close
Connect with us

Hi, what are you looking for?

ဆောင်းပါး

လွတ်လပ်​ရေး တိုက်ပွဲဝင်​နေတဲ့ ပုခက်လွှဲသော လက်တစုံ

မင်းကွန်းတိုက်နယ်ထဲကချောင်းမကြီးရွာအနီးမှာ စစ်တပ်နဲ့ ​PDF ​​တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ် ကသေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့ပါတယ်။

( တစ်နှစ်​ကျော်အရွယ်က​လေးငယ်ကို အဖွားဆီမှာထားပြီး စစ်​မြေပြင်မှာ ​တော်လှန်​ရေးတပ်​တွေနဲ့အတူ စစ်တပ်ကိုတိုက်ခိုက်ဖို့ ပြင်ဆင်​နေတဲ့ ဒရုန်းတပ်ဖွဲ့ဝင် မမီးမီး ။ဓါတ်ပုံ-PS)

ရှိန်း/People’s Spring

မင်းကွန်းတိုက်နယ်ထဲကချောင်းမကြီးရွာအနီးမှာ စစ်တပ်နဲ့ ​PDF ​​တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ် ကသေဆုံးဒဏ်ရာရသူများပြီးအထိနာခဲ့ပါတယ်။

၂၀၂၆ဇန်နဝါရီ၂၅ရက်နေ့က ချောင်းမကြီးရွာနားမှာတပ်မ (၃၃)လက်​အောက်ခံစစ်တပ် စစ်ကြောင်းကိုPDF ​တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ၁၀ဦးခန့်သေဆုံးပြီးစစ်ကြောင်းပြန်ဆုတ်သွားပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီလိုတိုက်ပွဲ​တွေကသိပ်တော့မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီတိုက်ပွဲမှာဒရုန်းတပ်သားအဖြစ်ပါဝင်ခဲ့တဲ့ မမီးမီးအတွက်ကတော့ ရင်​သွေးငယ်​လေး​မွေးဖွားပြီးမိခင်ဘဝ ဆယ်လအကြာမှာတိုက်ပွဲ ပြန်ဝင်ခဲ့ရတာမို့ မှတ်မှတ်ရရရှိ​နေပါတယ် ။

Public Service Announcement

Public Service Announcement

“ အုပ်စုလိုက်ကြီး ရှေ့တန်းထွက်ရတဲ့ ဖီလင်ကို ကျွန်တော်သိပ်ကြိုက်တာ” လို့ မမီးမီးကပြောပါတယ်။ စကား​ပြောရင် ကျွန်တော်လို့ပြောတက်တဲ့ မမီးမီးက မန္တလေးသူဖြစ်ပြီး အခုမှအသက်၂၃နှစ်နှစ်အရွယ်ပဲရှိပါသေးတယ်။၂၀၀၃ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ အသက် ၁၈ နှစ်အရွယ်သာရှိ​သေးတဲ့လူငယ်​လေးတ​ယောက်ဖြစ်ပါတယ် ။

ဒီအချိန်မှာ ဆယ်ကျော်သက်အရွယ်မီးမီးလည်း ထိပ်စီး ပြောင်းပြီး သမီးလေး မေမေဖြစ်နေပါပြီ။

ဆယ်တန်းကို ဒုတိယအကြိမ်ဖြေဖို့ပြင်ဆင်​နေချိန်မှာ စစ်တပ်ကအာဏာသိမ်းတာကိုကြုံခဲ့ရတာပါ။ မဟုတ်မခံလူငယ်ပီပီ စစ်အာဏာရှင်ကို တော်လှန်ဖို့ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှာ လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

​​မွေးရပ်​မြေ မန္တ​လေးကို ​ခေတ္တစွန့်ခွာပြီး ကရင်ပြည်နယ်ကို စစ်သင်တန်းသွားတက်ဖို့ထွက်ခွာခဲ့ပါတယ်။ကရင်ပြည်နယ် ၊လေး​ကေ​ကော်​မှာဗိုလ်အယ်စေးဝါး လက်​အောက်ကတပ်ဖွဲ့မှာစစ်ပညာသင်ယူရင်း ကရင်ပြည်နယ်မှာပဲနေထိုင်ခဲ့ပါတယ်။

