-People’s Spring
NATOလို့ အတိုကောက် ခေါ်ဝေါ်တဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ရဲ့ ခေါင်းဆောင် နေရာကို ဥရောပ အင်အားကြီး နိုင်ငံဖြစ်တဲ့ ဂျာမနီက လက်လွှဲယူမယ့်နေ့ကို မျှော်လင့်နေကြောင်း NATOဆိုင်ရာ အမေရိကန် သံအမတ်ကြီး မက်သရူး ဝှစ်တေကာက ပြောကြားခဲ့ပါတယ်။ မနှစ်တုန်းက ဂျာမနီနိုင်ငံရဲ့ ဘာလင်မြို့တော်မှာ ကျင်းပတဲ့ ညီလာခံ တစ်ခုမှာ အမေရိကန် အစိုးရရဲ့ သဘောထားကို သံအမတ်ကြီးက အသိပေးခဲ့တာ ဖြစ်ပါတယ်။ သူက ဒီအပြောင်းအလဲဟာ ခပ်မြန်မြန် ဖြစ်မလာနိုင်လောက်ပါဘူးလို့ ဝန်ခံ အသိအမှတ် ပြုခဲ့တဲ့တိုင် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာတော့ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်သွားစေတာကို မဟန့်တားနိုင်ခဲ့ပါဘူး။ တကယ်တော့ NATOကို စတင်ထူထောင်ချိန် ကတည်းက အမေရိကန်ရဲ့ ခေါင်းဆောင်မှုဟာ တည်တံ့ပြီး အရေးလည်း ကြီးခဲ့တာကြောင့်ပါ။
ဝှစ်တေကာရဲ့ စကားက အိမ်ဖြူတော်မှာ ရှိနေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ NATOနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ပတ်သက်ဆက်နွှယ်မှုကို ကြီးကြီးမားမား ပြောင်းပစ်ချင်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။ ထရမ့်က အမေရိကန်ဟာ NATOနဲ့ ပတ်သက်လို့ လိုတာထက်ပိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းနေရတယ်လို့ ခဏခဏ ဝေဖန်ခဲ့ဖူးပါတယ်။ သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်မဟာမိတ် အဖွဲ့ကြီးကနေ ရုတ်တရက် သစ်စိမ်းချိုး ပုံစံနဲ့ နုတ်ထွက်သွားတာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး။ အဲဒီအစား ထရမ့်ဟာ NATOမှာ အမေရိကန်ရဲ့ ပတ်သက် ပါဝင်မှုကို တစ်ဆင့်ချင်းစီ လျှော့ချမယ့် ခြေလှမ်းမျိုး ဦးတည်နေပါတယ်။ ဒီတော့ ဦးစားပေး လုပ်မယ့်ကိစ္စ တစ်ခုက NATO ခေါင်းဆောင်ဆိုတဲ့ နေရာကို ဥရောပ အင်အားကြီး ဂျာမနီဆီ လွှဲပေးရေး ဖြစ်လာပါတယ်။
ဒါပေမဲ့ NATO ခေါင်းဆောင်ဆိုတဲ့ နေရာကနေ စွန့်ခွာဖို့ ကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့မှာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ NATOရဲ့ စစ်ရေးအစီအမံတွေဟာ အမေရိကန်ရဲ့ အရင်းအမြစ်တွေနဲ့ ဦးဆောင်မှုအောက်မှာ အဓိက တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဂျာမနီသာ မကဘဲ ဘယ်နိုင်ငံမှ အမေရိကန်ရဲ့ နေရာကို တင်းပြည့်ကျပ်ပြည့် အစားထိုး ဝင်ရောက်ဖို့ လောလောဆယ် မဖြစ်နိုင်ပါဘူး။ ဒီတော့ ထရမ့်ကသာ NATOရဲ့ ဦးဆောင်နေရာကို ရုတ်တရက်ကြီး စွန့်ပစ်လိုက်မယ်ဆိုရင် အမေရိကန်ရော၊ ဥရောပရဲ့ လုံခြုံရေး ကဏ္ဍမှာပါ လစ်ဟာမှုတွေ အများကြီး ပေါ်လာမှာ ဖြစ်ပါတယ်။

