သတင်း

ပဲခူးအနောက် အုတ်ဖိုနှင့်ဇီးကုန်းတွင်  စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ

အုတ်ဖို၊ ဇီးကုန်းမြို့နယ်တို့တွင် တော်လှန်ရေးအင်အားစုနှင့် စစ်ကြောင်းထိုးနေသည့်တပ် တိုက်ပွဲဖြစ်စဉ် အနီးကပ်တိုက်ပွဲလည်း ပါဝင်သည်၊ နေအိမ်တချို့ မီးရှို့ခံလိုက်ရသည်။

ဇူလိုင် ၂၂၊ ၂၃ ရက်နေ့တို့တွင် ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်အတွင်း  စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်   ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် နောက်ပြန်ဆုတ်သွားကြောင်း ထိုဒေသရှိ တော်လှန်ရေးတပ်တချို့က ပြောသည်။

ပြည်ခရိုင် အင်းမမြို့အခြေစိုက်  တပ်မ ၆၆ လက်အောက်ခံ တပ်များ က ရန်ကုန်-ပြည် ကားလမ်းဖြတ်သန်းရာ အုတ်ဖိုမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာ ပဲခူးရိုးမတောင်ခြေအနီး အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာသို့ ရောက်လာသည်ဟု  တိုက်ပွဲတွင် ပါဝင်သည့် ရွှေတန်းမြေတပ်ဖွဲ့က ဆိုသည်။

“၂၃ရက်နေ့ ညနေ ၅နာရီလောက်မှာ စစ်တပ်က ရွာကိုမီးရှို့တယ်။ ည ၈ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ကြီးနဲ့သွားပစ်ကြသေးတယ်။ မနက် ၅ နာရီမှာ သွားပြီး တိုက်ခိုက်ရာမှာ ကျဆုံးသူတွေလည်းရှိတယ်။ သူတို့ဘက်က စစ်ကူတွေလာပြီး ဒဏ်ရာရတွေရော၊ သေသူတွေပါ သယ်ထုတ်သွားကြတယ်” ဟု ရွှေတန်းမြေတပ်ဖွဲ့  ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

သာယာဝတီခရိုင်၊ ပကဖ တိုက်ခိုက်ရေးတပ်ရင်း၊ ရွှေတန်းမြေတပ်ဖွဲ့၊ မိုးညိုပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဇီးကုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ၃ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံးကြောင်း တော်လှန်ရေးတပ်ဘက်က ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။ 

စစ်ကောင်စီတပ်သည် ကြို့ကိုးပင်ရွာတောင်ဘက် ၇ မိုင်အကွာ တိမ်မြုပ်ရွာရှိ အမှတ် (၆) ခြေမြန်တပ်ရင်းသို့ ဆုတ်သွားကြောင်း ရွှေတန်းမြေတပ်ဖွဲ့ထံက သိရသည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ပစ္စည်းများထဲတွင် စစ်ယူနီဖောင်းအချို့၊ ဖုန်းများ၊ ဆိုင်ကယ်များနှင့် ဗုံးသီးအချို့ ပါဝင်ကြောင်း တော်လှန်ရေးတပ်ဘက်က ပြောသည်။

စစ်ကောင်စီက ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

စစ်ကောင်စီကို ထောက်ခံရေးသားသည့် စစ်တောင်းသစ္စာ တယ်လီဂရမ်ချန်နယ်တွင်မူ ဇူလိုင်လ ၂၂ ရက်တွင် စစ်ကောင်စီတပ် ကြို့ကိုးပင်ရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

တော်လှန်ရေးအဖွဲ့၏ လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်များ မီးလောင်သွားသည်ဟု ဖော်ပြထားသည်။

အုတ်ဖိုမြို့နယ် မြောက်ဘက်ရှိ ဇီးကုန်းမြို့နယ်တွင်လည်း       ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည်။

အင်အား ၆၀ ကျော်ပါ စစ်ကြောင်း မြို့အရှေ့ဘက်ရှိ စမ်းဘို၊ သာလိကာ၊ သက်ကယ်ကျင်း၊ တမံကြီး၊ ဒေါကျော်၊ ရေတာရှည်စသည့် ရွာများသို့ ရောက်လာစဉ်   ရေတာရှည်ရွာအထွက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BTZM GBK ပဲခူးရိုးမအခြေပြုတပ်က Myanmar Now ကို ပြောသည်။