ဗိုလ်အယ်​​စေးဝါးတပ်ဖွဲ့ဟာ KNDO စစ်ဦးစီးချုပ်​ဟောင်း ဗိုလ်မှူးချုပ်​စောနယ်ဒါးမြ လက်​အောက်ခံတပ်ဖွဲ့ဖြစ်ပါတယ် ။၂၀၂၂ ဇူလိုင်လမှာ ဗိုလ်မှူးချုပ်​စောနယ်ဒါးမြ က ​ကော်သူ​လေးတပ်မ​တော်(KTLA)ကိုတည်​ထောင်တယ်လို့​ကြေညာခဲ့တာပါ ။

လေးကေကော်​ဒေသမှာ တိုက်ပွဲ​တွေဖြစ်​တော့ မမီးမီးလည်း PDFတိုက်ခိုက်​ရေးရဲ​ဘော်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ မ​​မျှော်လင့်ပဲ လေးကေကော်တိုက်ပွဲအတွင်း၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလမှာစစ်တပ်ဖမ်းဆီးတာခံလိုက်ရပါတယ်။

‌သုံးလ ကျော်အကြာဖမ်းဆီးခံရပြီးတဲ့နောက် ၂၀၂၂ ဇွန်လ ဒုတိယပါတ်မှာ မြဝတီမြို့နယ် ဝေါ​လေရဲစခန်းကို KNDO အထူးကွန်မန်ဒို တပ်ခွဲမှူး ​စောဝင်းမြင့်ဦး​တဲ့တော်လှန်ရေးတပ်​တွေက ရဲစခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပါတယ် ။​ဝေါ​လေရဲစခန်းသိမ်းတိုက်ပွဲဟာဖမ်းဆီးခံထားရတဲ့ PDF ​တွေလွတ်​မြောက်​အောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲစခန်းကပြန်လွတ်​မြောက်လာပြီး စခန်းချရာကိုပြန်​နေစဥ်လမ်းခုလပ်မှာ စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီး ကျည်စထိပြီး မီးမီးရဲ့ ခြေထောက်နဲ့ ပေါင်တို့မှာ ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။ဒဏ်ရာ တွေနဲ့ပဲတပ်ရင်းကိုပြန် ရောက်ခဲ့ပေမယ့်တိုက်ပွဲတွေဆက်နေတာမို့ဆေးတပ်သားတွေအကုန် ရှေ့တန်းလိုက်နေရချိန်ဖြစ်တာ​ကြောင့် ကိုယ့်ဒဏ်ရာကို ပြန်ကုခဲ့ရပါတယ်။

“ တလလောက် ကျွန် တော်တို့ဖာသာ မကုတက် ကုတက်နဲ့ လုပ်ရင်း ခြေထောက်က မ ကောင်းသလိုဖြစ်သွားတာ ပေါ့‌ဗျာ” လို့ မီးမီး ကပြောပါတယ်။

နောက်ပိုင်းမှာထိုင်းဘက်ခြမ်းကိုသွား​ရောက်​ဆေးကုသခဲ့ပြီးKTLA ဌာနချုပ်ကို ပြန်ရောက်ခဲ့ပါတယ်။ထိုင်းမှာ ဆေးကုခဲ့ပေမယ့် ​စနစ်တကျဆေးကုသတာ​နောက်ကျခဲ့တာ​ကြောင့် ခြေထောက်ကပုံမှန်ပြန်မဖြစ်တာမို့ မီးမီးအရမ်းဖြစ်ချင်ခဲ့တဲ့တိုက်ခိုက် ရေး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဲဘော်ဘဝကိုစွန့်လွှတ်ဖို့ဖြစ်လာပါတယ်။

“ ခြေထောက်ကပုံမှန် ခြေထောက်လို ပြေးလွှားဖို့ အဆင်မ ပြေနိုင် တော့ဘူးလို့ပြောတယ်” လို့ မီးမီးကပြောပါတယ်။