Public Service Announcement
ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာ ကတည်းက သူဟာ NATOနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ အများကြီး လုပ်ချင်ခဲ့ပါတယ်။ ၄ နှစ်ခြားပြီး အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ပြန်ရောက်လာတဲ့ အခါမှာတော့ ထရမ့်ရဲ့ အနေအထားက သိသိသာသာ ပိုအားကောင်းလာပါတယ်။ သူရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက ထရမ့်ဟာ NATO နိုင်ငံ တော်တော်များများက ကာကွယ်ရေး အသုံးစရိတ်ကို ပေးထားတဲ့ ကတိအတိုင်း လုံလုံလောက်လောက် မသုံးစွဲခဲ့တဲ့အပေါ် ဝေဖန်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဒုတိယ သက်တမ်းကတော့ ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဥရောပ နိုင်ငံတွေကြား လုံခြုံရေး စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ ကာလနဲ့ ကြုံကြိုက်နေပါတယ်။ ဒီတော့ ထရမ့်က NATO နိုင်ငံတွေဟာ နှစ်စဉ် နိုင်ငံ GDPရဲ့ ၅ ရာခိုင်နှုန်းထိ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်ရမယ်လို့ ဖိအားပေး တောင်းဆိုလာပါတယ်။ ပြီးတော့ ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်အင်အားကို လျှော့ချဖို့လည်း သူက စီစဉ်လာပါတယ်။
ထရမ့်ရဲ့ ချဉ်းကပ်ပုံဟာ ငွေကြေးရှုထောင့် တစ်ခုတည်းကပဲ စဉ်းစားထားတာတော့ မဟုတ်ပါဘူး။ တချို့သော နိုင်ငံရေးနဲ့ စစ်ရေး သုတေသီတွေက ဥရောပ နိုင်ငံတွေ ဖက်ကလည်း လုံခြုံရေး၊ စစ်ရေးနဲ့ ပတ်သက်ရင် ကိုယ့်တာဝန်ကိုယ် ပိုတိုးပြီး ယူသင့်နေပြီလို့ ထရမ့်ရဲ့ သဘောထားကို ထောက်ခံ ပြောဆိုထားပါတယ်။
ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်တွေကို အလုံးအရင်း ပြန်ရုပ်သိမ်းမယ့် အရွေ့မျိုးကို အမေရိကန် လွှတ်တော်က ဆန့်ကျင်ထားပါတယ်။ ဒီတော့ အိမ်ဖြူတော်က ကွဲပြားတဲ့ မဟာဗျူဟာမျိုးကို သုံးဖို့ ပြင်ဆင်လာပါတယ်။ အဲဒါကတော့ NATO အဖွဲ့ထဲမှာ အမေရိကန်ရဲ့ ဩဇာ လွှမ်းမိုးမှုကို ကိုယ်တိုင် လျှော့ချယူခြင်း ဖြစ်ပါတယ်။ ဥပမာ NATOရဲ့ တချို့ စစ်ဦးစီး ဌာနတွေမှာ အမေရိကန် ဦးဆောင်နေမှုကို စွန့်လွှတ်တာမျိုး၊ အရေးကြီးတဲ့ ရာထူးနေရာတွေအတွက် အမေရိကန် အရာရှိတွေကို စေလွှတ်ပေးမှုကနေ ရပ်နားလိုက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ တပ်တွေ ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးတဲ့ ကာလမှာ ထရမ့်ဟာ NATOရဲ့ နစ္စဓူဝ လည်ပတ်မှုတွေထဲက အမေရိကန်ရဲ့ ပါဝင် ပတ်သက်မှုကို လျှော့ချဖို့ကို ထရမ့်က