-ဒလပန်းရေးသားသည်။
“ လေယာဥ်ကြဲလို့ သေခဲ့ရတဲ့ ဗိုက်ကြီးသည်ဆို ကလေးက ဗိုက်ပေါက်ပြီး လက်တောင်ထွက်နေတာ“
ညောင်လေးပင်မြို့နယ်မှာ စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးခဲ့တာကိုမျက်မြင်ကြုံတွေ့ခဲ့တဲ့ ရေတွင်းကုန်းရွာသားတစ်ဦးက ပြန်ပြောပြနေတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ (၇၇)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ – ၂၀ ၊ ပိန်းဇလုတ်အခြေစိုက် ခလရ – ၂၆၄ ၊ ခမရ – ၄၃၉ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းက မတ်လ ၅ ရက် နံနက် ၃ နာရီဝန်းကျင်ကစလို့ရေတွင်းကုန်းကျေးရွာဘက်ကို အင်အား ၄၀၀ ကျော်နဲ့ စတင်စစ်ကြောင်းထိုး ခဲ့တာပါ။

Public Service Announcement
အဲ့ဒီနေ့ဟာ ရေတွင်းကုန်းနဲ့ အနီးနားက ကျောင်းကုန်းဒေသခံတွေအတွက် ကြမ္မာဆိုးငင်တဲ့ နေ့တစ်ရက်ပါပဲ။ ရုတ်တရက် စစ်တပ်စစ်ကြောင်းထိုးဝသ်လာပြီး အကြမ်းဖက်တာကြောင့် ရေတွင်းကုန်းဒေသခံဟာတွေဟာ မျက်နှာတောင်သစ်ချိန်မရဘဲ ပြေးမိပြေးရာကို ပြေးကြရပါတော့တယ်။
အဲ့ဒီထဲ အသက် ၅၀ ဝန်းကျင်ရှိပြီးတဲ့ ကိုမောင် ( အမည်လွှဲ) တို့မိသားစုလည်း ပါဝင်ပါတယ်။ကိုမောင် အပါအဝင် အဖြစ်ဆိုးကိုကြုံခဲ့ရတဲ့ပြည်သူတွေဟာ လုံခြုံရေးကြောင့်သူတို့အမည်ရင်းကိုမဖော်ပြစေလိုပါဘူး ။ကိုမောင် တို့မိသားစုဟာ လယ်ယာလုပ်ပြီး ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မိသားတစုပါ။ကိုမောင်မှာဇနီးသည် အပါအဝင် တစ်နှစ်ခွဲကလေးငယ် ၊ သမီး နဲ့ သား စုစုပေါင်း မိသားစုဝင် ၅ ဦးရှိပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့်ကိုမောင်တို့မိသားစုဟာ မိသားစုကို လက်ဆွဲပြီး ဘေးလွတ်မယ်ထင်တဲ့ဘက်ကိုထွက်ပြေးပါတော့တယ်။
သူတို့မိသားစုလိုပဲ ရေတွင်းကုန်းရွာကတခြား ဒေသခံတွေဟာလည်း အသက်ဘေးလွတ်အောင်ထွက်ပြေးကြပါတယ်။အရင်က အေးချမ်းသာယာတဲ့ ရေတွင်းကုန်ရွာအုပ်စု ကလေးဟာ တမဟုတ်ချင်း စစ်တပ်ရန်ကလွတ်အောင်ထွက်ပြေးသူတွေနဲ့ ဝရုန်းသုန်းကားဖြစ်သွားပါတယ်။
ဒါပေမယ့် စစ်တပ် စစ်ကြောင်းတွေက ပြည်သူတွေ ဦးတည်ထွက်ပြေးနေတဲ့ ထွက်ပေါက်လမ်းကိုပိတ်လိုက်ပါတယ် ။ပြီးတော့ အော်ဟစ်ဆဲဆိုခြိမ်းခြောက် သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးပါတော့တယ်။
စစချင်း ကိုမောင်တစ်ယောက် စစ်သားတွေနဲ့မတိုးတာကြောင့် ဖမ်းဆီးတာမခံလိုက်ရပါဘူး။ကိုမောင် အပါအဝင် ဒေသခံတွေဟာ ရွာဘုန်းကြီးကျောင်းကိုတော့ စစ်တပ်အကြမ်းမဖက်နိုင်ဘူးလို့တွေးပြီးဘုန်းကြီးကျောင်းဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။ဒါပေမယ့် စစ်သားတွေဟာ ရွာဘုန်းကြီးကျောင်းကို ရောက်လာပြီး ကိုမောင်အပါအဝင် အမျိုးသားတွေကို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ရွာသူရွာသားတွေရဲ့ဖုန်းအားလုံးကို စစ်သားတွေကသိမ်းယူလိုက်ပါတယ် ။
