၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် (TNLA) သိမ်းပိုက်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့ကို ယနေ့ (ဇူလိုင် ၈) နံနက် ၈ နာရီကျော်အချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား လေးဦး သေဆုံးပြီး ခုနှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည် ဟု ဒေသခံများထံက သိရသည်။
မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ရှိ “ကြိုးစားသူများ ကိုယ်ပိုင် အထက်တန်းကျောင်း” အနီး လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု မိုးကုတ် ဒေသခံများက ပြောသည်။
“ရပ်ကွက်ထဲကို ချသွားတာ။ လူတွေ တော်တော် ထိတယ်။ သေတဲ့သူတွေထဲမှာ အမျိုးသမီး တစ်ယောက် ပါတယ်” ဟု မိုးကုတ်ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် “ကြိုးစားသူများ စာသင်ကျောင်း” အပါအဝင် လူနေအိမ် ငါးလုံး ထက်မနည်း ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောကြသည်။

အလားတူ TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီး ယနေ့ နံနက်ပိုင်း တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား၊ အမျိုးသမီးစုစုပေါင်းလေးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ လေးဦးမှ သတ်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ ဦးခေါင်းဒဏ်ရာကြောင့် စိုးရိမ်စရာ အခြေအနေ ရှိနေသည်ဟု ကျောက်မဲဒေသခံတို့ ကဆိုသည်။
“ဘိုးဘွားရိပ်သာနားတစ်လုံးနဲ့ အဲနားက ရုံးမှာ တစ်လုံး ချသွားတာ။ လမ်းမကြီးက သွားလို့တောင် မရတော့ဘူး။ အဲနားမှာ အရင်အစိုးရရုံးတွေ ရှိတယ်။ အဲမှာ တစ်လုံး ကျတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။
အထက်ပါလေကြောင်းတိုက်ခိုက်မှုအခြေအနေများနှင့် ပတ်သက်၍ TNLA နှင့် စစ်ကောင်စီဘက်မှ ယနေ့နေ့လယ်အထိ သတင်းထုတ်ပြန်ချက် မရှိသေးပေ။
ပြီးခဲ့သည့် ဇွန် ၂၄ ရက်နှင့် ၂၉ ရက်အတွင်း စစ်ကောင်စီတပ်က ကျောက်မဲမြို့ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၇) ရပ်ကွက်တို့ရှိ လူစည်ကားရာနေရာများသို့ လေကြောင်းမှ ဗုံးကြဲတို က်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့သည်။
ဇွန် ၂၅ ရက်နေ့ ည ၁၁ နာရီကျော်အချိန် မိုးကုတ်မြို့အရှေ့ပိုင်း အုန်းကိုင်းရပ်ကွက်ကို စစ်လေယာဉ်က ဗုံးတစ်လုံးကြဲချခဲ့ရာ ကလေးတစ်ဦး၊ သက်လတ်ပိုင်းအရွယ် အမျိုးသား အပါအဝင် သုံးဦး ထိခိုက် ဒဏ်ရာရခဲ့သည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ဧပြီ ၂၈ ရက်မှ ၂၉ ရက်အတွင်း စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဆွေးနွေးပွဲတွင် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်လည်ပေးအပ်ရန် စစ်ကောင်စီက တောင်းဆိုခဲ့သည်။
သို့သော် စစ်ကောင်စီ၏ တောင်းဆိုချက်အား TNLA က လက်မခံသဖြင့် ဆွေးနွေးပွဲ မအောင်မြင်ဘဲ ပြီးဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ရာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့များကို လေကြောင်းမှ မကြာခဏဗုံးကြဲတိုက်ခိုက်နေသည်။
ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် TNLA သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက တိုက်ပွဲများ ရပ်တန့်ရေးအတွက် စစ်ကောင်စီနှင့် တအာင်းတပ်တို့အား မကြာသေးမီက သီးသန့် တွေ့ဆုံ စကားပြောခဲ့ပြီး နှစ်ဖက်လုံးကို အပစ်ရပ်ရန် အကြံပြုခဲ့ကြောင်း TNLA ပြောခွင့်ရသူ လွေးယေဦးက မီဒီယာများကို ပြောကြားခဲ့သည်။
သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ယနေ့ (ဇူလိုင် ၈) အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ TNLA ထိန်း ချုပ်ဒေသများအား လေကြောင်း မှ ဆက်လက်တိုက်ခိုက်လျက်ရှိနေသည်။



