သတင်း

ကလေးမြို့အနီးဆုံးရှိ ပျူစောထီးစခန်းတစ်ခုကို စီးနင်းတိုက်ခိုက်၊ လက်နက်နှင့်သုံ့ပန်းတစ်ဦးရ

မြို့နှင့်ကပ်လျက် ကျေးရွာစာသင်ကျောင်းတွင် စစ်တပ်နှင့်ပျူများ အထိုင်ချထားသည့် စခန်းတစ်ခုကို နံနက်အစောချိန်တွင် ရုတ်တရက်ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်များနှင့်ပြည်သူ့စစ်တစ်ဦး ဖမ်းမိခဲ့ သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် စစ်တပ်နှင့်ပျူစောထီး (ပြည်သူ့စစ်) အထိုင်ချထားသည့် ကျေးရွာ တစ်ရွာကို ဇူလိုင် ၅ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။ 

မြို့တောင်ဘက် တစ်မိုင်ခန့်အကွာ နှောညောင်ပင်ရွာ (ကံပုလဲ) ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ် နှင့်ပျူအထိုင်စခန်းအား ကလေးခရိုင်နှင့် ကျေးရွာပကဖများက ဇူလိုင် ၅ ရက် နံနက် ၁ နာရီခွဲ ဝန်းကျင်တွင် စီးနင်းတိုက်ခိုက်ခဲ့သည်၊ မိနစ် ၄၀ ဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

စီးနင်းတိုက်ခိုက်မှုအတွင်း ပျူစောထီး (ပြည်သူ့စစ်) တပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ကာဘိုင် ၄ လက်၊ G 3 အမျိုးအစား ၂ လက်နှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ကလေးခရိုင်ပကဖက ယနေ့ နံနက်တွင် ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။ 

တိုက်ပွဲအတွင်း ပကဖ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး  စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦး နှင့် ပြည်သူ့ စစ် ၄ ဦး သေဆုံးသည် ဟု ကလေးခရိုင် ပကဖအဖွဲ့ က ဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံး မှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

နှောညောင်ပင်ရွာအနီး စစ်တပ်စစ်ဆေးရေးဂိတ်စခန်းမှ လက်နက်ကြီးနှင့် ၅ ကြိမ်ခန့် ပစ်ကူပေးခဲ့သည့် အပြင် မြို့နှင့်ကပ်လျှက်ရွာဖြစ်သည့်အတွက် တိုက်ပွဲစတင်ပြီး နာရီဝက်ခန့်အကြာ ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှ အင်အား ၂၀ ခန့်ပါဝင်သည့် ကားတစ်စီး စစ်ကူပို့လာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ 

ကျောင်းသားကျောင်းသူများတက်ရောက်နေသည့် စာသင်ကျောင်းပတ်ပတ်လည်တွင် ဘန်ကာများ ဆောက်၍ ကျောင်းဝင်းထဲ ရှိအဆောင်တစ်ခုတွင် စစ်တပ်နှင့် ပျူစောထီးအင်အား ၄၀ ဝန်းကျင် နီးပါးက အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်းသိရသည်။ 

“ကျွန်တော်တို့အနေနဲ့ စခ (စစ်ကောင်စီတပ်သားများ) ထိုင်ထားတဲ့ စာသင်ကျောင်းအတွင်းမှာ ဆရာ၊ ဆရာမတွေနဲ့ ကလေးငယ်လေးတွေရှိတော့ သူတို့ အထိခိုက်မရှိအောင် တိုက်ပွဲကို အရမ်းဂရုစိုက်ရတယ်။ ပျူစောထီးရွာ ဆိုပေမယ့် ကျွန်တော်တို့ရဲ့အဓိက ရည်မှန်းချက်က စခနဲ့ ပျူစောထီးတွေဖြစ်တဲ့အတွက် အပြစ်မဲ့တဲ့ ကလေးငယ်တွေကိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။ ဒါဟာလည်း စခတွေကို သတင်းစကားတစ်ခု ပေးတဲ့သဘောပါ” ဟု ကလေးခရိုင် ပကဖ တာဝန်ရှိသူက ပြောသည်။ 

အိမ်ခြေ ၅၀၀ ခန့်ရှိသည့် နှောညောင်ပင် (ကံပုလဲ အရှေ့ရွာ)မှာ စစ်တပ်နှင့်ပျူစောထီးများ အခြေချ တပ်စွဲထားသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည်။ 

မကွေးတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကလေးမြို့နယ်သည် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအားကောင်းသည့်မြို့နယ်ဖြစ်ပြီး ကလေး တောင်ပိုင်းနှင့် ဂန့်ဂေါ မြို့ မြောက်ပိုင်း မြစ်သာမြစ်ဝန်းကျင်တွင် ပြည်သူ့စစ်အားကောင်းသည့် ကျေးရွာ ၁၀ ရွာနီးပါးရှိသည်။ 

ယခုနှစ်ဆန်းပိုင်းက ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ ပြည်သူ့စစ် အခြေစိုက်ရာ ကျေးရွာများဖြစ်သည့် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့) ၊ အောင်သာယာ  (အနောက်) နှင့် ကြံသာရွာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီး လက်ရှိအချိန်ထိ နယ်မြေစိုးမိုးထိန်းချုပ်ထား ဆဲဖြစ်ကြောင်းသိရသည်။ 

ကလေးတောင်ပိုင်း နှင့် ဂန့်ဂေါမြောက်ပိုင်းကြားရှိ ပြည်သူ့စစ် အခြေစိုက် ကျေးရွာများအနက် အင်အား အကောင်းဆုံးဖြစ်သည့် မြောက်ခင်ရန်းနှင့် ဟံသာဝတီကျေးရွာတို့တွင် အင်အားစုဖွဲ့မှု ပြုလုပ်ကာ ထိုးစစ် ဆင်မှုများ မကြာခဏ ပြုလုပ်နေသဖြင့် ထိတွေ့တိုက်ခိုက်မှုများရှိကြောင်း CDF KKG မှ သိရသည်။ 

Related Articles

Back to top button