အဲဒီနောက် ဌာနချုပ်ရဲ့တိုက်တွန်းချက်အရ ဒရုန်းသင်တန်းကို တက်ရောက်ခဲ့ပါတယ်။သင်တန်းတက်​ရောက်ပြီး လက်​တွေ့စစ်​မြေပြင်​တွေမှာပါဒရုန်းတပ်သား အနေနဲ့ မမီးမီးတိုက်ပွဲ​​တွေဝင်ခဲ့ပါတယ်။

စစ်တပ်ကိုတိုက်ခိုက်တဲ့တိုက်ပွဲ​တွေများစွာထဲမှာအပင်ပန်းဆုံး နဲ့ အခက်ခဲဆုံးတိုက်ပွဲကို ၂၀၂၃ ဧပြီလမှာ မမီးမီးဆင်နွှဲခဲ့ရပါတယ်။ဒီတိုက်ပွဲဟာ မီးမီးအတွက်ကရင်မြေ မှာနောက်ဆုံးတိုက်ပွဲလည်းဖြစ်ခဲ့ပါတယ်။

အဲတာကတော့ ရွှေကုက္ကိုလ်မြို့သိမ်းတိုက်ပွဲဖြစ်ပါတယ်။KTLA က ဗိုလ်အယ်​စေးဝါးဦး​ဆောင်တဲ့ တပ်ဖွဲ့​တွေက ​ရွှေကုက္ကိုလ်က စစ်သားနဲ့စစ်တပ်လက်​အောက်ခံနယ်ခြားစောင့်တပ်(BGF )တွေကိုတိုက်ခိုက်ခဲ့တာပါ။ ​ရွှေကုက္ကိုလ်မြို့အဝင်ကာကင်းတွေကို မမီးမီးတို့တပ်ခွဲကဝင်တိုက်ခဲ့ပါတယ်။

တခြားတပ်တွေကလည်း ကိုယ်တာဝန်ကျတဲ့​နေရာ​တွေကို ကိုယ့်စစ်ကြောင်းနဲ့ကိုယ် နေရာခွဲပြီးတိုက်ခိုက်ကြတာပါ။

ကာကင်း တွေသိမ်းယူပြီး အခြေအနေ ကောင်း နေတဲ့အချိန်မှာ မီးမီးတို့ စစ်ကြောင်းပိတ်ဆို့ခံလိုက်ရပါတယ်။ အခြေအနေက ရုတ်တရက် ပြောင်းပြန် ဖြစ်သွားပါတယ် ။ ပိတ်ဆို့ခံရသလို လေယာဉ်၊လက်နက်ကြီး ပစ်ခတ်မှုတွေ ၊ သွားတိုက်တဲ့တပ်ဖွဲ့​တွေအတွင်း သစ္စာဖောက်မှု တွေပါခံရတာမို့ စိတ်ဓာတ်အကျရဆုံး အခြေအနေလို့ မီးမီးကဖွင့်ဟ ပါတယ်။

အခုချိန်မှာ​တောင် သူမအ​နေနဲ့ ထုတ်ဖော်ပြောဖို့မသင့်တဲ့ အခြေအနေတွေအများကြီး ကြုံခဲ့ရပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အသက်ပေး ခဲ့ရတဲ့ လူငယ်အများအပြားရှိတယ်လို့ သူက ပြောပါတယ်။ဒီတိုက်ပွဲမှာ ​ရွှေကုက္ကိုလ်မြို့သစ်ကို ဗိုလ်အယ်​စေးဝါးဦး​ဆောင်တဲ့တပ်ဖွဲ့​တွေမသိမ်းနိုင်ခဲ့သလို နှစ်ဖက်ထိခိုက်​သေဆုံးမှုများခဲ့ပါတယ်။

