သတင်း

ကန့်ဘလူတွင် ၆၇ နှစ်အရွယ် အမျိုးသား ဖမ်းဆီးသတ်ဖြတ်ခံရသလို အိမ် ၇၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကျေးလက်ဒေသတွင် ရွာစဉ်လှည့်နေသည့် စစ်တပ်က ဒေသခံတစ်ဦးကို သတ်ဖြတ်ကာ နေအိမ်များ၊ စားနပ်ရိက္ခာများကို ဖျက်ဆီးလိုက်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများကို ဇူလိုင် တတိယပတ်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် အရပ်သားတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး အိမ်ခြေ ၇၀ ကျော် ပြာကျ ပျက်စီးခဲ့ရကြောင်း ဒေသခံများထံက သိရသည်။ 

မြို့တောင်ဘက် သကြားစက်တွင် တပ်စွဲထားသည့် လက်နက်ကိုင်များက အနီးဝန်းကျင် ကျေးရွာများဖြစ်သည့်  ရွာသစ်ရွာ၊ ဆီဆုံကြီးရွာတို့ကို ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်စစ်ကြောင်း ထိုးခဲ့ခြင်းဖြစ်သည်။  ထွက်ပြေးသည့် ရွာသစ်ရွာဒေသခံ အသက် ၆၇ နှစ် အရွယ် ဦးမြဒေါင်းမှာ စစ်ကြောင်းနှင့်ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခံရသည်ဟု သိရသည်။ 

“စစ်ကြောင်းထိုးတဲ့နေရာမှာ ဖအေနဲ့ သားဖြစ်သူက တကွဲစီ ဖြစ်သွားတာ။ သားဖြစ်သူက အဲ့ဒီဘက်က စစ်ကြောင်းလာမှာမို့လို့ ဒီဘက်ကို ပြန်ဆုတ်ဖို့ပြောတယ်။ ပြောရင်းမတ်တပ်နဲ့မှ ရှေ့ကင်းက ကင်းပုန်းနဲ့ တွေ့လိုက်တဲ့အခါမှာ ဖုန်းကဆက်မရတော့ဘူး။ အဲ့လိုမျိုးဖြစ်ကုန်တာ။ မီးရှို့တာကတော့ ဆီဆုံကြီး ရွာထဲက မီးရှို့တဲ့အိမ်တွေပေါ်မှာတင်ပြီး မီးရှို့လိုက်တာ”ဟု ကန့်ဘလူမြို့နယ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ရုပ်အလောင်းကို ကပ်လျက်တည်ရှိသော ဆီဆုံကုန်းရွာအတွင်း မီးရှို့ခံထားရသည့် နေအိမ်ပျက်ထဲတွင် တွေ့ရကြောင်း တော်လှန်ရေး အင်အားစုက ပြောသည်။ 

ကပ်လျက်တည်ရှိသော ထိုနှစ်ရွာသည် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားရာ သကြားစက်နှင့် ၆ မိုင်ခွဲခန့်သာ ကွာဝေးသည်။ 

နွားစာတိုက်များ၊ စပါးတိုက်များ၊ ယက်ကန်းစင်များ၊ ရွာသစ်ရွာမှ အိမ်ခြေ ၃၉ လုံး၊ ဆီဆုံကြီးရွာမှ အိမ်ခြေ ၃၇ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း မှတ်တမ်းပြုစုထားသည်ဟု  တော်လှန်ရေးအင်အားစုများက ပြောသည်။ 

စစ်သားများက စပါး တင်းပေါင်းများစွာ ဖျက်ဆီးသွားသည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“စပါးတိုက်တွေမှာ အများအပြား ထည့်ထားတာရှိသလို မြေပြင်တွေမှာကလည်း မိုးကာတွေနဲ့ စပါးတွေ ခင်းကျင်းထားတာ၊ လှန်းထားတာ မနည်းမနောဆိုတော့ စပါးတင်းရေ တစ်သောင်းကျော်လည်း xx တွေက မီးရှို့သွားတယ်” ဟု သူက ဆိုသည်။

“စပါးကျီထဲမှာကို တချို့တွေက (စပါး တင်းပေါင်း) ထောင်ဂဏန်းလောက် လှောင်ထားတာတွေရှိတာ။ ရာသီအားဖြင့် စပါးရိတ်သိမ်းပြီး အခြောက်လှန်း နေရတော့ စပါးတွေက စုပြုံထားသလိုဖြစ်တာ”

လူသတ်၊ မီးရှို့သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး အာဏာသိမ်းတပ်၏ တုံ့ပြန်ချက်ကို ရယူနိုင်ခြင်း မရှိသေးပေ။

