-ဝဇီရာ/People’s Spring
ကမ္ဘာ့အကြီးဆုံးအနုပညာစင်မြင့်ဖြစ်တဲ့ အော်စကာ (Oscars) ဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနှစ်မှာလည်း ရုပ်ရှင်တွေရဲ့ ဖျော်ဖြေရေးသက်သက်ထက် ကမ္ဘာမြေပေါ်က နာကျင်မှုတွေကို အော်စကာဆုပေးပွဲရဲ့ စင်မြင့်ပေါ်ကနေ ပြသပေးခဲ့ပြန်ပါတယ်။
မနေ့က ကျင်းပတဲ့ ၂၀၂၆ ခုနှစ် (၉၈) ကြိမ်မြောက် အော်စကာမှာ ဆုရရှိသွားတဲ့ မှတ်တမ်းရုပ်ရှင် တစ်ကားဖြစ်တဲ့ “ Mr. Nobody Against Putin” ဆိုတဲ့ဇာတ်ကားဟာ သာမန်ကျောင်းဆရာတစ်ယောက်က ရိုက်ကူးထားတာပါ။ သူ့နာမည်က Pavel Talankin ခေါ် Pasha(ပါရှာ)ပါတဲ့။
ပါရှာဟာ ဒီဇာတ်ကားကို ၂၀၂၂ ခုနှစ်က ရုရှား-ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ရုရှားနိုင်ငံ၊ ကာရာဘက်ရှ် (Karabash) မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာအဖြစ် အလုပ်လုပ်ကိုင်နေချိန် ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။

Public Service Announcement
အဲဒီအချိန်က ရုရှားအစိုးရဟာ ကျောင်းသင်ရိုးညွှန်းတမ်းတွေကိုပြောင်းလဲပြီး ကျောင်းသားကျောင်းသူ ကလေးငယ်တွေကို “ မျိုးချစ်စိတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ဝါဒဖြန့်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ပါရှာ့ကို ကျောင်းက သင်ရိုးသစ်ကို လိုက်နာနေပါတယ်ဆိုတာကို အာဏာပိုင်တွေဆီ သက်သေပြဖို့ ဗီဒီယိုရိုက်ပြီး ပေးပို့ဖို့ တာဝန်အပေးခံရတယ်။ ပါရှာဟာ ပူတင်ရဲ့ ဝါဒဖြန့်စက်ယန္တရားထဲကို မလွှဲမရှောင်သာ အကျုံးဝင်သွားခဲ့တယ်။
တစ်ခါတလေကျရင် သူဟာ ဝါဒဖြန့်သူတစ်ယောက် ဖြစ်နေရတာကို အရမ်းအပြစ်ရှိသလို ခံစားရပြီးတော့ တစ်ခုခုကို ပြန်ပြီး တုံ့ပြန်လုပ်ဆောင်ချင်စိတ် ပေါက်လာတတ်တယ်။ ကင်မရာကိုင်ပြီး ရိုက်ကူးတာက သူ့အတွက် အဲဒီစိတ်ဖိစီးမှုတွေကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့တယ်။
ပါရှာဟာ ကျောင်းအတွင်းက ဝါဒဖြန့်အခမ်းအနားတွေ၊ စစ်သားစုဆောင်းရေး လှုပ်ရှားမှုတွေနဲ့ ကျောင်းသားတွေကို စစ်ပွဲအတွက် ပြင်ဆင်ပေးနေတဲ့ပုံရိပ်တွေ၊ ကြေးစားစစ်သားတွေက ကလေးငယ်တွေကို မိုင်းရှာပုံနဲ့ သေနတ်ကိုင်တွယ်ပုံ သင်ပေးနေတဲ့ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်ခဲ့တယ်။
ကျောင်းပြီးခါနီး ကျောင်းသားတွေကို စစ်ပွဲအတွက် အတင်းအကျပ် စုဆောင်းခေါ်ယူတာတွေကိုပါ သူမှတ်တမ်းတင်နိုင်ခဲ့တယ်။ ရုရှားရဲ့စစ်တပ်အတွင်း သေဆုံးသွားခဲ့တဲ့ ကျောင်းသားဟောင်းတွေရဲ့ ဇာတ်လမ်းတွေနဲ့ မိခင်တွေရဲ့အသံတွေကိုပါ ပါရှာ ယူနိုင်ခဲ့တယ်။
သူ့မှတ်တမ်းတွေဟာ ပူတင်အစိုးရရဲ့ ဖိအားပေးမှုအောက်က သာမန်ရုရှားပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဘဝအပေါ် ဘယ်လောက််နက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိနေတယ်ဆိုတာကို ဖော်ပြပေးတဲ့ ရှားပါးမှတ်တမ်းတစ်ခု ဖြစ်ခဲ့တယ်။