အဲဒီ​နောက်ထောက်ပို့ အမျိုးသမီးတဦးရဲ့ အကူအညီနဲ့ မီးမီးတို့ရဲ ဘော်တချို့ ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ထိုင်းဘက်ခြမ်းကနေ တဆင့် မီးမီးက မန္တလေးမြို့ထဲကိုပြန်ဝင်ခဲ့ပါတယ်။

အဲဒီအချိန်မှာ မန္တ​လေးနဲ့ မတ္တရာနယ်မှာ မြနန္ဒာစစ်ဆင်ရေးကို အရှိန်မြှင့်ဆင်နွှဲ နေချိန်ဖြစ်ပါတယ် ။ လက်ရှိရတနာပုံတပ်ဦးကိုဦး​ဆောင်​နေတဲ့ကိုဂျိုး နဲ့ အချိတ်အဆက်လုပ်ပြီးအညာမြေကိုပြန်လည်အခြေချခဲ့တာပါ။

“ မီးက အကို့ကို(ကိုဂျိုး) ဦးဦး သမီးက ၃နှစ်စာချုပ် တော့မချုပ်နိုင်ဘူး နော်။ဒီအတိုင်းပဲလာမယ်လို့ပြောတော့ဦးကရတယ်လို့ပြောလို့ဒီတပ်ထဲ ရောက်လာတာ” ” သုံးနှစ်ရဲ ဘော်စာချုပ်မချုပ်ရဘဲ တသက်လုံးစာ မင်္ဂလာလက်မှတ်ထိုးလိုက်ရတယ်” လို့ မမီးမီးကရယ်​မောရင်း ကိုဂျိုးနဲ့ အ​ကြောင်းပါခဲ့တာကိုရယ်​​​မောရင်း​ပြောပါတယ် ။အသက် ၃၃ နှစ်ဝန်းကျင်အရွယ် ကိုဂျိုးဟာအခုအခါမှာရတနာပုံတပ်ဦးက ခေါင်း ဆောင်ဖြစ်ပါတယ်။

သူတို့ နှစ်ဦး ၂၀၂၄ခုနှစ်မှာအိမ်ထောင်ပြုခဲ့ပါတယ်။ဒီကာလက အညာမှာ စစ်တပ်က ထိုးစစ်အကြီးကျယ်ပြန်စ နေချိန်မို့ တိုက်ပွဲကလည်းမနားရပါဘူး။သမီးငယ် လေးကို ကိုယ်ဝန်လွယ်ထားရချိန်မှာ အသက်ငယ်ပြီး သားဦးမို့အားလုံးကစိတ်ပူကြပေမယ့် ကိုယ်ဝန်၇လအထိ မီးမီးက ရှေ့တန်းသွားပြီးဒရုန်းစစ်ဆင် ရေး တွေဆင်နွှဲဆဲပါ။

ကိုယ်ဝန် ၇ လမှာ​တော့​ တိုက်ပွဲဝင်တာခေတ္တနားပြီး သမီးငယ် လေးကို၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မှာ မွေးဖွားခဲ့ပါတယ်။ အခုဆို သမီးက တနှစ်နဲ့ သုံးလပေါ့။အခုအခါမှာ​တော့ သမီးငယ်ကို မိခင်ဖြစ်သူထံပို့ထားပြီး မီးမီးကပုခက်လွှဲမယ့်အစား ဒရုန်းကိုပြောင်းကိုင်နေပါပြီ။

မိခင်ဖြစ်လာတဲ့ မီးမီးက သမီးငယ်အတွက် ဒီစနစ်ကို တိုက်ဖျက်ဖို့ ပိုပြီးသံဓိဌာန်ထားပါတယ်။ ခင်ပွန်းဖြစ်သူက ကလေးနိူ့တိုက်နေရချိန်မို့ ရှေ့တန်းမလိုက်ဖို့တားထားပြီး သူခရီးထွက်​နေချိန်မှာ မမီးမီးက မင်းကွန်းတိုက်ပွဲကို ဆင်နွှဲခဲ့တာပါ။