ဇူလိုင် ၂၃ ရက်နေ့တွင် ထိုစစ်ကြောင်း သကြားစက်သို့ ပြန်ဆုတ်သွားသည်၊ နောက်တစ်နေ့ နံနက်ပိုင်းတွင် သကြားစက် အရှေ့ဘက်ခြမ်း ကျေးရွာများသို့ စစ်ကြောင်း ၂ ခု ဖြန့်ခွဲပြီး စုစုပေါင်း အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးနေသည်ဟု ဆိုသည်။ 

“ဗျူဟာကတော့ အမျိုးမျိုးခင်းနေတာပဲ။ သတင်းရနေတာလည်း ကြာပြီ၊ ရေကြည်ဦး အထိုင်ချတပ်စွဲ မယ်လို့ကြားနေတာတွေရှိသလို ရွှေဘို-  မြစ်ကြီးနားလမ်းမကြီးမှာရှိတဲ့ ကွင်းလမ်း နေရာတွေကို ပြန်လည်ထိန်းချုပ်ချင်နေတဲ့အနေအထားရှိတယ်လို့ကြားနေရတယ်” ဟု ၎င်းက ဆိုသည်။

“သူက တောင်က တိုးကြည့်လိုက်၊ မြောက်က တိုးကြည့်လိုက်နဲ့ သွေးစမ်းပြီးတော့ တိုးကြည့်ချင်တဲ့ အနေအထားတော့ရှိတယ်”

ကန့်ဘလူမြို့နယ်တွင် ယခုလပိုင်းအတွင်း ထိုးနေသည့် စစ်ကြောင်းများတွင် ကလေးမြို့ အခြေစိုက် အမှတ် ၃၆၁ ခြေမြန်တပ်ရင်းက ဦးဆောင်ပြီး သင်တန်းဆင်းထားသည့်၊ ပျူစောထီးဟု အများက ခေါ်ကြသည့်  ပြည်သူ့စစ် အင်အားအလုံး အရင်း ပါဝင်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုက ဆိုသည်။ 

ကန့်ဘလူမြို့နယ်တွင် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်း အခြေစိုက်ထားသလို စစ်တပ်အမာခံ သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ် အင်အား များစွာ ရှိနေပြီး စစ်ကိုင်းတိုင်း အတွင်း ပြည်သူ့စစ် အများဆုံးနယ်မြေများထဲက တစ်ခုဖြစ်သည်။ 

ကန့်ဘလူမြို့နယ် ကျေးလက်ဒေသအများစုတွင် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ စစ်တပ်က   ဒေသတွင်း အချက်အချာကျသော လမ်းပိုင်းများဖြစ်သည့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊  ကျွန်းလှ – ကောလင်း – ကန့်ဘလူ လမ်းပိုင်း တို့ကို ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရေး အတွက် အင်အားအလုံးအရင်းဖြင့် ဆက်တိုက် ကြိုးပမ်းနေ ကြောင်း သိရသည်။  

စစ်တပ်က မြို့မြောက်ဘက်ခြမ်း အချက်အချာကျသည့် သင်တောရွာတွင် ပြီးခဲ့သည့်လပိုင်းက အထိုင်ချတပ်စွဲလိုက်ပြီးနောက် ကန့်ဘလူ – ကောလင်း ခရိုင်ချင်းဆက်လမ်းကို  နယ်မြေ စိုးမိုးမှု ပြန်လည်ရရှိခဲ့သည်။ 

ကန့်ဘလူမြို့နယ်ထဲ ဖြတ်သန်းသွားသည့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းတွင် ယမနေ၊ ပေကြီး၊ စံပယ် နံ့သာ နှင့် ဇင်းကျေးရွာတို့တွင် စစ်တပ်က ခြေကုပ်ယူထားသော်လည်း လမ်းပိုင်းတစ်ခုလုံးကို အပြည့် အဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ကန့်ဘလူမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ 

သကြားစက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဇွန်လကုန်ပိုင်းကလည်း ဇီးကုန်းမြို့အနီး ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်စဉ် အရပ်သား ၁၁ ဦး သတ်ဖြတ် ခံခဲ့ရသည်။ ဇီးကုန်းမြို့ ရန်ကြီးအောင်ကွက်သစ်နဲ့ ဆင်ထူးကုန်း ဘုန်းကြီးကျောင်း အရှေ့ဘက် နေအိမ်များလည်း မီးရှို့ခံရသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသော အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar   အဖွဲ့က ယခုနှစ် ဇန်နဝါရီလဆန်းက ထုတ်ပြန် ထားသည့် အချက်အလက်များအရ သုံးနှစ်ကျော်ကာလအတွင်း စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များ၏ လက်ချက်ကြောင့် နေအိမ်ပေါင်း ၁၀၉,၂၆၁ လုံး မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ စစ်ကိုင်းတိုင်းသည် မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး နေအိမ်ပေါင်း ၇၆,၁၀၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

Related Articles

Back to top button