close

ပဇီကြီးကို ခြေလျင်စစ်ကြောင်းဝင်၊ အနီးအနားရွာများပါ ထွက်ပြေးနေရ

လွန်ခဲ့သော တစ်ပတ်က လေကြောင်းမှ ပစ်ခတ်၍ ကလေးငယ်များအပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီ ခြေလျင်တပ် ယနေ့ ဝင်ရောက်လာသည်။

စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအတွင်း အပျက်အစီးများကို ဧပြီ ၁၇ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

လွန်ခဲ့သောတစ်ပတ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အပြင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ကလေးငယ်များ အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီ ခြေလျင်တပ် ယနေ့ (ဧပြီ ၁၉) ဝင်ရောက်လာသည်။

အင်အား ၁၀၀ ကျော်ပါသည့် ထိုစစ်ကြောင်းမှာ ယမန်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ အနောက်ဘက်ကမ်းရှိ မလယ်ရွာသို့ ရောက်လာသည်ဟု ဒေသတွင်း သတင်းရင်းမြစ်သုံးဦးထံမှ သိရသည်။

ထိုတပ်ဖွဲ့မှာ မလယ်ရွာအနောက်ဘက် လေးမိုင်အကွာ ပဇီကြီးရွာသို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်လာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကန့်ဘလူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း (၄) တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့များက ပဇီကြီး၊ မလယ်နှင့် ရွာနီးချုပ်စပ်ရှိ ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပေးနေရသဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။ “စစ်ရှောင်တွေကို ကျွန်တော်တို့ ဆွဲထုတ်နေကြတယ်။ ရွာ (တွေ) ထဲက အခြေအနေတော့ ဘာမှ မသိရသေးဘူး”။

ပဇီကြီးကို ဦးတည်ကာ အနောက်ဘက် မိုင် ၄၀ ကျော်အကွာ ကန့်ဘလူမြို့ပေါ်မှ နောက်ထပ် စစ်ကြောင်းတစ်ကြောင်း လာရောက်နေကြောင်း၊ ထိုစစ်ကြောင်းမှာ ပဇီကြီးနှင့် ၁၀ မိုင်ခန့်အကွာ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်တွင်သာ ရှိသေးကြောင်း ကန်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။ 

ဗုံကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း လူဦးရေ ၈၀၀ ခန့်ရှိ ပဇီကြီးရွာခံတို့မှာ တစ်စတစ်စဖြင့် ရွာကို စွန့်ခွာထွက်ပြေးနေကြရသည်။ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ဝင်လာ၍ ပဇီကြီးနှင့် ပတ်ဝန်းကျင်ရွာများမှ ဒေသခံ မည်မျှ တိမ်းရှောင်နေရသည်၊ ဖမ်းဆီးခံရသူ၊ သေဆုံးသူ ရှိမရှိ အသေးစိတ်တို့ကို မသိရသေးပေ။

“ကျွန်တော်တို့က တောင်သူတွေဆိုတော့ ရွာပြန်ပြီး နွားတွေ ဘာတွေ ကြည့်ရတာပေါ့။ ကျန်တဲ့သူတွေတော့ တောစပ် အကုန်ပို့ထားရတယ်။ ကျွန်တော်တို့ရွာတွေရော၊ ရွာနားနီးတာကတော့ အကုန်ရှောင်ရတယ်။ ခုကတော့ (စစ်ကြောင်း) ဝင်တာပဲ သတင်းရသေးတယ်” ဟု ပဇီကြီးရွာနီးစပ်ချုပ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးအဖွဲ့ ရုံးဖွင့်ပွဲ ပြုလုပ်နေသည့် ပဇီကြီးရွာကို ဧပြီ ၁၁ နံနက်ပိုင်းတွင် စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အကျွေးအမွေးဖြင့် ဧည့်ခံသဖြင့် ကလေးများအပါအဝင် ဒေသခံ ၂၀၀ ကျော် စုဝေးကြစဉ် တိုက်လေယဉ်ဖြင့် ဗုံးနှစ်လုံးကြဲချ၊ ထွက်ပြေးပုန်းရှောင်သူများကို ရဟတ်ယာဉ်ပေါ်မှ ဖျက်အားပြင်းသေနတ်များသုံး၍ ပစ်ခတ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ၊ အလောင်းကောက်သူများကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်သဖြင့် မီးကျွမ်းနေသည့် အလောင်းများ၊ အပိုင်းပိုင်းပြတ်နေသည့် ခန္ဓာကိုယ်အပိုင်းအစများကို ဒေသခံများ လေးရက်နီးပါး စုစည်းကောက်ယူခဲ့ရသည်။

ထိုဖြစ်စဉ်အတွင်း ၆ လသား မိန်းကလေးတစ်ဦးအပါဝင် ကလေးသူငယ် ၄၀ ဦး၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူ ၁၂၈ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဧပြီ ၁၆ တွင် သတင်းထုတ်ပြန်သည်။ အရိုးကြေ၊ အသားပြတ်ထွက်သည်အထိ ဒဏ်ရာပြင်းထန်သူ ၅၀ နီးပါးရှိသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။

ပဇီကြီးရွာကို လေကြောင်းမှ တိုက်ခိုက်သည်ဟု စစ်ကောင်စီကလည်း ဝန်ခံထားသည်။ ပဇီကြီးရွာကို အခြေပြု၍ တော်လှန်ရေးလုပ်ဆောင်မှုများကို ရှင်းလင်းမည်ဟုလည်း စစ်ကောင်စီ၏ ဧပြီ ၁၁ ရက် ထုတ်ပြန်ချက်က ဆိုထားသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။