close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်မြေပြင်ဆီ ရိုက်ခတ်လာမယ့် အီရန်စစ်ပွဲရဲ့ ဂယက်များ

အီရန်မှာ စစ်မီးက ပိုမို အရှိန်မြင့် တောက်လောင်လာချိန်မှာ ယူကရိန်းမြေက ရှိရင်းစွဲ စစ်ပွဲကလည်း အရှိန်မပျက် ရှေ့ဆက်နေပါတယ်။ ပထဝီဝင် အနေအထားအရ အဲဒီနှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၂၅၀၀ လောက် ကွာလှမ်းပါတယ်။ မြေပုံပေါ်မှာ ကွာဝေးပေမယ့် အီရန်မှာ ဖြစ်ပေါ်လာတဲ့ စစ်ပွဲအသစ်ဟာ ယူကရိန်း စစ်မြေပြင်အပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာမယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ကြပါတယ်။

အီရန်မှာ စစ်မီးက ပိုမို အရှိန်မြင့် တောက်လောင်လာချိန်မှာ ယူကရိန်းမြေက ရှိရင်းစွဲ စစ်ပွဲကလည်း အရှိန်မပျက် ရှေ့ဆက်နေပါတယ်။ ပထဝီဝင် အနေအထားအရ အဲဒီနှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၂၅၀၀ လောက် ကွာလှမ်းပါတယ်။ မြေပုံပေါ်မှာ ကွာဝေးပေမယ့် အီရန်မှာ ဖြစ်ပေါ်လာတဲ့ စစ်ပွဲအသစ်ဟာ ယူကရိန်း စစ်မြေပြင်အပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာမယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်ကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို စတင် တိုက်ခိုက်ရာက အရှေ့အလယ်ပိုင်းမှာ စစ်ပွဲအသစ်တစ်ခု အစပြုလာခဲ့ပါတယ်။ အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး အပြင်းအထန် လက်တုံ့ပြန် တိုက်ခိုက်ရာက အီရန်စစ်ပွဲဟာ ဒေသတွင်း စစ်ရေးပဋိပက္ခကြီး တစ်ခုအသွင် ကျယ်ပြန့်လာပါတယ်။ ပြီးတော့ လက်ရှိ တောက်လောင်နေတဲ့ စစ်မီးက အရမ်းမြန်မြန် ပြန်ငြိမ်းသွားမယ့် အလားအလာမျိုး မတွေ့ရသေးပါဘူး။ စစ်ပွဲ အဖွင့်နေ့မှာတင် နိုင်ငံရဲ့ခေါင်းဆောင်ပါ လုပ်ကြံခံလိုက်ရတဲ့ နာကြည်းမှုမျိုးက အီရန်အတွက် အလျှော့ပေးလိုက်ဖို့ ခက်ခဲလွန်းနေပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာထိ ရှေ့ဆက်သွားမလဲ ဆိုတာကို ဘယ်သူမှ တိတိကျကျ မသိနိုင်သေးပါဘူး။ အီရန်စစ်ပွဲကို အကြောင်းပြုပြီး ထရမ့်ရဲ့ ဆုံးဖြတ်ချက် တစ်ခုစီတိုင်းဟာ ကမ္ဘာအနှံ့ကို ဂယက်ရိုက်ခတ် သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။ အဲဒီလိုပဲ ယူကရိန်းမြေမှာ စစ်ခင်းနေကြတဲ့ ယူကရိန်းနဲ့ ရုရှားအပေါ်မှာလည်း သိသာမြင်သာတဲ့ ရိုက်ခတ်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ အမြင်သာဆုံး ဥပမာ တစ်ခုအနေနဲ့ အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဆီ လက်နက်တွေ ဖြည့်တင်း ပို့ဆောင်နေရတာကြောင့် ယူကရိန်းကို ထောက်ပံ့ပေးနိုင်စွမ်း လျော့ပါးသွားနိုင်ပါတယ်။ ဒီတော့ အီရန်မှာ စစ်ဖြစ်တာက ရုရှားကို အကျိုးရှိစေမလားလို့ ယူဆရင်လည်း ရာနှုန်းပြည့် မမှန်ပြန်ပါဘူး။ ရေရှည်မှာ ဒီစစ်ပွဲကြောင့် ရုရှားအပေါ် အနုတ်လက္ခဏာဆန်တဲ့ ထိခိုက်စေမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

