့ကို ရက်ပြောင်းလဲ သတ်မှတ်
ရုရှားကို ဆန့်ကျင်တဲ့ အနေနဲ့ ယူကရိန်းမှာ ခရစ္စမတ်နေ့ကို ရက်ပြောင်းလဲ သတ်မှတ်

ရုရှားကို ဆန့်ကျင်ကြောင်း ပြသတဲ့ သင်္ကေတ တစ်ခုအဖြစ် ယူကရိန်းဟာ ခရစ္စမတ်နေ့ကို နိုင်ငံတကာ လက်ခံထားတဲ့ ဒီဇင်ဘာ ၂၅ ရက်ဆီ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ မဟာမိတ်ဖြစ်တဲ့ အော်သိုဒေါ့စ် ခရစ်ယာန် ဘာသာရေး ကျောင်းတော်ကို အတိအလင်း ဆန့်ကျင်ပြလိုက်တဲ့ ခြေလှမ်းတခုလို့လည်း ဆိုနိုင်ပါတယ်။ အော်သိုဒေါ့စ် ကျောင်းတော်ရဲ့ သတ်မှတ်ချက်အရ ခရစ္စမတ်နေ့ကို ရုရှားနိုင်ငံမှာ ဇန်နဝါရီ ၇ ရက်လို့ သတ်မှတ်ထားပါတယ်။

ဆိုဗီယက် ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးတဲ့ ယူကရိန်း နိုင်ငံမှာလည်း အော်သိုဒေါ့စ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးမှုတွေ အားကောင်းခဲ့ပြီး ခရစ္စမတ်နေ့ကို ရုရှားနည်းတူ ဇန်နဝါရီ ၇ ရက်မှာ ကျင်းပလေ့ ရှိပါတယ်။ အခုတော့ ကမ္ဘာ့နိုင်ငံ အများစုနည်းတူ ဒီဇင်ဘာ ၂၅ ရက်ဆီ ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။

ခရစ္စမတ်နေ့ကို ရက်ပြောင်းလဲမယ့် မူကြမ်းအဆိုကို အခုလ အစောပိုင်းက တင်သွင်းခဲ့ပြီး ယူကရိန်း လွှတ်တော်က ထောက်ခံ အတည်ပြုပေးခဲ့ပါတယ်။ ဇူလိုင် ၂၉ ရက်မှာတော့ အဲဒီကိစ္စကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လက်မှတ်ရေးထိုးပြီး အမိန့်ဒီကရီ အနေနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

အခု ပြောင်းလဲသတ်မှတ်ချက်ဟာ ယူကရိန်း အနေနဲ့ ရုရှားရဲ့ ရိုးရာ အမွေအနှစ်တွေကို စွန့်ပယ်နေကြောင်း ထင်ရှားထိရောက်တဲ့ ပြသမှု တစ်ခုဖြစ်ပြီး ယူကရိန်း နိုင်ငံကို ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင် ရုံးပိတ်ရက် သတ်မှတ်မှုတွေ ဖော်ဆောင်နိုင်အောင် အကူအညီ ပေးနိုင်လိမ့်မယ်လို့လည်း ယူကရိန်း အစိုးရက ထုတ်ပြန်ပါတယ်။

ယူကရိန်းရော၊ ရုရှားပါ အော့သိုဒေါ့စ် ခရစ်ယာန် အများစု နေထိုင်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားတပ်တွေက သိမ်းပိုက်ခဲ့ပြီး ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေမှာ ရုရှားလိုလားတဲ့ သူပုန်ထမှုတွေ ပေါ်ပေါက်လာတဲ့နောက် ယူကရိန်းရဲ့ အော့သိုဒေါ့စ် ခရစ်ယာန် အတော်များများဟာ ရုရှားနဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်ကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပြုခဲ့တဲ့ အချိန်မှာတော့ နှစ်နိုင်ငံကြားက အော့သိုဒေါ့စ် ခရစ်ယာန်ဂိုဏ်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေက ပိုနက်ရှိုင်းသွားခဲ့ပါတယ်။ ရုရှား အော့သိုဒေါ့စ် ဘုရားကျောင်းရဲ့ အကြီးအကဲ ပက်ထရီရက်ချ် ကီရဲလ်က ရုရှားရဲ့ ကျူးကျော်စစ်ကို လူသိရှင်ကြား ထောက်ခံခဲ့ပြီး ဒီစစ်ပွဲဟာ ရုရှားယဉ်ကျေးမှုနဲ့ ကျူးကျော်သူ အနောက်နိုင်ငံတွေရဲ့ စံနှုန်းတန်ဖိုးတွေကြားက ပဋိပက္ခ တစ်ခုလို့ စွပ်စွဲခဲ့ပါတယ်။

စစ်ပွဲကြောင့် ယူကရိန်းမှာ ရုရှား အော့သိုဒေါ့စ် ခရစ်ယာန် အယူဝါဒ လွှမ်းမိုးမှု လျော့ကျသွားတဲ့နောက်ပိုင်း ခရစ္စမတ်နေ့ကို ရက်ပြောင်းဖို့ ထောက်ခံမှုတွေလည်း ပိုမို အားကောင်းလာခဲ့ကြောင်း သိရပါတယ်။