အခု မီးမီးတို့အ ခြေချရာစစ်ကိုင်းတိုင်းမှာ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒရုန်းသင်တန်းဆင်းထားတဲ့ကျွမ်းကျင်ရဲဘော်တွေအညာမှာလိုအပ်နေသေးတာမို့ မီးမီးလည်း ရှေ့တန်းကိုဆက်တိုက် လိုက်ပါတိုက်ပွဲဝင်နေရပါတယ်။

၂၀၂၆ နှစ်သစ်မှာအညာ ​ဒေသတိုက်ပွဲ​တွေကိုပူး ပေါင်းတပ်တွေက ထုတ်ပြန်တာနည်းပေမယ့် မြေပြင်မှာ​တော့တိုက်ပွဲတွေကဆက်တိုက်ဖြစ် နေတာပါ။

“ စစ်အာဏာရှင် မကျဆုံးမချင်းတိုက်ထုတ်သွားမယ်။တော်လှန်ရေးက ခုကာလမှာအဆိုးနဲ့အ ကောင်းဒွန်တွဲနေတယ်။ဒီကာလတခုမှာ ပြည်သူ တွေကိုလည်း မေတ္တာရပ်ခံချင်တာ ပေါ့။အဆိုးနဲ့အကောင်းဒွန်တွဲ နေချိန်မှာပြည်သူ‌ တွေစိတ်ဓာတ်ကျမသွားဖို့ ပေါ့။ကျွန် တော်တို့ကိုယ်တိုက်လည်း စိတ်ဓာတ်ကျမသွားဘူး။အဆိုးနဲ့အကောင်းဒွန်တွဲနေချိန်မှာ ဒီဘက်မှာ ကျွန်တော်တို့လုပ်ဆောင်နေတာတွေရော၊ချပြလို့မရတာတွေရော အများကြီး ရှိတယ်ဗျ။အဲ့လိုအခန်း ကဏ္ဍတွေနဲ့ ကျွန် တော်တို့မိုတီယူတာ ပေါ့။ကျွန် တော်တို့ကိုယ်တိုင်ကလည်း တော်လှန် ရေးမှာရှိ နေတော့ ကျွန် တော်တို့သိတယ်ဗျ။ဒီတော်လှန်ရေး ကြီးက ကျွန် တော်တို့နိုင်ကိုနိုင်မှာဗျ။မနိူင်ဘူးဆိုတာ မရှိဘူး။နိုင်ကိုနိုင်မှာဖြစ်တဲ့အတွက် တော်လှန်ရေး အပေါ်သုံးသပ်ချက်ကတော့လက်ရှိဖြစ်ပေါ်နေတာတွေကိုလိုက်ကြည့်ပြီးတော့ခံစား မနေဘူး။နိုင်မယ်ဆိုတာကို သိနေတော့ မခံစားရဘူး” လို့ မိခင်တဖြစ်လည်း ဒရုန်းတပ်ဖွဲ့ဝင် မမီးမီးက ​​နွေဦးတော်လှန်​ရေးအ​ပေါ်သူ့အမြင်ကို​ပြောပါတယ် ။

ရတနာပုံတပ်ဦး တော်လှန်ရေးတပ်ဖွဲ့ဟာ၂၀၂၆ မတ်လ၂ရက် နေ့မှာတော့ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖြစ် ပူး ပေါင်းလိုက်ပြီဖြစ်ပါတယ်။အရင်ကတည်းက မြနန္ဒာစစ်ဆင် ရေးဆိုပြီး မြို့တွင်း စစ်ဆင် ရေးတချို့ဖော် ဆောင်ခဲ့တဲ့ အဖွဲ့ဟာ ယခုဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ လမ်းညွှန်ချက်အတိုင်း စစ်ဆင် ရေး တွေဆက်လက် ဖော်ဆောင်သွားမယ်လို့တပ်ဖွဲ့တာဝန်ခံလည်းဖြစ် မီးမီးရဲ့အမျိုးသားလည်းဖြစ်တဲ့ ကိုဂျိုးကပြောပါတယ်။

