မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စီးပွားရေးလုပ်ကိုင်နေသူများထံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ကာ ငွေတောင်းခံစာ ပေးပို့နေသူများရှိသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံတချို့ထံမှ သိရသည်။
လက်ရေးမူဖြင့် ရေးသားထားသော စာရွက်တွင် ငွေမပေးပါက ကျည်ဆန်ပေးမည်၊ မိုင်းခွဲမည်ဟု ခြိမ်းခြောက်ထားကာ ကျပ် ၃ သိန်း တောင်းခံထားပြီး ငွေကြေးလွှဲပေးရမည့် ဖုန်းနံပါတ်ပါ ဖော်ပြထားကြောင်း တွေ့ရှိရသည်။
ယင်းသို့ ခြိမ်းခြောက်စာပို့ကာ ငွေတောင်းနေသည်မှာ တော်လှန်ရေးတပ်ဖွဲ့များလည်း မဟုတ်သလို၊ စစ်ကောင်စီ၏ လက်အောက်ခံတပ်များလည်း မဟုတ်ဘဲ၊ ငွေကြေးလိမ်လည်လိုသူများက လုပ်ဆောင်နေခြင်းဖြစ်ပြီး စာပို့သူများထဲတွင် ဆယ်ကျော်သက်အရွယ်တချို့ပင် ပါဝင်ကြောင်း မတ္တရာမြို့နယ်ပကဖ စစ်ရေးတာဝန်ခံက Myanmar Now ကို ပြောသည်။
“လူလိမ်တစ်စုက လုပ်နေတာ၊ ကျွန်တော်တို့ စုံစမ်းရရှိထားတဲ့ သက်သေတွေအရ တချို့ဆို ၁၆၊ ၁၇ မိန်းကလေးတွေ ပါတာ တွေ့ရတယ်၊ ငွေအချောင်ရမလားလို့ လုပ်နေတဲ့အဖွဲ့ဖြစ်တာကို သိရပါတယ်” ဟု စစ်ရေးတာဝန်ခံအမျိုးသားက ဆိုသည်။
ပကဖအနေဖြင့် လိမ်လည်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ကြိုးပမ်းနေချိန်တွင် အစိုးရိမ်မလွန်ကြရန်၊ ငွေမပေးရန် တိုက်တွန်းထားသည်။
“ပြည်သူတွေကို ဖြစ်စေချင်တာက ကြောက်သင့်တာ ကြောက်ပါ။ အခုက ဘာမှ မလုပ်နိုင်တဲ့လူတွေက ခြိမ်းခြောက်နေတာကို ကြောက်နေကြတာ။ အခုလိုကိစ္စကို ကျွန်တော်တို့ စုံစမ်းကြည့်ပေးတယ်၊ အရေးယူဖို့လည်း လုပ်နေတယ်၊ အကြောက်လွန်ပြီး ငွေမပေးကြပါနဲ့” ဟု မတ္တရာမြို့နယ် (ပကဖ) စစ်ရေးတာဝန်ခံက ပြောသည်။
မြို့ပေါ်ရပ်ကွက်နှင့် အချို့ကျေးရွာများတွင် စီးပွားရေးလုပ်ကိုင်နေသူများ ငွေတောင်းစာ လက်ခံရရှိထားကြပြီး လေးကြောင်းမျဉ်းဖြင့် ရေးထားသော စာရွက်ကို စာအိတ်အတွင်း ထည့်ကာ နေအိမ်၊ ဆိုင်ခန်းများအနီး ပစ်ချသွားကြခြင်း ဖြစ်သည်ဟု သိရသည်။
မတ္တရာမြို့ခံ အမျိုးသားတစ်ဦးကမူ ငွေတာင်းစာသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း ၎င်းက ယူဆသည်။
“ဒါတွေကို လုပ်တာက ပျူစောထီးတွေ ဖြစ်ဖို့ များတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ PDF က လုပ်တာကတော့ မဖြစ်နိုင်ဘူး။ ဘာလို့ဆို ကျွန်တော်တို့မြို့ပေါ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ မချဉ်းကပ်နိုင်သေးဘူး။ မြို့ပေါ်ကို ကြီးစိုးတာက ပျူတွေပဲ၊ ပျူမဟုတ်ရင်တော့ လူလိမ်ပဲ” ဟု သူက ဆိုသည်။
အလားတူ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်အတွင်း ထိုသို့ စာပို့ကာ ငွေတောင်းခြင်းပြုလုပ်ခဲ့ပြီးနောက် ၂၀၂၂ နှစ်ကုန်နှင့် ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းတို့တွင် မတ္တရာမြို့ပေါ်၌ စာပေးပို့ငွေတောင်းခြင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့သည်။
ထိုစဉ်ကလည်း မတ္တရာပကဖအဖွဲ့က စာပါ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်တားမြစ်ခဲ့ရာ ရပ်တန့်သွားခဲ့ပြီးနောက် လပိုင်းအကြာ ဧပြီလကုန်ပိုင်းတွင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင် အဖွဲ့အမည်သာ ပြောင်းလဲထားပြီး လက်ရေးလက်သားနှင့် စာပါ အကြောင်းအရာများမှာ ပုံစံတူဖြစ်နေသည်ကို တွေ့ရ၍ ယခင် ငွေတောင်းသူများကပင် ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပကဖအဖွဲ့က သုံးသပ်သည်။
ငွေကြေးတောင်းခံစာ ရရှိပြီးနောက် ကြောက်လန့်ကာ ပေးလိုက်ကြသူတချို့ ရှိသည်ဟု ကြားသိရသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပြန်ခုခံရန် PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာရာ အများပြည်သူလူထုက လှူဒါန်းပါဝင်ကြပြီးနောက် PDF အယောင်ဆောင်ကာ ငွေကြေးလိမ်လည်သူများရှိသလို ထိုကဲ့သို့ ခြိမ်းခြောက်စာပို့၍ တောင်းခံသူများလည်း ရှိလာသည်။




(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

