သတင်း

ထိုင်းနယ်စပ်ရှိ KNU ထိန်းချုပ် ထီးခီးဒေသတွင်း ကုန်စည်ရောင်းဝယ်မှုကို ထိုင်းခွင့်ပြု 

မြန်မာ-ထိုင်းနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းမှ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ထားဝယ်အထူးရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်အဓိကရည်ရွယ်ပြီး အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွေက ရာထူးမှမဆင်းခင်ရက်ပိုင်းအလို ၂၀၁၁ မတ်လအတွင်းဖွင့်လှစ်ခဲ့သည်။

ထိုင်းနှင့် မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းရုံး(KNU) ထိန်းချုပ်ထားသည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ထိုင်းဘက်က ပြန်ဖွင့်မည်ဟူသော သတင်းများထွက်ပေါ်နေပြီး လက်တစ်လောတွင် ဒေသတွင်းကုန်စည်ရောင်းဝယ်မှုကို ခွင့်ပြုထားကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိပြီး ထိုင်းနိုင်ငံဘက်အခြမ်း ဖူနန်ပရွမ်ရွာနှင့် ထိဆက်နေသည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ ထီးခီးဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က ထိုးစစ်ဆင်တိုက်ခိုက်၍ ယခုနှစ် မေ ၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသည်။

နယ်မြေတည်ငြိမ်လာပြီဖြစ်၍ အဆိုပါနှစ်နိုင်ငံနယ်စပ်ဂိတ်ပြန်ဖွင့်ရန် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ထိုင်းအာဏာပိုင်များက ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ယခုလ(ဇူလိုင် ၅) မှစ၍ ကုန်တင်ယာဉ်များနှင့် လူအဝင်အထွက်ခွင့်ပြုမည်ဖြစ်ကြောင်း ကန်ချနပူရီခရိုင်အုပ်ချုပ်ရေးဌာန၏ ထုန်ပြန်ချက်မှာလည်း နယ်စပ်ကုန်သည်အသိုင်းအဝိုင်းကြား ရောက်ရှိနေသည်ဟု သိရသည်။ 

လူနှင့် ကုန်တင်ယာဉ်များဖြတ်သန်းနိုင်ရန် နယ်စပ်ဂိတ်အပြည့်အဝပြန်ဖွင့်သည့်အခြေအနေမဟုတ်ဘဲ ဒေသတွင်း နေထိုင်သူများအတွက် စားသောက်ကုန်များရောင်းချရန် ထိုင်းဘက်က ခွင့်ပြုထားကြောင်း တပ်မဟာ ၄နယ်မြေ KNU  မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

“ကျေးရွာအချင်းချင်း အဲ့ဒီ ကုန်စိမ်းကားတွေပဲ သူတို့ခွင့်ပြုတယ်။ လူအဝင်အထွက်တော့သူတို့ ခွင့်မပြုဘူး။ ဒီလိုမျိုးလုပ်တာက ထိုင်းက မူရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နယ်စပ်တစ်လျှောက်မှာ အဲ့ဒီနယ်စပ်နားမှာရှိတဲ့ ကျေးရွာတွေကို သူတို့က လူမှုရေးအရအနေနဲ့ ထိုင်းဘက်က အရောင်းအဝယ် လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။

“ထိုင်းဘက်က ရွာတွေက ဈေးကားတွေကို ဒီမြန်မာဘက်အခြမ်းရွာတွေကို လာရောင်းခွင့်ပြုတယ်။ အဲ့လိုအဆင့်ပဲ။ သူတို့က ကုန်တင်ကားတွေ ဝင်လာလို့မရဘူး။ လူအဝင်အထွက်လည်းမရဘူး”

ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၁၁ ခုနှစ် နအဖအစိုးရလက်ထက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ထားဝယ်အထူးရေနက်ဆိပ်ကမ်းနှင့် ချိတ်ဆက်ရန်အဓိကရည်ရွယ်ခဲ့ကာ ကုန်သွယ်ရေးလမ်းကြောင်းမှာ  မြေသားလမ်းအဆင့်သာဖြစ်၍  မြဝတီ၊ ကော့သောင်း စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကဲ့သို့ ကုန်သွယ်မှုအားကောင်းခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၂ ဧပြီလမှစတင်၍ ထီခီးနယ်စပ်ဂိတ်ကို ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပုံမှန်ကုန်သွယ်ခွင့် ခွင့်ပြုမည်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် နိုင်ငံရေးအခြေအနေကြောင့် ထိုလမ်းကြောင်းကို အသုံးပြုရန် ခက်ခဲနိုင်ကြောင်း ထားဝယ်၊ ထီးခီးခရီးသည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