ဦးစားပေးမယ့် အဓိပ္ပါယ်ပါပဲ။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ အမေရိကန်ဟာ NATOရဲ့ အဆင့်အမြင့်ဆုံး စစ်ရေး ဦးဆောင်မှုကို စွန့်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီရာထူးကို အမေရိကန် ဗိုလ်ချုပ်ကြီး ဒွိုက် အိုက်ဆင်ဟောင်ဝါးက ထိန်းချုပ်ထားပါတယ်။ ပြီးတော့ NATOရဲ့ ပူးပေါင်း စစ်ဦးစီးချုပ် နေရာဆိုတာဟာ အစဉ်အဆက် အမေရိကန်ရဲ့ လက်ထဲမှာပဲ ရှိခဲ့တာပါ။ အမေရိကန် လွှတ်တော်အမတ် အများစုကတော့ NATOရဲ့ စစ်ရေးဦးဆောင် နေရာကို အမေရိကန် စွန့်လွှတ်မယ်ဆိုတဲ့ စိတ်ကူးမျိုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်သွားစေနိုင်ကြောင်း သတိပေးထားကြပါတယ်။
နောက်ပိုင်းမှာတော့ ထရမ့်ဟာ အဲဒီရာထူးကို အမေရိကန် စစ်အရာရှိတွေ မခန့်အပ်ဖို့ အကြံအစည်ကို စွန့်လွှတ်လိုက်ဟန် ရှိပေမယ့် နောက်ကွယ်မှာတော့ ကွဲပြားတဲ့ ချဉ်းကပ်ပုံ အပြောင်းအလဲတွေအတွက် ဆက်ပြီး ကြံစည်နေဆဲပါ။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ NATOရဲ့ အရေးပါတဲ့ စစ်ရေး ဌာနချုပ်တွေကို ဥရောပ နိုင်ငံတွေရဲ့ စစ်ဦးစီး အရာရှိတွေ လက်ထဲ လွှဲပေးဖို့၊ NATOရဲ့ စစ်ရေး အခင်းအကျင်းတွေကို ၂၀၂၇ မှာ ဥရောပရဲ့ ဦးဆောင်မှုအောက် လွှဲပြောင်းပေးဖို့ အိမ်ဖြူတော်က ဆက်ပြီး အားထုတ်နေတယ်လို့ သိရပါတယ်။
စစ်မဟာမိတ်တွေထဲမှာတော့ ခေါင်းဆောင်နေရာဟာ တပ်အင်အားနဲ့ အရင်းအမြစ် အများဆုံး ထောက်ပံ့ပေးနိုင်တဲ့ အစုအဖွဲ့ဆီကို ရောက်သွားလေ့ ရှိပါတယ်။ အမေရိကန်ဟာ NATOမှာ ပါဝင်တဲ့ အခန်းကဏ္ဍကို လျှော့ချရင်း ခေါင်းဆောင်နေရာကနေ အလိုလို ဖယ်ခွာလာနိုင်မယ်လို့ ထရမ့်က ယူဆထားပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဟာ NATOရဲ့ အရေးအကြီးဆုံး စစ်ရေး တာဝန်တွေမှာ ခေါင်းဆောင်မှု နေရာကို ယူထားပါတယ်။ စစ်ဆင်ရေးတွေ ရေးဆွဲမှု၊ ကာကွယ်ရေး ရည်မှန်းချက်တွေ သတ်မှတ်မှုတွေ အားလုံးမှာ အမေရိကန်က ဦးဆောင်နေတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရ အဆက်ဆက်က ဥရောပမှာ အမေရိကန်ရဲ့ ဩဇာ လွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်တဲ့အတွက် ဒီလို တာဝန်မျိုး ယူပေးရတာ ထိုက်တန်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ NATOအတွက် အများကြီး တာဝန်ယူပေးနေရပေမယ့် အမေရိကန် ပြန်ရတာတွေကတော့ သိပ်ကို နည်းလွန်းတယ်လို့ ယူဆခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဥရောပ နိုင်ငံတွေရဲ့ စစ်အင်အားက ပိုမိုတောင့်တင်းလာနေပေမယ့် အမေရိကန်ကသာ NATOရဲ့ အဓိက ကျောရိုးအဖြစ် အဖွဲ့ဝင် နိုင်ငံတွေကို ဆက်ပြီး ထောက်ပံ့ ရပ်တည်ပေးနေရဆဲပါ။ အမေရိကန်လုပ် စစ်လက်နက်တွေ၊ အထူးသဖြင့် အမေရိကန်ရဲ့ နျူကလီးယားလက်နက် အင်အားဟာ ဥရောပရဲ့ လုံခြုံရေးအတွက် သိပ်အရေးကြီးပါတယ်။ ဒီတော့ အဲဒီ အခန်းကဏ္ဍတွေမှာ ပါဝင်မှုကို အမေရိကန်က လွန်လွန်ကျွံကျွံ လက်လျှော့လိုက်မယ်ဆိုရင် NATOရဲ့ မဟာဗျူဟာ အခင်းအကျင်း အားလုံးမှာ အားယုတ်သွားစေနိုင်ပါတယ်။
