ဇန်နဝါရီ-၈၊၂၀၂၆။People’s Spring
တရုတ်က အလိုရှိနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)ဒုစရိုက် ဂိုဏ်းခေါင်းဆောင်ချန်ကျိကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံမှာမွေးဖွားခဲ့တဲ့အသက် ၃၇ နှစ်အရွယ် ဘီလီယံနာ လုပ်ငန်းရှင် သူဌေးကြီးဟာ ခရစ္စတိုဒစ်ဂျစ်တယ် ငွေကြေးတွေ လိမ်လည်မှုဆိုင်ရာ ကျယ်ပြန့်လှတဲ့ ဒုစရိုက် ကွန်ရက်ကြီး တစ်ခုကို နောက်ကွယ်ကနေ ကြိုးကိုင်သူအဖြစ် စွပ်စွဲ ခံထားရပါတယ်။ ပြီးတော့ သူ့လက်အောက်က ကျားဖြန့် ဂိုဏ်းတွေဟာတစ်ကမ္ဘာလုံးမှာငွေကြေးလိမ်လည်တာတွေ၊ အလုပ်သမားတွေကိုလှည့်စားခေါ်ဆောင်ပြီး အတင်းအကျပ် ကျွန်ပြုခိုင်းစေတဲ့ လူမှောင်ခို လုပ်ငန်းတွေ အတွက်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
တရုတ်က သူ့ကို အပူတပြင်းအလိုရှိနေသလို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာတော့ အမေရိကန်ကလည်း ချန်ကို ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေမှုအတွက် မျက်ကွယ်မှာ စွဲချက်တင်ခဲ့ပါတယ်။ချန်ဟာအမေရိကန် နိုင်ငံသားတွေဆီကဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ခရစ္စတို ငွေကြေးတွေ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ပြီးတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ချန်နဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ စွပ်စွဲထားတဲ့ ဒေါ်လာ ၁၄ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ခရစ္စတို ငွေကြေးတွေကိုလည်း သိမ်းယူခဲ့ပါတယ်။ ဗြိတိန် အစိုးရကလည်း ချန်ရဲ့ စီးပွားရေး အင်ပါယာဖြစ်တဲ့ Prince Group ကုမ္ပဏီကို ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ် ကြေညာခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ အခြေစိုက်တဲ့အဲဒီလုပ်ငန်းစုကြီးကတော့ ဘယ်လို ရာဇဝတ်မှုမျိုးနဲ့မှ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အောက်တိုဘာလမှာ ချန်ကို အမေရိကန်က စွဲချက်တင်ခဲ့တဲ့တိုင် အဲဒီအချိန် သူဘယ်မှာ ရှိနေသလဲ ဆိုတာက တိတိကျကျ မသိရဘဲ ဖြစ်နေခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ကမ္ဘောဒီးယား အာဏာပိုင်တွေက ချန်အပါအဝင် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးပြီးတရုတ်ဆီလက်လွှဲပေးထားခဲ့တယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ နောက်ထပ် အဖမ်းခံရသူတွေကတော့ ရှုကျိလျန်နဲ့ ရှောင်ကျိဟွေတို့ ဖြစ်တယ်လို့ သိရပါတယ်။
ချန်ကို ဘယ်အချိန်တုန်းက ဖမ်းဆီးရမိခဲ့သလဲ ဆိုတာကိုတော့ ကမ္ဘောဒီးယား ပြည်ထဲရေး ဝန်ကြီးဌာနက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။ ချန်ကို တရုတ်နိုင်ငံသားလို့ ထုတ်ပြန်ချက်ထဲမှာ ရည်ညွှန်းထားပေမယ့် သူဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘောဒီးယား နိုင်ငံသားအဖြစ် ခံယူထားခဲ့ပြီးသားပါ။
တရုတ်အာဏာပိုင်တွေဟာချန်ရဲ့ Prince Groupနဲ့ ပတ်သက်ပြီး နောက်ကွယ်က တရားမဝင် လှုပ်ရှားမှုတွေကို ၂၀၂၀ ပြည့်နှစ်လောက် ကတည်းက တိတ်တဆိတ် စတင်စုံစမ်းနေခဲ့တယ်လို့ ဆိုပါတယ်။တစ်ဖက်မှာတော့ချန်ဟာကမ္ဘောဒီးယားရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဩဇာကြီးမားတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထူထောင်ထားနိုင်ခဲ့ပါတယ်။
Prince Groupအပေါ် အမေရိကန်နဲ့ ဗြိတိန်ရဲ့ပိတ်ဆို့ အရေးယူမှုတွေ ကြေညာပြီးနောက်ပိုင်း စွပ်စွဲချက်တွေ မှန်ကန်ခိုင်မာကြောင်းသေချာစေဖို့ တောင်းဆိုခဲ့တာကလွဲရင် ကမ္ဘောဒီးယား အစိုးရဟာ အဲဒီ လုပ်ငန်းစုနဲ့ ပတ်သက်လို့ လူသိရှင်ကြား သဘောထား မှတ်ချက်ပေးတာမျိုး အရမ်းနည်းပါးခဲ့ကြောင်းလည်း သိရပါတယ်။
အတည်မပြုနိုင်တဲ့ တချို့ ခန့်မှန်းတွက်ချက်မှုတွေကတော့ ကမ္ဘောဒီးယားရဲ့ စီးပွားရေး ထုထည် ထက်ဝက်လောက်မှာ ကျားဖြန့် ကွန်ရက်တွေ ပျံ့နှံ့ အမြစ်တွယ်နှင့်ပြီး ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
ကိုးကား-BBC

















