“လမ်းကဆိုးတယ်။ မိုးလည်းမိုးကာလဆိုတော့ ကားတွေက သွားမရဖြစ်နေတယ်။ ကျွန်တော်လည်း မဆင်းသေးဘူးဆိုတော့ သေချာမသိသေးဘူး။ ဆင်းမှသိမယ်။ ကျွန်တော်တို့ တစ်ခေါက်မှ မဆင်းရသေး ဘူး။ ဂိတ်ဖွင့်တယ်လို့ပဲသိတယ်။ လမ်းမှာတော့ စစ်ဆေးရေးဂိတ်တွေတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

ထီးခီးနယ်စပ်ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ (ဓာတ်ပုံ – စီပွားကူးသန်း)

ထီးခီးဒေမှာ KNU တပ်မဟာ ၄ လှုပ်ရှားနယ်မြေတွင်ရှိပြီး ထိုဒေသရှိ စစ်ကောင်စီစခန်းများဖြစ်သည့် ထီးထာဗျူဟာနှင့် အခြားစခန်းများကို KNU က တိုက်ခိုက်သိမ်းပိုက်၍ ထိုင်းနယ်စပ်ကိုထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

နိုင်ငံတောင်ပိုင်းရှိ သက်တမ်းရင့် တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တပ်မဟာ ၇ ခု အနက် တပ်မဟာ ၄(ထားဝယ်ခရိုင်)၊ တပ်မဟာ ၅ (ဖာပွန်ခရိုင်)၊ တပ်မဟာ ၆ (ဒူးပလာယာခရိုင်၊ မွန်ပြည်နယ် ရေးမြို့နယ်)နှင့် တပ်မဟာ ၇(ဘားအံခရိုင်) လှုပ်ရှားနယ်မြေများသည် ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျှက်ရှိသည်။

ထီးခီးအပါဝင် KNU ထိန်းချုပ် နယ်စပ်ဂိတ်များကို စီမံကိုင်တွယ်ရန်ပြင်ဆင်နေကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း ပြောသည်။ 

“ပြင်ဆင်မှုလုပ်ငန်းစဉ်ထဲမှာပဲရှိပါ​သေးတယ်။ သက်ဆိုင်ရာ​တွေနဲ့ဆက်လက်ညှိနှိုင်း​နေဆဲပါ” ဟု ၎င်းက ပြောသည်။

နယ်စပ်တစ်ကြော၌ တော်လှန်ရေးတပ်များထိန်းချုပ်မှုကျယ်ပြန်လာသည်နှင့် စစ်ရေး၊ နိုင်ငံရေးအတွက် ပိုမိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မည့်အပြင် ထိုင်းအစိုးရနှင့်ဆက်ဆံရာတွင် တော်လှန်ရေးတပ်များ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာမည်ဖြစ်သည်။ ထိုအချက်သည် စစ်ကောင်စီအတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုလည်းဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၆ ခု၊ လျာထားစခန်း ၃ ခုရှိသည်။ ယခုအခါ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက နယ်စပ်တစ်လျှောက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကြီးငယ်များကို တိုက်ခိုက်သိမ်းပိုက်၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်လာသည်။

ထိုင်းနှင့်မြန်မာနယ်စပ်တွင် တရားဝင်နယ်စပ်စခန်းများအဖြစ် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်းဂိတ် ၆ ခုရှိပြီး လျာထားစခန်းများအဖြစ် ဘုရားသုံးဆူ၊ မယ်စဲ့နှင့် ပုံပါကျင်ဆူနယ်စပ်ဂိတ်ဟူ၍ ၃ ခုရှိကြောင်း စီပွားကူးသန်းဌာန၏ စာရင်းများအရ သိရသည်။ 

Related Articles

Back to top button