စစ်ကောင်စီတပ်ကင်းစင်သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ချင်းတော်လှန်ရေးအဖွဲ့များကြား တင်းမာမှုများဆက်ရှိနေပြီး နှစ်ဘက်စခန်းများကို အပြန်လှန်တိုက်ခိုက်သည်အထိ ဆက်လက် အရှိန်မြင့်တက်နေ ကြောင်းသိရသည်။
ချင်းတော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် CDF (Hulngoram) ထိန်းချုပ်ထားသည့် အိန္ဒိယ – မြန်မာ နယ်စပ်ဝင်ထွက်ပေါက် ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) က ဇူလိုင် ၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
“ သူတို့က လူအင်အားနဲ့ လက်နက်အင်အားနဲ့ တဖြည်းဖြည်း ရှေ့တိုးလာတော့ ကျွန်တော်တို့ဘက်က တဖြည်းဖြည်း ဆုတ်ဆုတ်ပေးနေရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ မှာစိုးလို့ ကျွန်တော်တို့က နောက်ဆုတ်ပြီး ရှောင်ပေးရပါတယ်။ ၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ဆိုရင် တော့ ရိဒ်မြို့ပေါ် သူတို့ရောက်လာခဲ့ပြီး တော့ မြို့ကို သူတို့ထိန်းချုပ်ခဲ့တာပေါ” ဟု Hualngoram Peoples Organization မှ ပြောရေးဆိုခွင့် ရှိသူက အတည်ပြုသည်။
Hualngoram Peoples Organization သည် CDF Hualngoram ၏ နိုင်ငံရေးဆိုင်ရာအဖွဲ့ဖြစ်သည်။
ရိခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် (CNF/ CNA) နှင့် CDF Hulngoram အပါအဝင် ချင်းပူးပေါင်း တပ် များက ၂၀၂၃ နိုဝင်ဘာတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေး လုပ်ငန်းများကို ဖော်ဆောင် နေခြင်းဖြစ်သည်။
CDF Hulngoram သည် ချင်းအမျိုးသားတပ်မတော် ဦးဆောင်သည့် ချင်းလဲန်းကောင်စီ (Chinland Council) CC ၏အဖွဲ့ဝင်လည်း ဖြစ်သည်။
ရိခေါဒါရ်မြို့ကို လက်လွှတ်ခဲ့ရပြီးနောက် ယမန်နေ့ (ဇူလိုင် ၆) ရက်နေ့တွင် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ် (ချင်းအမျိုးသားကာကွယ်ရေးတပ်မတော်) (CNO / CNDF) ဌာနချုပ်ကို CNA က လာရောက်တိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။
“၅ ရက်နေ့မှာ ရိခေါဒါရ်ကို CNO/CNDF ကထိန်းလိုက်ပါတယ်။ ကျွန်တော်တို့လက်ထဲမှာရှိပါတယ်။ ၆ ရက်နေ့မှာ ကျွန်တော်တို့ ဌာနချုပ်ဘက်ကို CNA အလုံးအရင်းနဲ့ အလစ်ငိုက် တိုက်ခိုက် သိမ်းယူထား တယ်။ ဖလမ်းမြို့ကိုလည်း ချီတက်လာပြီးတော့ ဖလမ်းမြို့ကိုသိမ်းဖို့ရန် လုပ်ဆောင်နေတာလည်း ရှိပါတယ်”ဟု CNDF ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC Mindat)၊ ချင်းကာကွယ်ရေးအဖွဲ့ ကန်ပက်လက် (CDF Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ (တပ်မဟာ ၁)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) တို့ပါဝင် သည်။ ချင်းညီနောင်အဖွဲ့သည် အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်လည်း ဖြစ်သည်။
လက်ရှိတွင် ချင်းအမျိုးသားတပ်မတော် (CNA)က ဖလမ်းကို ဝိုင်းရံစစ်ကြောင်းထိုးနေပြီး CNDF အနေဖြင့် ပြန်လည် ခုခံတိုက်ခိုက်နေသည်ဟု ချင်းညီနောင် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ရေးတင်းမာနေသည့် ရိခေါဒါရ်မြို့သို့ CNA အနေဖြင့် စစ်ကူသွားချိန်တွင် CNDF ဌာနချုပ် ဂိတ်မှ ဖြတ်သန်းခွင့်မပေးသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များ စခန်းစွန့် ဆုတ်ခွာသွားခြင်း ဖြစ်သည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက တုံ့ပြန်သည်။