ထရမ့်ရော၊ NATOပါ အဆင်ပြေစေဖို့အတွက် ဥရောပ နိုင်ငံတွေ အနေနဲ့ သမားရိုးကျ စစ်လက်နက်တွေကို ပိုမို ဖြည့်တင်းပြီး အမေရိကန် တပ်တွေကတော့ နျူကလီးယား တိုက်ခိုက်ရေး ကဏ္ဍအတွက်ပဲ အဓိကထားပြီး ဥရောပမှာ ဆက်လက် ဖြန့်ကျက်ထားတာမျိုး လုပ်သင့်ကြောင်း အကြံပေးသူတွေလည်း ရှိပါတယ်။ ဆိုဗီယက် ပြည်ထောင်စုဆီက ခြိမ်းခြောက်မှု အားကောင်းနေတဲ့ စစ်အေးခေတ်တုန်းက အဲဒီ အကြံမျိုးကို စဉ်းစားခဲ့ဖူးပေမယ့် လက်တွေ့မှာ ပြဿနာတွေ အများကြီး ရှိနိုင်တာကြောင့် စွန့်လွှတ်ခဲ့ရပါတယ်။
နောက်ပြီး အမေရိကန် တပ်ဖွဲ့ဝင်တွေ၊ စစ်ဦးစီး အရာရှိတွေ ဥရောပမြေမှာ လျော့နည်းသွားတာဟာ ဥရောပရဲ့ လုံခြုံရေးအပေါ် အမေရိကန်ရဲ့ အာရုံစိုက်မှု ကျဆင်းသွားတဲ့ အဓိပ္ပါယ် ဖြစ်လာမှာကို ဥရောပ ခေါင်းဆောင်တွေက စိုးရိမ်ပါတယ်။ အကျိုးဆက်ကတော့ ရုရှားနဲ့ တရုတ်လို ပြိုင်ဘက်တွေက NATOရဲ့ စည်းလုံးမှုကို သွေးတိုးစမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး စစ်ဆင်ရေး အစီအမံတွေအတွက် ဦးဆောင်နေရာမှာ အမေရိကန် အရာရှိတွေကို ဖယ်ထုတ်လိုက်တာဟာ အနာဂတ် NATO မစ်ရှင်တွေကို ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်။ နောက်ပြီး ရှိရင်းစွဲ အခြေအနေမှာတော့ ဥရောပ စစ်တပ် အတော်များများဟာ လေ့ကျင့်သားနဲ့ အတွေ့အကြုံ ပြည့်ဝနေတဲ့ အရာရှိတွေ ရှားပါးတဲ့ ပြဿနာနဲ့ ကြုံနေရတာကြောင့် NATOကနေ အမေရိကန် အရာရှိတွေ ရုပ်သိမ်းသွားရင်း အစားထိုး ဖြည့်ဆည်းပေးနိုင်ဖို့ လူ့အရင်းအမြစ် မလုံလောက်ပါဘူး။
နောက်ထပ် ပြဿနာတစ်ခုကတော့ တကယ်လို့ အမေရိကန် မဟုတ်တဲ့ နိုင်ငံတစ်ခုက NATOရဲ့ စစ်ဦးစီး တာဝန်ယူလိုက်တဲ့အခါ အဲဒီပုဂ္ဂိုလ်ဟာ NATO အဖွဲ့ဝင် အမေရိကန် တပ်တွေကို အမိန့်ပေးရမှာ ဖြစ်ပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ အဲဒီ အခြေအနေမျိုးကို ကာလရှည်ကြာ ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီတော့ အမေရိကန် မဟုတ်တဲ့ NATO စစ်ဦးစီးဟာ အမေရိကန် တပ်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ မေးခွန်းက အတော်လေး ဖြေရခက်စေပါလိမ့်မယ်။