“တစ်ရွာလုံးဖုန်းအကုန်သိမ်းထားတာကိုယ်တိုဘယ်မှဆက်သွယ်လို့မရဘူး ။မပေးတဲ့ကောင်လည်းသတ်မယ် မပေးလို့ နောက်မိရင် လည်ပင်းလှီးသတ်တာ” လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်သားတွေကဘုန်းကြီးကျောင်းက အမျိုးသားတွေကိုဖမ်းဆီးသွားတဲ့နောက်ရွာဘုန်းကြီးကျောင်းမှာကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးငယ်တွေသာကျန်ရစ်ခဲ့ပါတယ်။ဖမ်းထားတဲ့ အမျိုးသားတွေကို စစ်သားတွေက လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်မေးမြန်းတာ ၊ မြေကြီးပေါ် မှောက်ခိုင်းထားပါတော့တယ်။
“မှောက်နေရတာ ငါးခြောက်လှန်းထားသလို မျက်နှာလည်းလှန်ကြည့်လို့မရ နားစွန့်ပြီး သူများပြောတာပဲ နားထောင်နေရတယ် ။ PDF ဒီမှာရှိလား လူအင်အား ဘယ်လောက်ရှိလဲ လည်ပင်းဓားနဲ့ထောက်ပြီး မေးတယ် လက်ပြန်ကြိုးတုပ်ထားတော့ ကိုယ့်ဘဝကတော့ သွားပြီပေါ့ “လို့ ကိုမောင်က ဖမ်းဆီးခံရချိန် အတွေ့အကြုံကိုပြန်ပြောပြပါတယ်။
တဖြည်းဖြည်းနဲ့ ဖမ်းဆီးခံရတဲ့ရွာသူရွာသားတွေများလာချိန်မှာတော့ စစ်သားတွေကဖမ်းဆီး နှိပ်စက်တာတွေကိုပိုလုပ်လာပါတယ်။ ဒီလိုဖမ်းဆီးနှိပ်စက်ခံနေရပေမယ့် ကိုမောင် တစ်ယောက်ကတော့ ဘုန်းကြီးကျောင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုပဲ နောက်ဆန်တင်းလို့နေပါတယ်။
အဲ့ဒီချိန်မှာ စစ်တပ်ဟာ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲလိုက်ပါတယ်။ဒါအပြင် ဒရုန်းနဲ့လည်း ဗုံးကြဲပါတယ်။
စစ်တပ်ကလေယာဥ်တွေရယ်၊ ဒရုန်းတွေနဲ့ ဗုံးကြဲမှုကြောင့် ဘုန်းကြီးမှာ ခိုလှုံနေတဲ့ ကလေးငယ်တွေ၊အမျိုးသမီးတွေ၊သက်ကြီးရွယ်အိုတွေထဲက ၂၈ ဦးဟာ ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ကိုမောင်နဲ့ ရွာသားတွေကိုတော့ စစ်သားတွေကညှင်းပန်းနှိပ်စက်ပြီးသိချင်တာတွေမေးနေတာပါ။
“ဖြည်ပေးပါဦး။ လက်တွေလည်းကပ်နေပြီဆိုတော့ မဖြည်ပေးနိုင်ဘူး သေးပေါက်ချင်ပြီပြောလည်း ပုဆိုးထဲပဲပေါက်ထည့်တဲ့။ ထပ်မှောက်နေဆိုပြီး မှောက်တော့ ခေါင်းထောင်လို့လည်းမရဘူး တနေကုန်ထမင်းအငတ်ထားတာ ပြီးတော့ ဖုန်းမဖွင့်ပေးလို့ ကန်ခံရတယ် သွားတောင်ကျွတ်သွားတယ် “လို့ အဖြစ်ဆိုးကြီးကိုကြုံခဲ့ရတဲ့ အခြားအမျိုးသားတဦးက ဖွင့်ဟပါတယ်။
နောက်မှ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတွေဟာ ဘုန်းကြီးကျောင်းကိုစစ်တပ်က ဗုံးကြဲလို့မိသားစုဝင်တွေ သေဆုံးခဲ့သူတွေရှိတာကိုသိကြရပါတယ်။ အဲဒီလိုသိတာလဲ စစ်သားတွေရဲ့ အသံဖမ်းစက်တွေကတဆင့်ကြားလို့သိကြတာပါ ။ ကိုယ်တိုင်ကတော့ မြေပေါ်မှာနေပူကြီးထဲ ခေါင်းငုံပြီး မှောက်နေရလို့ ဘာမှမမြင်ရပါဘူး ။
ဘုန်းကြီးကျောင်းကမိသားစုဝင်တွေ ဗုံးကြဲပြီးအစုလိုက်အပြုံလိုက်အသတ်ခံရတာသိရချိန်မှာအမျိုးသားတွေဟာ ဝမ်းနည်းစိတ်ကြောင့်ယူကြုံးမရဖြစ်ကြရပါတယ် ။ အဲဒီနောက်သေဆုံးခဲ့သူတွေကို သဂြိုလ်ခွင့်ပြုဖို့ စစ်သားတွေကို တောင်းပန်ပြီးပြောပါတယ်။သဂြိုလ်ခွင်ခွင့်ရဖို့ကိုတောင် ဒူးထောက်ပြီးတောင်းပန်ပြီးမှသာ သဂြိုလ်ခွင့်ပြုခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘုန်းကြီးကျောင်းမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တဲ့သူ ၂၈ ယောက်ကို ဖမ်းဆီးခံထားရတဲ့ ရွာသားတွေကိုယ်တိုင်ကကျင်းကြီး ၂ ကျင်းတူးပြီး မြေမြုပ်သဂြိုလ် ပေးခဲ့ကြရတာလည်းဖြစ်ပါတယ်။
