ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ခိုင်မာ တည်တံ့အောင် အားပေးတဲ့ အနေနဲ့ ဒေါ်လာ ၄၅ သန်း ပေးပို့ ကူညီသွားမယ်လို့ အမေရိကန်က ပြောပါတယ်။
အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ် အငြင်းပွားမှုကို အကြောင်းပြုပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ ဒီဇင်ဘာလတွေတုန်းက နှစ်ကြိမ် စစ်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်၊ တရုတ်နဲ့ မလေးရှားတို့ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထောက်ခံအားပေးတဲ့ အနေနဲ့ ထိုင်း၊ ကမ္ဘောဒီးယားတို့အတွက် ဒေါ်လာ ၄၈ သန်းကို ပေးပို့သွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ အကြီးအကဲ မိုက်ကယ် ဒီဆွမ်ဘာက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့မှာ ပဋိပက္ခ ကာလအတွင်း စစ်ရှောင်ခဲ့ရတဲ့ ဒေသခံတွေကို ကူညီဖို့နဲ့ မိုင်းရှင်းလင်းရေးလို လုပ်ငန်းတွေအတွက် စုစုပေါင်း ဒေါ်လာ ၄၅ သန်းကို အမေရိကန်က ပေးပို့သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
အဲဒီထဲက ဒေါ်လာ ၁၅ သန်းဟာ နယ်စပ် တည်ငြိမ်ရေးနဲ့ စစ်ရှောင်တွေအတွက် ပြန်လည် ထူထောင်ရေးမှာ သုံးစွဲမှာဖြစ်ပြီး ဒေါ်လာ ၁၀ သန်းကတော့ မိုင်းနဲ့ စစ်လက်ကျန် ခဲယမ်းမီးကျောက်တွေကို ရှင်းလင်းဖို့ ခွဲတမ်း သတ်မှတ်ထားပါတယ်။ နောက်ထပ် ဒေါ်လာ သန်း ၂၀ ကတော့ ဒေသတွင်းမှာ သောင်းကျန်းနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့် လုပ်ငန်း)တွေကို တိုက်ဖျက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာမှာ အထောက်အကူ ဖြစ်စေဖို့လို့ ဒီဆွမ်ဘာက ပြောဆိုသွားပါတယ်။
တရုတ်ကလည်း ထိုင်းနဲ့ နယ်စပ်မှာရှိတဲ့ ကမ္ဘောဒီးယား စစ်ရှောင်တွေကို ကူညီဖို့ ဒေါ်လာ ၂.၈ သန်း ထောက်ပံ့ပေးထားကြောင်း ကြေညာပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က တရုတ်ဟာ ထိုင်းအတွက်လည်း အလားတူ ကူညီဖို့ အဆိုပြုထားပြီး တရုတ်ရဲ့ ကမ်းလှမ်းချက်ကို သူ့ရဲ့ အစိုးရက လက်မခံခင် ချိန်ဆ စဉ်းစားနေဆဲလို့ ဆိုပါတယ်။
တရုတ်နဲ့ အမေရိကန်တို့ဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ ဩဇာဖြန့်ကျက် လွှမ်းမိုးနိုင်ရေးအတွက် ပြိုင်ဆိုင်နေကြတဲ့ အင်အားကြီး နိုင်ငံတွေ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဟာ တရုတ်ရဲ့ အနီးကပ်ဆုံး မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်းကတော့ အစဉ်အလာအရ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လကုန်ပိုင်းက ၅ ရက်ကြာ စစ်ခင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အပစ်ရပ်ခဲ့ကြပေမယ့် ဒီဇင်ဘာ လဆန်းမှာ တိုက်ပွဲတွေ ပြန်စတင်ခဲ့တာပါ။ အဲဒီ ပဋိပက္ခဟာ သီတင်းသုံးပတ်လောက် ကြာမြင့်ပြီးတဲ့နောက် ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ အပစ်ရပ် သဘောတူညီမှုကို နှစ်နိုင်ငံ ဒုတိယအကြိမ် လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ကိုးကား: Euro News
ဓာတ်ပုံ – AP



















































