အိန္ဒိယ သမုဒ္ဒရာထဲမှာ ရှိနေပြီး ဝေးလံလှတဲ့ နေရာက အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။
Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်အရ အီရန်ဟာ ချာဂို့စ် ကျွန်းစုမှာ တည်ရှိတဲ့ ဒီယေဂို ဂါစီယာ ကျွန်းပေါ်က စစ်စခန်းကို မတ်လ ၂၀ ရက်နေ့က ပဲ့ထိန်းဒုံးကျည် နှစ်စင်းနဲ့ လှမ်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကျွန်းပေါ်မှာ အမေရိကန်နဲ့ ဗြိတိန် တပ်ဖွဲ့ဝင်တွေ အခြေစိုက်ထားကြပါတယ်။
ဒုံးကျည်တစ်စင်းဟာ ပျံသန်းရင်း ချွတ်ယွင်းမှု တစ်ခုခုကြောင့် ပျက်ကျခဲ့ပြီး နောက်တစ်စင်းကိုတော့ အမေရိကန် စစ်သင်္ဘော တစ်စီးက SM-3 ဒုံးခွင်းဒုံးနဲ့ လှမ်းပစ်ခဲ့ပါတယ်။ အဲဒီ ကြားဖြတ် တားဆီးမှုကြောင့် အီရန်ရဲ့ ဒုတိယ ဒုံးကျည် ပျက်ကျခဲ့သလား ဆိုတာကို တိတိကျကျ မသိရပေမယ့် ဒုံးကျည် နှစ်စင်းလုံးကတော့ စစ်စခန်းဆီ ရောက်မသွားခဲ့ပါဘူး။
အရင်တုန်းက အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက သူ့နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်နိုင်မှု အကွာအဝေးဟာ ကီလိုမီတာ ၂၀၀၀ လောက်မှာသာ အကန့်အသတ် ရှိနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီယေဂို ဂါစီယာ ကျွန်းဟာ အီရန်ကနေ ကီလိုမီတာ ၄၀၀၀ လောက် အကွာမှာ တည်ရှိနေပါတယ်။ ချွတ်ယွင်းမှု၊ ကြားဖြတ် ဟန့်တားမှုတွေသာ မရှိခဲ့ရင် အီရန် ဒုံးကျည်တွေက ကီလိုမီတာ ၄၀၀၀ အကွာက ပစ်မှတ်ထိ ရောက်ရှိလာနိုင်သလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

Public Service Announcement
အီရန်က ဒုံးကျည်နှစ်စင်းကို ဒီယေဂို ဂါစီယာ ကျွန်းဆီ ပစ်ခတ်ခဲ့တဲ့ နေ့မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ ဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို အရှိန်အဟုန် လျှော့ချသွားဖို့ စဉ်းစားနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ထရမ့်က အမေရိကန်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက် အများစုဟာ အောင်မြင်ထမြောက်ပြီးသား ဖြစ်တယ်လို့ ယူဆကြောင်းလည်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားပါတယ်။
အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းပြီး အီရန်ပိုင်နက်ထဲမှာ အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန်စစ်ပွဲ စတင်လာခဲ့ပါတယ်။ အဲဒီနောက် အီရန်ဟာ အစ္စရေး ပိုင်နက်ထဲကိုသာ မကဘဲ ဒေသတွင်းက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေရဲ့ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်လာတာကြောင့် စစ်ပွဲဟာ ဒေသတွင်း ပဋိပက္ခကြီး တစ်ခုအသွင် ကြီးထွားလာခဲ့ပါတယ်။
ကိုးကား: The Hill
ဓာတ်ပုံ – NASA





















































