သတင်း

ရှမ်းနီတပ်၏ ရန်ကြောင့် အင်းတော်ကြီးဒေသခံ ၁,၀၀၀ ကျော် တိမ်းရှောင်နေရ

အင်းတော်ကြီးဒေသ မိုင်းနောင်ရွာနှင့် မမုံကိုင်ရွာတို့ကို SNA တပ်သားများ ထိုးစစ်ဆင်တိုက်ခိုက်ရာ KIA နှင့် ပူးပေါင်းတပ်များ ဆုတ်ခွာပေးလိုက်ရသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ ဖမ်းဆီးစစ်ဆေးမှုများနှင့် တိုက်ခိုက်မှုတို့ကြောင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ ၁,၀၀၀ ကျော်မှာ ဇူလိုင် ၂၂ ရက်နေ့မှစတင်ကာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ အင်းတော်ကြီးဒေသရှိ ကချင်လွတ်လပ်ရေးတပ်(KIA) ထိန်းချုပ်ထားသောမိုင်းနောင်ရွာနှင့် မမုံကိုင်ရွာတို့ကို ဇူလိုင် ၁၄ ရက်မှစတင်ကာ SNA တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည်ဟု ဆိုသည်။

ထိုတိုက်ပွဲအတွင်း KIA ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဘက်တွင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။   ပူးပေါင်းတပ် ဆုတ်ခွာခဲ့ရပြီးနောက် ဇူလိုင် ၁၅ ရက်နေ့တွင် SNA တပ်များက လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ကာ ရွာကိုဝင်ရောက် စီးနင်းခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

SNA တပ်များက ရွာကို ထိန်းချုပ်ပြီးနောက် ဒေသခံများ KIA နှင့် ပတ်သက်မှုရှိ၊ မရှိ ဖမ်းဆီးစစ်ဆေးသလို   နေအိမ်များကို ချိတ်ပိတ်ခဲ့သည်ဟု  အထက်ပါ ဒေသခံက ဆိုသည်။

“မိုင်းနောင်​၊​ မမုံကိုင် ရွာက ကချင်၊​ ရှမ်း၊ ဗမာ အကုန်တိမ်းရှောင်ကြရတယ်။ KIA နဲ့ ပူးပေါင်းအဖွဲ့ တပ်ဆုတ်ပေးလိုက်ရတဲ့ နောက်နေ့ ရှမ်းနီတပ်က ကြုံးဝါးခြိမ်းခြောက်ပြီး ဒေသခံ ကချင်လူမျိုး အိမ်တွေကို ချိတ်ပိတ်သိမ်းဆည်းပစ်တယ်” ဟု သူက ပြောသည်။

ရွာတွင်းသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ထွက်ပြေးသည့် ဒေသခံများကို သေနတ်များဖြင့် ပစ်ခြင်းတို့ကြောင့် ကျည်ဆံထိမှန်ဒဏ်ရာသူတစ်ဦး၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် နှစ်ဦး ဒဏ်ရာရသွားသည်ဟုလည်း သိရသည်။

“ရွာတွေထဲကို သေနတ်တွေပစ်ဖောက်ပြီးဝင်လာတယ်၊ တချို့အိမ်တွေကို ဖျက်ဆီးတယ်၊ ဖျက်ဆီးတော့ ရွာကလူတွေက ကြောက်လန့်ပြီးထွက်ပြေးတော့ ပြေးတဲ့သူတွေကိုပါ သေနတ်တွေနဲ့ပစ်တယ်၊​ အကုန်လုံးကြောက်လန့်ပြီးမှ စစ်ရှောင်၊​ စစ်ပြေးဖြစ်ကုန်တာပေါ့” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အတွင်း မိုင်းနောင်နှင့် မမုံကိုင်မှ ဒေသခံ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး သေဆုံးသူအချို့ နှင့် ဖမ်းဆီးခံရသူများလည်း ရှိနေသည်ဟု သိရသည်။

ဖမ်းဆီးသည်၊ နေအိမ်ဖျက်ဆီးမှု ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့်  ပတ်သက်၍ SNA ၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းအောင်မိန်းနှင့် ဗိုလ်မှူးကြီးဆေစိုင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အဆိုပါရွာနှစ်ရွာတွင် ကျန်ရှိနေသေးသည့် ဒေသခံတို့က အနီးဝန်းကျင်ရှိ ပိုမို လုံခြုံနိုင်မည့် ကျေးရွာများသို့ ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါ ရွာနှစ်ရွာမှာ တောင်မြောက် အတန်းလိုက်ရှိနေသည့် အင်းတော်ကြီးကန်၏ တောင်ဘက်ထိပ်တွင်ရှိပြီး ဒေသခံအများစုမှာ ကန်၏ အရှေ့ဘက်ကမ်းရွာများနှင့် အနောက်ဘက်ကမ်းဒေသများသို့ ထွက်ပြေးနေရသည်ဟု အသက်(၅၀)ခန့်အရွယ် အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ဘက်ရှိ မိုးညှင်း၊ ဟိုပင် စသည့် မြို့များနှင့် မြောက်ဘက်ရှိ ဖားကန့်မြို့သို့ သွားရောက်နိုင်သည့် လမ်းများကိုလည်း SNA တပ်နှင့် စစ်ကောင်စီတပ်များက ပိတ်ဆို့ထားသည့်အတွက် စစ်ရှောင်တချို့မှာ တောတွင်း၌ ဖြစ်သလို နေထိုင်နေကြရသည်ဟု သိရသည်။

KIA ပူးပေါင်းတပ်က အင်းတော်ကြီး-ဖားကန့်လမ်းပိုင်းကို ၂၀၂၄ ဇန်နဝါရီလတွင်း ထိန်းချုပ်နိုင်ခဲ့သလို အင်းတော်ကြီးဒေသအတွင်းရှိ မိုင်းနောင်၊ မမုံကိုင်ရွာတို့ကိုပါ ထိန်းချုပ်ထားခြင်းဖြစ်သည်။

သို့သော် ယခုနှစ် မေလမှစတင်ကာ စစ်ကောင်စီတပ်က အင်းတော်ကြီးဒေသနှင့် ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာရာ အဆိုပါဒေသတွင်ရှိသည့်  SNA နှင့်  ရှမ်းနီပြည်သူ့စစ်အဖွဲ့များကို ရှေ့တန်းတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ 

ဒေသတွင်း စစ်ရေးအခြေအနေများနှင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှု အခြေအနေများကို သိရှိ ဖော်ပြနိုင်ရန် KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ရှမ်းနီအမျိုးသားများတပ်မတော်ကို ၁၉၈၉ ခုနှစ်တွင် စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီ၊ KIA တပ်တို့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းကာ KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များကို တိုက်ခိုက်လာခဲ့သည်။

Related Articles

Back to top button