တကယ်တော့ အီရန်ဟာ ရုရှားရဲ့ မဟာမိတ်ပါ။ အီရန်အစိုးရ ချေမှုန်းခံလိုက်ရတာဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ရုရှားရဲ့ အရေးအကြီးဆုံး မဟာမိတ် အစိုးရတစ်ခု ပျက်သုဉ်းမှု ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ရုရှားအတွက် ရေရှည်မှာ စိုးရိမ်စရာ သက်ရောက်မှုတွေ အများကြီး ရှိလာစေနိုင်ပါတယ်။ ရုရှားရဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေကဆိုရင် အမေရိကန်ဟာ ရုရှားရဲ့ မဟာမိတ်တွေကို စနစ်တကျ၊ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်နေပြီလို့ စိုးရိမ်တကြီး ဝေဖန်လာပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံးတစ်ဦးဖြစ်ပြီး ကိုယ်တိုင်လည်း ရုရှားသမ္မတအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒီမီထရီ မက်ဗီဒက်ဗ်က အမေရိကန်ဟာ အီရန် နျူကလီးယား ထိန်းချုပ်ရေးအတွက် အီရန်နဲ့ ညှိနှိုင်းပြခဲ့တယ် ဆိုတာက အကြောင်းပြချက်ပေးရုံ သက်သက်ပဲဖြစ်ပြီး ထရမ့်က ဘယ်နည်းနဲ့ဖြစ်ဖြစ် အီရန်ကို တိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီးသားလို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီနဲ့ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုတို့ရဲ့ ကြီးစိုးမှုတွေဟာ အမေရိကန် လက်ချက်ကြောင့် ရုတ်တရက်ဆန်ဆန် နိဂုံးချုပ်သွားကြပါတယ်။ သူတို့အလှည့် အပြီးမှာ နောက်ထပ် ထရမ့်ရဲ့ ပစ်မှတ်ဟာ ပူတင်ကိုယ်တိုင် ဖြစ်လာနိုင်တယ်လို့ အနောက်နိုင်ငံတွေရဲ့ မီဒီယာ တချို့ကလည်း သုံးသပ် ဖော်ပြကြပါတယ်။ ဒီယူဆချက်ဟာ အလွန်အကျွံ ပုံကြီးချဲ့ထားသလို ဖြစ်နေပေမယ့် လုံးဝဥဿုံ လက်တွေ့မကျဘူးလို့လည်း မပြောနိုင်ပြန်ပါဘူး။ အထူးသဖြင့် ထရမ့်က ဘာတွေလုပ်ချင်တယ်၊ ဘာတွေ ကြံစည်ထားတယ် ဆိုတာက မှန်းဆရ ခက်လွန်းပါတယ်။ ပူတင် ကိုယ်တိုင်ကတော့ အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း ခါမေနီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းဆီ ပေးပို့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ အီရန်စစ်ပွဲဟာ ရုရှားအတွက် မဟာမိတ် နိုင်ငံတစ်ခုကို စတေးလိုက်ရတာမျိုး ဖြစ်ရင်တောင်မှ တခြားကောင်းကျိုးတွေကို ပြန်လည် ရရှိနေစေပါတယ်။ ယူကရိန်းဟာ အမေရိကန်ဆီက စစ်လက်နက်တွေ ရရှိနိုင်စွမ်း လျော့ကျသွားပါတယ်။ လတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ လေကြောင်းရန် ကာကွယ်ရေး မစ်ရှင်တွေမှာ လိုအပ်တဲ့ ဝေဟင်ခွင်းဒုံးတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက အမေရိကန်ဆီကနေ ဆက်ပြီး မရတော့ဘူးလို့ သိရပါတယ်။ အီရန်မှာ စစ်ပွဲဖြစ်လာတဲ့အခါ ဒီပြဿနာက ယူကရိန်းအတွက် ပိုဆိုးဖို့ပဲ ရှိပါတယ်။ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး စွမ်းဆောင်ရည် ကျဆင်းသွားတာဟာ ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတပ်ဖွဲ့တွေအတွက် သတင်းကောင်းပါပဲ။