“HPO နဲ့ CNDF နဲ့တိုက်ပွဲဖြစ်တဲ့ ရိခေါဒါရ်မြို့မှာ အဲ့ဒီကို ကျွန်တော်တို့သွားတယ်။ သွားတဲ့အချိန်မှာ CNDF ဌာနချုပ် ဂိတ်တစ်ခုမှာ ဖြတ်သန်းသွားလာခွင့်မပေးဘူး။ အဲ့ဒါနဲ့သူတို့နဲ့ ကျွန်တော်တို့နဲ့ ကြားမှာ ထိတွေ့တိုက်ပွဲအနည်းငယ် ရှိတာပေါ့။ အဲ့ဒါနဲ့သူတို့က ဌာနချုပ်ကနေထွက်ပြေးသွားကြတာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်တို့ ဆက်စပ်ပြီးသွားဖို့အလုပ်မှာ ရိဒ်ဘက်ကနေ စစ်ကူပို့လာတာ။ ဆိုတော့ သူတို့နဲ့ ကျွန်တော်တို့ တိုက်ပွဲပြန်ဖြစ်တာ။ ဌာနချုပ်နားမှာ။ ခုလည်း အဲ့ဒီလိုဖြစ်နေတဲ့အနေအထားပါ။ စခန်းသိမ်း တယ်ဆိုတဲ့ အနေအထားမျိုးမဟုတ်ဘဲနဲ့ သူတို့ထွက်ပြေးသွားလို့ စခန်းမှာ လူတစ်ယောက်မှ မရှိတော့ဘူးပေါ့။ အဲ့ဒီအနေအထားပါ”ဟု ဆလိုင်းထက်နီက Myanmar Now ကိုပြောသည်။
ဇူလိုင်လဆန်းမှ စတင်ခဲ့သည့်တိုက်ပွဲများ
ဖလမ်းမြို့နယ်တွင် နယ်မြေအငြင်းပွားမှုဖြစ်သည့် CNDF နှင့် CDF (Hulngoram)တို့မှာ ကျေးရွာ ၃ ခုတွင် ဇူလိုင် ၂ ရက်နေ့က စပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ကြသည်။
ဖလမ်း – ရိဒ် လမ်းဝန်းကျင်ရှိ ကျေးရွာများဖြစ်သည့် စတော်မ်ရွာ (Sawtam) လျန်နှာရွာ (Liannah) သီးကျိရ် (Ticirh) ရွာတို့တွင်ဖြစ်ခဲ့သည့် တိုက်ပွဲများတွင် CDF Hulngoram တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁၀ ဦး ဝန်းကျင် ဖမ်းဆီးခံခဲ့ရသည်။
CNDF ဘက်မှ အင်အားအလုံးအရင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် တောင့်မခံနိုင်သည့် CDF Hulngoram ဘက်မှ စခန်းအချို့ တပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် တိုက်ပွဲများမှာ ရိခေါဒါရ်မြို့အထိ ရောက်ရှိလာပြီးနောက် ဇူလိုင် ၅ ရက် ညနေပိုင်းတွင် မြို့ကို CNDF က သိမ်းပိုက်ထိန်းချုပ်လိုက်သည်။
နှစ်ဘက်တင်းမာမှုအခြေအနေများနှင့်ပတ်သက်ပြီး ယမန်နေ့ (ဇူလိုင် ၆) က မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်၏ အကြံပေး ပုဂ္ဂိုလ်ဦးဆောင်သည့် အဖွဲ့က ရိခေါဒါရ်မြို့တွင် CNDF နှင့် CDF Hualngoram အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။
“အဓိက ဆွေးနွေးတာကတော့ လောလောဆယ် ပြည်သူတွေကို ငဲ့ညှာပြီးတော့ အပစ်အခတ်ရပ်စဲရေး အတွက်သူတို့ လာဆွေးနွေး ပေးတာလို့ကြားပါတယ်”ဟု HPO မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုသို့ ဆွေးနွေးပွဲပြုလုပ်နေချိန်တွင် CNO ဌာနချုပ်ကို CNA က လာရောက်တိုက်ခိုက်သဖြင့် ဆွေးနွေးပွဲ ပျက်သွားကြောင်း ချင်းညီနောင်အဖွဲ့မှ စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။
ဇူလိုင်လ ၅ ရက်နေ့က စပြီး ရိခေါဒါရ်မြို့အနီး တိုက်ပွဲများကြောင့် ဒေသခံလူထုမှာ ကပ်လျှက် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်ကြာမြင့်လာချိန်တွင် နိုင်ငံအနောက်မြောက်ပိုင်း တောင်တန်း ဒေသ ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက နယ်မြေ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက် ထိန်းချုပ် ထားသည်။
ချင်းပြည်နယ်တွင် ချင်းညီနောင်အဖွဲ့က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း တို့ကို တိုက်ခိုက်သိမ်းပိုက် ထားပြီး ၎င်းတို့၏ မဟာမိတ် AA က ပလက်ဝ ကိုထိန်းချုပ်ထားသည်။
ချင်းအမျိုးသားတပ်မတော် ဦးဆောင်သည့် ချင်းလဲန်းကောင်စီတပ်များက တွန်းဇံမြို့ကို တိုက်ခိုက်သိမ်းပိုက် ထားသည်။ စစ်တပ်က ပြည်နယ် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့ပေါ်တို့တွင် ခြေကုပ်ယူ တပ်စွဲထားနိုင်သည့်အခြေအနေ ဖြစ်သည်။
စစ်တပ်ကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများကြား သဘောထားကွဲလွဲမှုများမှာ ပိုမိုကျယ်ပြန့်နေပြီး အဖွဲ့ချင်းချင်း ထိတွေ့တိုက်ပွဲများကြောင့် သေဆုံးမှုများ ရှိနေသည်။



