မြေထဲပင်လယ်မှာ ရေနံတင် သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့်လို့ ရုရှားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ယူကရိန်း ရေတပ်ရဲ့ ရေပြင်သွား ဒရုန်းတွေက သဘာဝ ဓာတ်ငွေ့ရည် (LNG)တွေ တင်ဆောင်လာတဲ့ Arctic Metagaz သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ရုရှားက ဆိုပါတယ်။ အဲဒီ သင်္ဘောဟာ လစ်ဗျားနဲ့ မော်လ်တာကြား ရေပြင်မှာ တိုက်ခိုက်ခံရပြီး ပေါက်ကွဲမီးလောင်ရာက နစ်မြုပ်သွားခဲ့ကြောင်း သိရပါတယ်။
အဲဒီ ဒရုန်းတွေကို လစ်ဗျားကမ်းရိုးတန်း တစ်နေရာကနေ စေလွှတ်ခဲ့တာလို့လည်း ရုရှားက ထုတ်ပြန်ပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေကို ကွပ်ကဲလေ့ရှိတဲ့ ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
လစ်ဗျား ကမ်းခြေစောင့် အာဏာပိုင်တွေကတော့ ရုရှား ရေနံတင်သင်္ဘော မီးလောင်မှုရဲ့ အကြောင်းရင်း အမှန်ကို ကွဲကွဲပြားပြား မသိရသေးဘူးလို့ပဲ ပြောပါတယ်။

Public Service Announcement
အဲဒီ သင်္ဘောဟာ LNG တန်ချိန် ၆၂၀၀၀ ကို တင်ဆောင်ပြီး ခုတ်မောင်းလာချိန်မှာ မီးလောင်မှု ဖြစ်ခဲ့ပြီး လစ်ဗျား ဆိပ်ကမ်းမြို့ ဆာတီရဲ့ မြောက်ဖက် ၂၄၀ ကီလိုမီတာလောက် အကွာမှာ မတ်လ ၃ ရက်နေ့ ညပိုင်းတုန်းက နစ်မြုပ်သွားခဲ့ပါတယ်။
ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက Arctic Metagazပေါ်မှာ အမှုထမ်း ၃၀ လိုက်ပါသွားကြောင်း ကြေညာခဲ့ပြီး နောက်တော့ မော်လ်တာ ပြည်ထဲရေး ဝန်ကြီး ဘိုင်ရွန် ကာမီလာရီက ရေယာဉ် အမှုထမ်း အားလုံးကို အဲဒီနားက ရေပြင်မှာ အသက်ကယ်လှေ တစ်စီးနဲ့အတူ ဘေးကင်းကင်း ပြန်ရှာတွေ့ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အကြံပေး တစ်ဦးဖြစ်ပြီး ပြည်တွင်းမှာ လူသိများတဲ့ စစ်ရေး blogger ဆာဟီ စတာနန်ကိုက မီးလောင်ထားတဲ့ ရုရှားသင်္ဘောရဲ့ အင်ဂျင်ခန်းမှာ ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ဖြစ်နေပြီး ပြင်လို့မရနိုင်လောက်အောင် အခြေအနေ ဆိုးသွားခဲ့ကြောင်း ဓာတ်ပုံတွေနဲ့အတူ လူမှုကွန်ရက်မှာ မှတ်ချက်ပေးထားခဲ့ပါတယ်။ အဲဒီဓာတ်ပုံတွေကို သူဘယ်လို ရခဲ့သလဲ ဆိုတာကိုတော့ စတာနန်ကိုက ထုတ်မပြောခဲ့ပါဘူး။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ဒီလုပ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုဖြစ်တယ်လို့ အစိုးရ ရုပ်မြင်သံကြား ဌာနဆီ ပြောကြားခဲ့ပါတယ်။ ဒီလို ကိစ္စမျိုးတွေ ရုရှားကြုံနေရတာ ဒါဟာ ပထမဆုံး အကြိမ်လည်း မဟုတ်တော့ဘူးလို့ ပူတင်က ဆိုပါတယ်။
ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနကလည်း ဒီကိစ္စဟာ နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ ပင်လယ်ဓားပြမှု မြောက်တယ်လို့ စွပ်စွဲကြေညာခဲ့ပါတယ်။ Arctic Metagazဟာ ရုရှားနိုင်ငံ မြောက်ပိုင်းက မာမန့်စ်ခ် ဆိပ်ကမ်းဆီ ဦးတည်နေခဲ့ပြီး နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့ ကိုက်ညီတဲ့ ကုန်စည်တွေကို တင်ဆောင်လာခဲ့ကြောင်းလည်း ရုရှားက ပြောပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သင်္ဘော နစ်မြုပ်ခဲ့ကြောင်း ရုရှားက အတိအလင်း စွပ်စွဲထားပေမယ့် တိကျတဲ့ အထောက်အထားမျိုးတော့ မပြသနိုင်ခဲ့ပါဘူး။ SBUကလည်း မြေထဲပင်လယ်မှာ ရုရှား ရေနံတင်သင်္ဘော ကြုံတွေ့ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လောလောဆယ် မှတ်ချက်ပေးစရာ မရှိသေးဘူးလို့ပဲ ပြောကြားထားပါတယ်။
ဒါပေမဲ့ ယူကရိန်း အစိုးရနဲ့ ဆက်စပ်တဲ့ လူမှုကွန်ရက် အကောင့်တစ်ခုဖြစ်တဲ့ United24ကတော့ ဒီကိစ္စမှာ ယူကရိန်းရေတပ် ဒရုန်းတွေရဲ့ ပတ်သက်မှု ရှိချင်လည်းရှိမယ်၊ ရှိချင်မှလည်း ရှိမယ်လို့ မခံချင်အောင် ဆွတဲ့သဘောမျိုး ရေးသားထားခဲ့ပါတယ်။
ကိုးကား: BBC

















