နောက်ဆုံးမှာ သူဟာ အမှန်တရားအတွက် အဲဒီအချက်အလက်တွေကို အသက်ကိုရင်းပြီးတိုင်းပြည်ပြင်ပကို ခိုးထုတ်ခဲ့ပါတော့တယ်။
ပါရှာအနေနဲ့ ဒီအလုပ်ကို လုပ်ဖို့ အတော်လေးစွန့်စားခဲ့တာပါ။ ဒီမှတ်တမ်းရုပ်ရှင်ကို ဒိန်းမတ်နိုင်ငံမှာနေတဲ့ ဒါရိုက်တာ ဘိုရန်စတိန်း ( David Borenstein) နဲ့ အွန်လိုင်းကတဆင့် ချိတ်ဆက်ပြီး ဖန်တီးခဲ့တာပါ။
ဒီစီမံကိန်းကို လုပ်တဲ့အခါ အကယ်၍ ပါရှာသာ အဖမ်းခံရရင် သူရမယ့်အကျိုးဆက်တွေက အလွန်ရက်စက်ကြမ်းတမ်းမှာ ဖြစ်တဲ့အတွက် သူနဲ့ ဆက်သွယ်ရတာဟာ ‘မယုံနိုင်လောက်အောင် ခက်ခဲခဲ့တယ်’ လို့ ဘိုရန်စတိန်းက ဆိုပါတယ်။ ပါရှာဟာ လှိူ့ဝှက်ဆာဗာတစ်ခုကနေ ဘိုရန်စတိန်းဆီ ဗွီဒီယိုဖိုင်တွေ ပေးပို့ခဲ့တာပါ။
ဒီဇာတ်ကားရိုက်ကူးပြီးနောက်မှာတော့ ပါရှာဟာ ရုရှားမှာဆက်နေလို့ မရတော့ဘူးဆိုတာ ရိပ်စားမိလာတယ်။သူက ရုရှားကနေ ဘယ်မှမသွားဖူးဘူး။ နောက်ဆုံးတော့ ၂၀၂၄ ခုနှစ် နွေဦးရာသီမှာ ပါရှာတစ်ယောက် ရုရှားမြေကနေ ထွက်ပြေးခဲ့ပါတယ်။ ခုတော့ သူက ဥရောပ တနေရာမှာ နေထိုင်နေတယ်။
ပါရှာဟာ စစ်ပွဲတွေ၊ အာဏာရှင်စနစ်တွေကြားထဲကနေ အသက်နဲ့ရင်းပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ပါရှာရဲ့ကင်မရာဟာ သမိုင်းကို ရေးထိုးနိုင်ခဲ့တယ်။ တကယ်တော့ ပါရှာဟာ သာမန်ကျောင်းဆရာတစ်ယောက်ပါ။ ဒါပေမယ့် ပါရှာရဲ့ မှတ်တမ်းရုပ်ရှင်ကတော့ အော်စကာရရုံတင်မက သမိုင်းမှာ အရေးပါတဲ့သက်သေတစ်ခု ဖြစ်သွားခဲ့ပါပြီ။
ပါရှာဟာ အော်စကာဆုပေးပွဲမှာ ဟောလိဝုဒ်ရဲ့ထိပ်တန်းကြယ်ပွင့်တွေဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယိုတို့ အီသန်ဟော့ခ်တို့အပါအဝင် ဒီနှစ်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဆု လျာထားခံရသူတွေနဲ့အတူ ဆယ်လ်ဖီပါဆွဲခဲ့ပါသေးတယ်။
အော်စကာဆုပေးပွဲမှာ “ Mr. Nobody Against Putin’ ဆိုတာ ဘယ်လိုနည်းနဲ့ ကိုယ့်နိုင်ငံကို ဆုံးရှုံးသွားရသလဲဆိုတဲ့အကြောင်းပါ”လို့ ပူးတွဲဖန်တီးခဲ့တဲ့ ဘိုရန်စတိန်းက ပြောပါတယ်။ “သင်ဟာ ကိုယ့်နိုင်ငံကို မသိမသာနဲ့ အကြိမ်ကြိမ် ပူးပေါင်းပါဝင်မိတဲ့ သေးငယ်တဲ့ လုပ်ရပ်တွေကနေတဆင့် ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်”လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ အမှန်တရားအတွက် မရပ်တည်ဘဲ အာဏာရှင်အကြိုက် လိုက်သူတွေကို ဆိုလိုတာပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နေတဲ့ ရဲဘော်တွေ၊ သတင်းသမားတွေ၊ ဒေသခံတွေ အများအပြား ရှိနေပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မတရားမှုတွေကို စွန့်စွန့်စားစား မှတ်တမ်းယူနေကြတာပါ။ သူတို့လည်း တချိန်ကျ အော်စကာစင်မြင့်ထက်ကို ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။ သေချာတာကတော့
ပါရှာလို အမှန်တရားအတွက် သက်သေတွေကို အသက်စွန့်ပြီး ယူနေကြရသူတွေပါပဲ။
(ကိုးကား- BBC၊ AP၊ Variety မဂ္ဂဇင်းအပါအဝင် နိုင်ငံတကာသတင်းဌာနများ၏ သတင်းများ၊ အင်တာဗျူးများ)


























