နောက်ပြီး စစ်ပွဲစလာတဲ့နောက် အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ရေနံတင်ပို့မှုမှာ အသက်သွေးကြော လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အရှေ့အလယ်ပိုင်း ဒေသတွေက ထုတ်လုပ်တဲ့ ရေနံတွေကို ကမ္ဘာအနှံ့ တင်ပို့ဖို့ အရမ်းခက်ခဲသွားပါတယ်။ ဒီတော့ ရေနံနဲ့ လောင်စာဆီ ရှားပါးမှုတွေ ကြုံလာနိုင်ပြီး ကမ္ဘာ့ရေနံစျေးတွေ မြင့်တက်လာပါတယ်။ ရုရှားဟာ ကမ္ဘာပေါ်မှာ ရေနံအထွက်ဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်ပြီး ရေနံတင်ပို့ ရောင်းချမှုတွေက အဓိက နိုင်ငံခြားဝင်ငွေ အရင်းအမြစ်တစ်ခု ဖြစ်နေပါတယ်။ ကမ္ဘာ့ရေနံစျေး တက်လာတာဟာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကြောင့် အကျပ်အတည်း ကြုံနေတဲ့ ရုရှားရဲ့ စီးပွားရေးကို အထောက်အပံ့ကောင်းတွေ ရလာစေနိုင်ပါတယ်။

အီရန်စစ်ပွဲ ပြီးသွားရင်တောင်မှ အီရန်ဟာ ရေနံတင်ပို့မှုတွေကို ခပ်မြန်မြန် ပြန်လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခါ အီရန်ရေနံကို သိမ်းကြုံး ဝယ်ယူနေတဲ့ တရုတ်အတွက် ပြဿနာ ဖြစ်လာပါလိမ့်မယ်။ တရုတ်မှာလည်း ရေနံတွင်းတွေ ရှိနေတာကြောင့် ရေတို ဖြေရှင်းမှုလောက်မှာ အဆင်ပြေပေမယ့် အီရန်ဆီက တင်သွင်းတဲ့ ရေနံတွေ နေရာမှာ အစားထိုး အရင်းအမြစ်ကို ရှာရပါလိမ့်မယ်။ အီရန်က ထုတ်လုပ်သမျှ ရေနံအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ တရုတ်ဆီ တင်ပို့ထားတာဖြစ်ပြီး တရုတ်ရဲ့ ပြည်ပကနေ ရေနံတင်သွင်းမှု အားလုံးရဲ့ ၁၃ ရာခိုင်နှုန်းလောက်နဲ့ ညီမျှပါတယ်။ စွမ်းအင်လိုအပ်ချက် ကြီးမားတဲ့ တရုတ်ဟာ အနာဂတ်မှာ ရုရှားရဲ့ ရေနံကို ပိုပြီး မှီခိုရတော့မယ့် သဘောပါပဲ။ ဒီအခြေအနေက ရုရှားနဲ့ တရုတ်ကြား စီးပွားရေး ပေါင်းကူး ဆက်ဆံမှုကို ပိုမို အားကောင်းလာစေနိုင်ပြီး တရုတ်အပြင် နောက်ထပ် ရေနံဝယ်လက် နိုင်ငံတွေကိုပါ ရုရှားက ရရှိလာနိုင်ခြေ ရှိပါတယ်။

ဒီတော့ အီရန်စစ်ပွဲဟာ ရုရှားအတွက် နိုင်ငံရေးနဲ့ သံတမန်ရေးအရ ထိခိုက်မှုတွေ ရှိစေသလို တစ်ဖက်မှာ ကုန်သွယ်ရေး၊ စီးပွားရေး အကျိုးအမြတ်တွေ ရလာစေမယ့် သဘောပါပဲ။ ယူကရိန်းကတော့ ရုရှားနဲ့ယှဉ်ရင် အီရန်စစ်ပွဲကြောင့် ကြုံလာမယ့် သက်ရောက်မှုတွေက အနုတ်လက္ခဏာ ပိုများပါတယ်။

အစောပိုင်းမှာ ပြောခဲ့သလိုပဲ အသိသာဆုံး ထိခိုက်မှုကတော့ အမေရိကန်ဟာ စစ်လက်နက်တွေကို ယူကရိန်းအစား အရှေ့အလယ်ပိုင်းဆီ ပုံအောပြီး ပေးပို့ရတော့မယ့် ကိစ္စပါပဲ။ ထရမ့်က အမေရိကန်ဟာ စစ်ပွဲကို ထာဝရ တိုက်ခိုက်နေနိုင်လောက်အောင် လုံလောက်တဲ့ အလယ်အလတ်တန်းစားအဆင့် စစ်လက်နက်တွေ အလုံးအရင်း သိုမှီးထားတယ်လို့ ထရမ့်က ကြွေးကြော်ထားပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကပဲ တချို့သော ခေတ်အမီဆုံး စစ်လက်နက် စနစ်တွေက မျှော်လင့်သလောက် ဖြည့်တင်းနိုင်စွမ်း မရှိဘူးလို့ ဝန်ခံထားပြန်ပါတယ်။