မန္တလေးသားအများစုနဲ့ ဖွဲ့စည်းထားတဲ့ ရတနာပုံတပ်ဦးဟာအဖွဲ့ဝင်အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ မြို့နယ်ပကဖအဖြစ် ပေါင်းစည်းလိုက်တာဖြစ်ပြီး မမီးမီးကလည်း အခုဆို ချမ်းမြသာစည်မြို့နယ်ပကဖ အဖွဲ့ဝင်ရဲ မေတဦးဖြစ်လာပါတယ်။

က​လေးအနာဂါတ်အ​ပေါ် မမီးမီးရဲ့ စဥ်းစားထားချက်က ရိုးရှင်းလှ​ပေမယ့် ပြတ်သားလှပါတယ်။

“ ကလေး အနာဂတ်ကို ထွေ‌ ထွေထူးထူးစဉ်းစားထားတာမရှိဘူး ကလေးကအရမ်းငယ် သေးတယ်။ဒီကာလမှာ ကျွန် တော့်အမျိုးသား ရော၊ကျွန်တော်ရော တွေးတာကတော့အဖြေကရှင်းရှင်းရယ်။ဒီတော်လှန်ရေးကို အားသွန်ခွန်စိုက်လုပ်မှာပဲ” လို့ ဖွင့်ဟပါတယ် ။

​တော်​လှန်​ရေးရှုံးရင် သူ့ရင်​သွေးအပါအဝင် အားလုံးရဲ့အနာဂါတ်​ပျောက်မှာမို့ အနာဂါတ်မ​ပျောက်​​အောင် နိုင်​အောင်တိုက်မယ်သူကအခုလိုဆိုလိုက်ပါတယ် ။

“ ကျွန်တော်တို့ရှုံးသွားရင် အနာဂတ်က ပျောက်သွားပြီ။ပျောက်သွားပြီဖြစ်တဲ့အတွက် ဒီကလေး တွေလည်း အနာဂတ်က ပျောက်သွားမှာ။အဲဒီအတွက် ကျွန် တော်တို့က အများကြီးမတွေးဘူး။နိုင်အောင်ပဲလုပ်မှာ။နိုင်ကိုနိုင်မှာပဲ” ။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေး စုံမခွဲတဲ့စနစ်ဟာ ပြည်သူ​တွေကို အတော်လေးဒုက္ခ​ပေးနေပါတယ်။ စုံမခွဲတဲ့စနစ်ဟာ အပြင်ထွက်ခွင့်နဲ့ စက်သုံးဆီဝယ်ယူခွင့်အတွက် ဖြစ်တာမို့ ပြည်သူတွေဟာ စုံမခွဲတဲ့စနစ်အမျိုးမျိုးကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပွားနေတာပါ။

ဆောင်းပါး

စစ်တပ်က ကချင်ပြည်နယ်မှာ ဗုံးပတ်ကြဲ​နေတဲ့တချိန်တည်းမှာပဲ အာရုံစိုက်လုပ်​နေတာတစ်ခုရှိ​နေပါတယ် ။ အာဏာသိမ်းစစ်အုပ်စုက မြစ်ဆုံဆည်စီမံကိန်း ပြန်စဖို့ ​ဒေသခံ​တွေကို စည်ရုံး​နေတာပဲဖြစ်ပါတယ်။

ဆောင်းပါး

မန္တလေးတိုင်းအတွင်းကတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ နယ်မြေ တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ ဧရာဝတီမြစ်​ကြောင်းတ​လျှာက်ကိုပါစိုးမိုးဖို့နိုင်ဖို့ ကြိုးစားလာပါတယ်။

ဆောင်းပါး

စစ်​ဘေးသင့်ဒေသကနေမန္တလေးမြို့ပေါ်ကို သွားရောက်နေထိုင်နေတဲ့ စစ်​ရှောင်ပြည်သူ မစိုး(အမည်လွှဲ)တို့မိသားစုဟာ ညခင်းတညမှာ ဖုန်းကိုယ်စီသုံးရင်း အနားယူနေကြတယ်။ ဘေးနားမှာတော့ အသက် ၂ နှစ်ဝန်းကျင်သမီးလေးက ဆော့ကစားနေတယ်။