close

ခင်ဦးအနောက်ခြမ်းတွင် ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သေ၊ ဒေသခံ ၅ ဦး ပျောက်ဆုံး

စစ်ကိုင်တိုင်း၊ ခင်ဦးမြို့သို့ ရောက်လာသော အာဏာသိမ်းတပ်ကို မိုင်းထောင်တိုက်ခိုက်သည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့ တိုက်ပွဲအတွင်း သေဆုံးသွားသည်။

ထွက်ပြေးတိမ်းရှောင်နေကြသော ခင်ဦးအနောက်ခြမ်းကျေးရွာများမှ ဒေသခံများကို ယနေ့ (ဧပြီ ၁၉ ရက်)က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ် ယနေ့ (ဧပြီ ၁၉) တွင် ဝင်ရောက်လာစဉ် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ပျောက်ဆုံးနေသည်။ 

ရေဦးမြို့မှတစ်ဆင့် မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်လာသည့် အင်အား ၁၄၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို မြင်ဒေါင်းကျေးရွာနှင့် မြကန်ကျေးရွာအကြား ဒေသခံကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ကြသည်ဟု ဆိုသည်။

မြကန်ကျေးရွာအတွင်း စစ်ကောင်စီတပ် ဝင်ရောက်စဉ် မိုင်းထောင်ပြီး ပြန်ဆုတ်လာသော ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များနှင့် တိုးမိသည်ဟု မြင်ဒေါင်းကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အလင်းရောင် ဆိုသူက Myanmar Now ကို ယနေ့ မွန်းလွဲတွင် ပြောသည်။

“ကျွန်တော်တို့ နေရာနှစ်ခုမှာ အသီးသီးတာဝန်ယူ ခုခံကြတဲ့အချိန်၊ စကစတပ်က တပ်ဖွဲ့ ၃ ခုခွဲပြီး မြကန် (ရွာ) ထဲ ဝင်ဖို့လုပ်နေတဲ့အထဲက တစ်ဖွဲ့နဲ့ ထိပ်တိုက်တိုးပြီး ခုခံရင်ဆိုင်ပေမဲ့၊ လက်နက်အင်အား မမျှတော့ ရဲဘော်တွေ ကျကုန်တာ” ဟု သူက ဆိုသည်။

“ပထမရှေ့ဆုံးက ပွိုင့် (မိုင်းကွင်း)ကို စစ် xxxx တွေ ရောက်တဲ့အချိန် မိုင်းဆွဲတယ်။ ခွဲပြီးတာနဲ့ နောက်တစ်ဆင့် ပွိုင့်ဆီကို ဆုတ်တဲ့အချိန် ထိပ်တိုက်တိုးတော့ ရင်ဆိုင်ပစ်ခတ်ကြတာမှာ တစ်ဖွဲ့လုံးမှာမှ မောင်းပြန်နှစ်လက်ပဲ ပါတော့ ဘယ်လိုမှ အင်အား မမျှဘူး”

သေဆုံးသူများမှာ မြင်ဒေါင်းကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ကိုတရုတ်ကြီး (၄၆ နှစ်)၊ ကိုနောင် (၄၀ နှစ်)၊ အသက် ၂၀ ဝန်းကျင်အရွယ်များဖြစ်သော ကိုကျော်နိုင်၊ ကိုဖိုးကျော်၊ ကိုမိုးဟိန်းတို့ ဖြစ်ကြသည်။

ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရန် စီစဉ်ထားပြီး စစ်ကောင်စီတပ်ကို ခုခံရင်ဆိုင်ရန်လည်း ပြင်ဆင်နေကြရကြောင်း ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ပျောက်ဆုံးနေသည့် ဒေသခံ ၅ ဦးမှာ မြင်ဒေါင်းကျေးရွာသားများဖြစ်သော ကိုစိန်မျိုးတင်နှင့် ကိုအောင်ကျော်လွင်၊ မြကန်ကျေးရွာမှ အမျိုးသား ၃ ဦးတို့ ဖြစ်ကြောင်း မြင်ဒေါင်းကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး၏ ရုပ်အလောင်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ယမန်နေ့ (ဧပြီ ၁၈) တွင် ခင်ဦးအနောက်ခြမ်းရှိ အင်းပတ်ကွေ့၊ ရွာသစ်ကုန်း၊ မူးတိမ်ချောင်းတံတား စသည့် နေရာများရှိ စစ်ကောင်စီခြေကုပ်စခန်းများထံ ရိက္ခာနှင့် ခဲယမ်းများ သယ်ဆောင်လာသော ကား ၄ စီးဖြင့် ရေဦးမြို့ပေါ်မှ စစ်တပ်အင်အား ၁၀၀ ခန့်က ရှေ့ပြေးစစ်ကြောင်းအဖြစ် ဒေသတွင်း ဝင်ရောက်လာကာ အနောက်ခြမ်းကျေးရွာများအတွင်း လုံခြုံရေးယူ တပ်စွဲလိုက်သည်။

ထို့နောက် ယနေ့နံနက်တွင် ရေဦးမြို့မှ အင်အား ၁၄၀ ဝန်းကျင်ရှိ နောက်ထပ်စစ်ကြောင်းတစ်ခု ထွက်လာပြီး စစ်ကြောင်း ထိုးလာရာ ထိုသို့ မြင်ဒေါင်းကျေးရွာနှင့် မြကန်ကျေးရွာအကြား ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်ရခြင်းဖြစ်သည်ဟု ခင်ဦးအနောက်ခြမ်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ KSO က ပြောသည်။

“မနေ့ကတော့ ထောက်ပို့လုပ်ပြီး (စစ်ကြောင်းတစ်ခု) ပြန်မယ်လို့ ထင်ခဲ့တာ။ ဒီမနက်မှာကျတော့ နောက်ထပ် စစ်ကြောင်းတစ်ခု ထပ်တိုးပြီးတော့ ရွာတွေ မွှေတော့တာ” ဟု KSO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထို့ကြောင့် ခင်ဦးအနောက်ခြမ်း၌ စစ်ကြောင်းနှစ်ကြောင်းမှ အင်အား ၂၀၀ ကျော်ဝန်းကျင် ရောက်နေရာ ကျေးရွာ ၂၀ နီးပါးမှ ဒေသခံ တစ်သောင်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ ပြန်ကြားရေးတာဝန်ခံကလည်း ပြောသည်။

ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခုခံပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် မည်မျှထိခိုက်သည်ကို မသိရသေးကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

တိုက်ပွဲဖြစ်ခဲ့သည့် စစ်ကြောင်းသည် ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကျွန်းလယ်ရွာအတွင်း ဝင်ရောက် နေရာယူထားပြီး ထိုနေရာမှ မကြာမီ ထွက်ခွာဖွယ်ရှိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းသည် ခုခံမှု အားကောင်းသည့် ဒေသတစ်ခုဖြစ်လာပြီး စစ်ကောင်စီတပ်ကလည်း ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။