သာယာဝတီခရိုင် (၃၈၀၁) တပ်ရင်း၊ တပ်ခွဲ (၃) နတ်စစ်သည် အဖွဲ့နှင့် ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ကယ်ဖြင့်လာသည့် စစ်ကောင်စီ ကင်းထောက်အဖွဲ့ကို မတိုက်ခိုက်ဘဲ ခြေလျင်ချီတက်လာသည့် စစ်ကြောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း BTZM GBK ပဲခူးရိုးမအခြေပြုတပ်တာဝန်ခံ ကိုတေဇာမင်းက ဆိုသည်။

“ကိုက် ၃၀ အကွာကို အနီးကပ်ပစ်ရတာဆိုတော့ ကျတာတွေ အကုန်မြင်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘက်က ၄၀ မမ ဗုံးသီးတွေပစ်တာ၊  ကျွန်တော်တို့ ရဲဘော် ၂ ယောက် ထိသွားတယ်” ဟု ၎င်းက ဆိုသည်။

ဗုံးသီး ကောင်းစွာ အလုပ်မလုပ်သဖြင့် ထိခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်က ဒဏ်ရာရရဲဘော်များကို သယ်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကလည်း ဇီးကုန်းမြို့နယ်ဘက် တပ်ပြန်ဆုတ်သွားကြောင်း BTZM GBK တပ်က ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် စစ်တပ်က ဇီးကုန်းမြို့မှ တစ်ဆင့် ထပ်မံစစ်ကြောင်းထိုးလာသဖြင့် ခုခံရန် ပြင်ဆင်နေကြောင်း BTZM GBK တပ် တာဝန်ခံ ကိုတေဇာမင်းက ဆိုသည်။

ဇီးကုန်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှနှင့် လက်ပံတန်းမြို့များသည် ပဲခူးရိုးမအနောက်ဘက် ရန်ကုန်-ပြည်ကားလမ်းတလျှောက်တွင် တည်ရှိသည်။

ပဲခူးတိုင်းအနောက်ခြမ်းအခြေစိုက် တော်လှန်ရေးတပ်များသည် ၂၀၂၅ ခုနှစ် ဧပြီလမှစတင်ကာ ပဲခူးရိုးမမှတစ်ဆင့် ရန်ကုန်-ပြည်ကားလမ်းပေါ်သို့ မကြာခဏတက်၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်လာသည့်နောက် အဆိုပါ စစ်ကြောင်းထိုးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်အချို့က သုံးသပ်ကြသည်။

ပဲခူးတိုင်းအနောက်ခြမ်းထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အမြဲတမ်း အထိနာနေခြင်း မရှိပေ။

ရံဖန်ရံခါတွင် တော်လှန်ရေးတပ်စခန်းကို ဝင်ရောက်စီးနင်းနိုင်သည်လည်းရှိသည်။

ဇူလိုင်လ ၁၃ ရက်နေ့က  ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့ကြားရှိ  စခန်းတစ်ခု ကို စစ်ကောင်စီတပ်က စီးနင်းသိမ်းပိုက်ခဲ့သည်။

ထိုစခန်းမှ ကျည်မျိုးစုံ ၆,၀၀၀ ခန့်၊ ဖောက်ခွဲရေးပစ္စည်းတချို့ကို စစ်ကောင်စီတပ် ရရှိသွားကြောင်း၊ ထိုဖြစ်ရပ်တွင် စုစုပေါင်း သိန်း ၃၅၀ကျော် ဆုံးရှုံးခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၁မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောဖူးသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် အရပ်သားထောင်ချီရှိပြီး အများစုသည် စစ်ကောင်စီထိန်းချုပ်ရာ ရန်ကုန်-ပြည်ကားလမ်းအနီးက မြို့များသို့ ယာယီတိမ်းရှောင်ကြသည်။

တိုက်ပွဲငြိမ်သွားပါက စစ်ရှောင်အချို့လည်း ပြန်လာကြကြောင်း သာယာဝတီခရိုင်အခြေစိုက် တော်လှန်ရေးတပ်အချို့ထံက သိရသည်။

ပဲခူးအနောက်ခြမ်းတိုက်ပွဲပြပုံ

Related Articles

Back to top button