ယူကရိန်းကို အနောက်ဥရောပ နိုင်ငံတွေကလည်း စစ်လက်နက်တွေ ဝိုင်းဝန်းထောက်ပံ့ ပို့ဆောင်ပေးနေတယ် ဆိုပေမယ့် ရုရှားကျူးကျော်စစ်ကို ကြံ့ကြံ့ခံရာမှာ အမေရိကန် စစ်လက်နက်တွေကသာ ယူကရိန်းအတွက် အဓိက အားကိုးရာ ဖြစ်နေပါတယ်။ ထရမ့်လက်ထက်မှာတော့ အမေရိကန်က ယူကရိန်းဆီ စစ်လက်နက် ထောက်ပံ့မှုတွေကို လျှော့ချပစ်လိုက်ပေမယ့် ဥရောပ နိုင်ငံတွေက အမေရိကန် စစ်လက်နက်တွေကို ယူကရိန်းအတွက် ကူညီဝယ်ယူ ဖြည့်တင်းပေးတဲ့ အပြောင်းအလဲမျိုးကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အီရန်မှာ စစ်ပွဲဖြစ်လာတဲ့ အခါမှာတော့ ဥရောပ နိုင်ငံတွေက ကြားဝင်ပြီး လက်နက်ဝယ်ပေးရင်တောင် အမေရိကန်က ယူကရိန်းဆီ ရောင်းချဖို့ ခက်သွားပါတယ်။

ဒီပြဿနာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်လယ်တုန်းက အီရန်နဲ့ အစ္စရေးကြား ၁၂ ရက်ကြာ စစ်ရေး ပဋိပက္ခ ဖြစ်ခဲ့တုန်းကလည်း ထရမ့်ဟာ ယူကရိန်းဆီ ပို့ပေးမယ့် ဒုံးကျည်တွေကို အစ္စရေးဆီ လွှဲပြောင်းပေးခဲ့တာကြောင့် ယူကရိန်းစစ်တပ်အတွက် ဗျာများစရာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ အခြေအနေမျိုးက လက်ရှိ စစ်ပွဲမှာ ပိုပြီး အချိန်ကြာလာမယ် ဆိုရင်တော့ ယူကရိန်းအတွက် ရတက်မအေးစရာပါပဲ။ ထရမ့်က သူ့ရဲ့ နိုင်ငံရေး ကြွေးကြော်သံအဖြစ် ‘အမေရိကန်သာ ပဓာန’လို့ အမြဲတမ်း ပြောလေ့ရှိပါတယ်။ လက်တွေ့မှာတော့ သူဟာ အစ္စရေး မျက်နှာမညိုစေဖို့ပဲ အရိပ်တကြည့်ကြည့် ဂရုစိုက်နေတဲ့ ‘အစ္စရေးသာ ပဓာန’သမားကြီး ဖြစ်နေကြောင်း ရယ်သွမ်းသွေး လှောင်ပြောင်မှုတွေတောင် ရှိနေပါတယ်။

အီရန်စစ်ပွဲကြောင့် လက်နက် အထောက်အပံ့ ရရှိမှု အားလျော့သွားတာ ယူကရိန်းချည်းပဲတော့ မဟုတ်ပါဘူး။ ရုရှားဟာလည်း အီရန်ဆီကနေ Shahed ဒရုန်းတွေ ဝယ်ယူတင်သွင်းမှုကနေ လောလောဆယ် အဆက်ပြတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေကို အီရန်ဆီက ဝယ်ယူပြီးတဲ့နောက် ယူကရိန်းစစ်ပွဲမှာ ရုရှားက အမြောက်အမြား အသုံးပြုနေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ ရုရှားကိုယ်တိုင်လည်း ပြည်တွင်းမှာ ဒရုန်းထုတ်လုပ်နိုင်စွမ်းကို ပိုမို မြှင့်တင်လာတာကြောင့် ဒီပြဿနာကို အထိုက်အလျောက်တော့ ခုသာခံသာဖြစ်အောင် ဖြေရှင်းနိုင်မယ့် သဘောပါ။ စစ်ရေး အကဲခတ်တွေကတော့ ရုရှားကုမ္ပဏီတွေဟာ မူရင်း အီရန်နည်းပညာအပေါ် အခြေပြုပြီး ပိုပြီး စျေးသက်သာတဲ့၊ ပိုပြီး မြန်မြန် ပျံသန်းနိုင်တဲ့ ဒရုန်းတွေပါ ထုတ်လုပ်နေနိုင်ပြီလို့ ခန့်မှန်းထားပါတယ်။