“၂၈ ယောက် ကျင်း ၂ ကျင်းတူပြီး မြေမြုပ်ပေးခဲ့ရတယ်။ ဗိုက်ကြီးသည်ဆို ကလေးက ဗိုက်ပေါက်ပြီး လက်တောင်ထွက်နေတာ။ သေတဲ့ထဲမှာ မိန်းမတွေကြည့်ပဲ။ ကလေးတွေ၊ မိန်းမတွေ “လို့ ကိုယ်တိုင် မြေမြုပ်သဂြိုလ်ပေးခဲ့ရသူတဦးက ပြောပါတယ်။သေဆုံးခဲ့ရတဲ့ ၂၈ ယောက်ဟာ ဘုန်း
ကြီးကျောင်းထဲမှာပဲ သေဆုံးခဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင် လမ်းမှာ စစ်တပ်ကသေနတ်နဲ့ပစ်သတ်ခံခဲ့ရသူတွေလည်းရှိခဲ့ပါတယ်။လမ်းမှာသေဆုံးခဲ့ရသူတွေကိုတော့ စစ်တပ်က သဂြိုလ်ခွင့်မပေးပါဘူး။
ဘုန်းကြီးကျောင်းထဲကသေဆုံးသူတွေကိုသဂြိုလ် ခွင့်ရချိန်မှသာကိုမောင်အပါအဝင် ဖမ်းဆီးခံထားရသူတွေဟာ သူတို့မိသားစုဝင်တွေဘယ်သူသေဆုံးသွားတယ်ဆိုတာကို သိခွင့်ရကြတာလည်းဖြစ်ပါတယ်။စစ်တပ်ကအခုလို ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအကြိမ်ပေါင်းရာချီနေပြီဖြစ်ပါတယ် ။
ကံဆိုးချင်တော့ကိုမောင်ရဲ့အမျိုးသမီးဟာလည်းစစ်တပ်ကဘုန်းကြီးကျောင်းကို ဗုံးကြဲစဥ် သေဆုံးခဲ့ပါတယ် ။သားနဲ့ သမီးတွေကတော့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
နောက်ရက် မတ်လ ၆ ရက်မှာလည်း စစ်တပ်က ဒေသခံတွေကို ဆက်ဖမ်းဆီးထားပြီး ထပ်မံနှိပ်စက်ကြပြန်ပါတယ်။
အဲဒီနောက် ကိုမောင်အပါအဝင် စစ်တပ်က ဓါးစာခံအဖြစ် ဖမ်းခံထားရတဲ့ ပြည်သူ ၃၀၀ ကျော်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၃) ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေကစစ်တပ်ကိုတိုက်ခိုက်ပူးပေါင်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ (၂၅) ကွပ်ကဲမှုအောက် ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်က တော်ဝင်ဒေါင်းတပ်ရင်း၊တောကျီးကန်းတပ်ရင်း၊ ၃၇၀၃တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းပြီး “ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့ကြတာပါ။
စစ်ဆင်ရေးအတွင်းမှာ ပဲခူးတိုင်းစစ်ဌာနက ရဲဘော် ၉ ဦး၊ KNLA တပ်ရင်း (၇) နဲ့ တပ်ရင်း (၉)က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။ဒါ့အပြင် (၇) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ဘက်က ၁၀ ယောက်ကျော်သေဆုံးပြီး အယောက် ၂၀ထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့
NUG ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ပြည်သူ ၃၀၀ ကျော်ကို ထိခိုက်မှုမရှိ ဘေးရန်ကင်းစွာနဲ့ ပူးပေါင်းတပ်တွေက လွတ်မြောက်ရာဒေသတွေကို ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။
“ရွာထဲကနေ ရွာပြင်ရောက်မှပဲ။ အသက်ရှုဝသွားတော့တယ် အတိုင်းမသိ ဝမ်းသာသွားတာ “လို့ကိုမောင်ကရင်ဖွင့်ပါတယ် ။
ဒါပေမယ့် ဒဏ်ရာရပြီးဆေးကုသနေတဲ့ ရင်သွေးငယ်တွေနဲ့ သူမတွေ့ရသေးပါဘူး ။ဒါကြောင့်ရင်သွေးငယ်တွေနဲ့အမြန်တွေ့ခွင့်ရဖို့ သူစိတ်စောနေပါတယ် ။ရင်သွေးငယ်တွေအကြောင်းပြောနေချိန်မှာတော့ စစ်တပ်လက်ချက်ကြောင့် ကွယ်လွန်သွားတဲ့ဇနီးသည်အကြောင်း ပြန်တွေးမိရင်း သူ့အသံတွေတိမ်ဝင်သွားပါတယ်။ ။

















