လက်ရှိမှာတော့ အမေရိကန် လွှတ်တော်ဟာ သမ္မတ အနေနဲ့ စနစ်တကျ သုံးသပ်မှုတွေ မပါဘဲ NATOရဲ့ ခေါင်းဆောင်နေရာတွေက နုတ်ထွက်ခွင့် မရှိစေဖို့ ဥပဒေကြမ်းတွေ ရေးဆွဲ အဆိုပြုနေကြပါတယ်။ လုပ်ထုံးလုပ်နည်းတွေအရ NATOဟာ ဥရောပ အခြေစိုက် အမေရိကန် စစ်ဌာနချုပ်ရဲ့ မစ်ရှင်တွေကိုပါ ကြီးမှူးပါတယ်။ ဒီတော့ အမေရိကန် မဟုတ်တဲ့ NATO ခေါင်းဆောင်မှုဟာ စစ်ဌာနချုပ် နှစ်ခုကြားက အချိတ်အဆက်တွေကိုပါ အနှောင့်အယှက် ဖြစ်စေပြီး နိုင်ငံတကာ စစ်ဆင်ရေးကြီးတွေမှာ အရှုပ်အထွေးတွေ အများကြီး ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ဥရောပ အခြေစိုက် စစ်စခန်းတွေအပေါ် မှီခိုထားရတဲ့ အမေရိကန်ရဲ့ စစ်ရေး အစီအမံတွေမှာ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။
သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ခိုင်မာတဲ့ စစ်ရေးမဟာမိတ်တွေရဲ့ ခေါင်းဆောင်နေရာ အလွှဲအပြောင်းတွေက သိပ်ခက်ခဲတယ်ဆိုတာ သင်ခန်းစာ ယူနိုင်ပါတယ်။ ကိုရီးယားကျွန်းဆွယ်က ပူးပေါင်း စစ်ဆင်ရေးတွေမှာ တောင်ကိုရီးယားကို ခေါင်းဆောင်နေရာ ယူစေလိုကြောင်း အမေရိကန်က ကမ်းလှမ်းပြီး နှစ်ပေါင်းများစွာ ညှိနှိုင်းနေပေမယ့် လက်တွေ့မှာတော့ ဘယ်တုန်းကမှ တင်းပြည့်ကျပ်ပြည့် အကောင်အထည် ပေါ်မလာတာက အကောင်းဆုံး ဥပမာ တစ်ခုပါပဲ။
အမေရိကန် အနေနဲ့ NATOမှာ ခေါင်းဆောင်နိုင်ငံ မဟုတ်ဘဲ သာမန် အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ်ပဲ ဆက်ပြီး ရှိနေဖို့ရော မဖြစ်နိုင်ဘူးလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို လျှော့ယူလိုက်တဲ့အခါ ဩဇာလွှမ်းမိုးနိုင်မှုကလည်း လျော့သွားရမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။
ထရမ့်ရဲ့ အစိုးရက NATOမှာ ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေကို လျှော့ချလိုက်တာဟာ အမေရိကန်အတွက် ပိုပြီး လွတ်လပ်သွားစေမယ်လို့ ယူဆထားပေမယ့် လက်တွေ့အားဖြင့် NATO ခေါင်းဆောင်မှုကို စွန့်လွှတ်တာဟာ အမေရိကန်ရဲ့ ကမ္ဘာ့အခင်းအကျင်းတွေကို စီမံကိုင်တွယ်နိုင်စွမ်းကိုပါ ထိခိုက်သွားစေမှာ ဖြစ်ပါတယ်။
အမေရိကန်ဟာ NATOကနေ အလုံးစုံ နုတ်ထွက်တာမျိုး မဟုတ်ပေမယ့် ပါဝင်ပတ်သက်မှုနဲ့ ခေါင်းဆောင်မှုတွေကို တဖြည်းဖြည်းချင်း လျှော့ချဖို့ စိုင်းပြင်းနေပါတယ်။ ဒါဟာ ဆယ်စုနှစ်တွေနဲ့ချီ မှတ်ကျောက်အတင် ခံနိုင်ခဲ့တဲ့ မဟာမိတ် ဆက်ဆံရေးရဲ့ ခိုင်မာ အားကောင်းမှုကို လွင့်ပါးပျက်ပြယ်သွားစေမှာ ဖြစ်ပါတယ်။ ထရမ့် ယူဆသလိုပဲ ဒီအရွေ့ဟာ အမေရိကန်အတွက် ဝန်ပေါ့သွားစေမယ် ဆိုရင်တောင် အနာဂတ်မှာတော့ အမေရိကန်ရဲ့ ဘေးကင်းလုံခြုံမှုဟာ ပိုပြီး ခြိမ်းခြောက်ခံလာရမယ့် ဘေးထွက်ဆိုးကျိုး တစ်ခုကိုတော့ လက်ခံထားရမှာ ဖြစ်ပါတယ်။

















