နောက်ထပ် စဉ်းစားရမှာ တစ်ချက်က အီရန်ကို စစ်ပြုတိုက်ခိုက်ခဲ့တဲ့နောက် ရုရှား-ယူကရိန်း စစ်ပွဲမှာ အမေရိကန်ရဲ့ ကြားဝင် ညှိနှိုင်းပေးနေမှုက ဘယ်လို လမ်းကြောင်းဆီ ဦးတည်လာဦးမလဲ ဆိုတာပါပဲ။ အစောပိုင်းမှာ အဲဒီနှစ်နိုင်ငံကြား အမေရိကန်က ကြားဝင် စေ့စပ်ပေးနေခဲ့ရာမှာ အောင်မြင်မှုက အကန့်အသတ်နဲ့သာ ရှိခဲ့ပါတယ်။ ထရမ့်ဟာ စေ့စပ်ဆွေးနွေးမှုတွေမှာ ရုရှားနဲ့ယှဉ်ရင် ယူကရိန်းကို ပိုပြီး ဖိသလို သဘောထားမျိုး ပြသခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရုရှားအတွက် အင်အားဖြစ်စေမယ့် မဟာမိတ်တွေကို ဆက်တိုက် ဖြိုနေတာကြောင့် ထရမ့်ရဲ့ စိတ်က ရုရှားဖက်ကို ယိမ်းပါတယ်လို့ စွပ်စွဲလို့လည်း မရပြန်ပါဘူး။

သေချာတာကတော့ အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသထဲမှာ စစ်ပွဲအသစ်တစ်ခု ပေါ်ပေါက်လာတာက ယူကရိန်း စစ်ပွဲကို ပိုပြီး သက်တမ်းရှည်သွားစေမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရုရှားနဲ့ ယူကရိန်းတို့ကြား ခပ်မြန်မြန် ငြိမ်းချမ်းရေး ရသွားမလားဆိုတဲ့ မျှော်လင့်ချက်ကို လောလောဆယ် မေ့ထားလို့ ရသွားပါပြီ။ နိုင်ငံတကာ အခင်းအကျင်း အပြောင်းအလဲတွေဟာ တစ်ခုကိုတစ်ခု ဆက်စပ်မှု၊ သက်ရောက် ရိုက်ခတ်မှုတွေ ရှိနေပြီး အီရန်စစ်ပွဲဟာ ယူကရိန်း ပဋိပက္ခရဲ့ သဘောသဘာဝနဲ့ အနာဂတ်ကို အထိုက်အလျောက် ပုံဖော်လာပါလိမ့်မယ်။ ယူကရိန်းကတော့ ပိုပြီး ကျပ်တည်းလာမယ့် အခြေအနေတွေကို မျှော်လင့်ထားရမှာဖြစ်ပြီး ရုရှားကလည်း ကိစ္စတိုင်း အကောင်းမြင်စရာ မဟုတ်တဲ့တိုင် စစ်ရေးနဲ့ စီးပွားရေးအရ အားသာချက် တချို့ကို ပိုင်ဆိုင်လာပါလိမ့်မယ်။

အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခုကို စတင်စေလိုက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံတည်းသာ မဟုတ်ဘဲ ကမ္ဘာအနှံ့မှာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု လှိုင်းအသစ်တွေကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေထဲပင်လယ်မှာ ရေနံတင် သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်လို့ ရုရှားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အမျိုးသား တစ်ဦးကို လွှတ်တော်ထဲကနေ ဆွဲထုတ်ခဲ့ရကြောင်း အမေရိကန် လွှတ်တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

သတင်း

ထုတ်ပြောပြီးနောက် မန္တလေးမြို့မှာ ဆီတန်းစီသူတွေ ပိုမိုများပြားလာကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ်ရဲ့ ပစ်ခတ် နှစ်မြှုပ်မှုကို ခံခဲ့ရတဲ့ အီရန် စစ်သင်္ဘောပေါ်က ရုပ်အလောင်း ၉၀ နီးပါးထိ သီရိလင်္ကာ ရေတပ်က ဆယ်ယူ ရရှိထားပြီးဖြစ်ကြောင်း သိရပါတယ်။