သတင်း

ချောင်းဦးတွင် ချုံခိုတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ပစ်သတ်

ချောင်းဦးမြို့နယ်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ပစ်သတ်ခံရပြီးနောက် စစ်ကြောင်း ထိုးလာသော စစ်တပ်က မြို့အနီးမှ ကျေးရွာတစ်ရွာတွင် ရွာသားတစ်ဦးကို ပစ်သတ်သွားသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ ချုံခိုတိုက်ခိုက်ခံရပြီး လေးဦးသေဆုံးပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်၍ စစ်ကြောင်းထိုးခဲ့ရာ အရပ်သားတစ်ဦး သတ်ဖြတ်ခံရကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ဇူလိုင် ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့၊ ဆည်မြောင်းရုံးအနီး မုံရွာ – မန္တလေးလမ်းမ ပေါ်သို့ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သား လေးဦးကို ဒေသအခြေစိုက် Brave Heart Army နှင့် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က တိုက်ခိုက်ခဲ့ကြသည်။ 

“ကျွန်တော်တို့က သတင်းကြိုရလို့ ကြိုပြီးတော့ စောင့်ရတာမျိုးပါ။ သူတို့ဘက်က ပြန်လည်ပစ်ခတ်နိုင် တာမျိုးမရှိပါဘူး။ ချောင်းဦးမြို့ပေါ်ကနေ ထွက်လာတာ လမ်းကင်းယူဖို့၊ ဆက်ကြေးကောက်ဖို့တို့ အတွက် မနက်အစောကြီးထွက်လာတာ။ မြို့နဲ့ မီတာတစ်ထောင်လောက်ပဲ ဝေးတယ်” ဟု Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ခံက ပြောသည်။ 

မိနစ်ပိုင်းသာကြာမြင့်သည့် အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလုံး သေဆုံးခဲ့ပြီး ဆိုင်ကယ် နှစ်စီး၊ သေနတ် လေးလက်၊ လက်ပစ်ဗုံးသုံးလုံး ၊ ကျည်ဆန် ၄၀၀ နှင့် ဖုန်း နှစ်လုံးသိမ်းဆည်း ရမိကြောင်း တိုက်ခိုက်ခဲ့သောအဖွဲ့များက ဓာတ်ပုံများနှင့်တကွ ယမန်နေ့ (ဇူလိုင် ၂၄) တွင် ထုတ်ပြန်သည်။ 

တစ်မိနစ်ကျော်ကြာ ရုပ်သံဖိုင်တွင် လမ်းပေါ်တွင် ဆိုင်ကယ် ၂ စီးအနီး အရပ်ဝတ်နှင့် ကျည်ကာအင်္ကျီ ဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လဲကျသေဆုံးနေသည်ကို တွေ့ရသည်။

နောက်ရက်များတွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အား ၇၀ ဝန်းကျင်ကို ကားသုံးစီးဖြင့် ချောင်းဦးမြို့တွင် လူအင်အားဖြည့်ထားပြီး မြို့အနီးဝန်းကျင် စစ်ကြောင်းထိုး နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံက သိရသည်။ 

ချောင်းဦးမြို့ ဝန်းကျင်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ (ဇူလိုင် ၂၄) နံနက်က မြို့အနီး ပဲပြစ်တောရွာမှ အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ် ငါးလုံး မီးရှို့ဖျက်ဆီးသွား ကြောင်း  ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ပြောကြသည်။

“မြို့နဲ့တော်တော်လေးကိုနီးတဲ့ရွာဆိုတော့ စစ်ကြောင်းဝင်ရင်းနဲ့ ရှောင်ဖို့အချိန်မရတာလည်း ဖြစ်မယ်။ အဲ့ဒီမှာ သတ်ခံရတာ။ အလောင်းတော့ပြန်ရတယ်။ နာမည်တော့ မသိရသေးဘူး”ဟု ချောင်းဦးပကဖ  သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကလည်း ဆိုသည်။ 

သတ်ဖြတ်ခံရသူနှင့်ပတ်သက်ပြီး အမည်၊ အသက်၊ သတ်ဖြတ်ခံရမှုအခြေအနေ အသေးစိတ် မသိရသေး ပေ။ 

မုံရွာ – မန္တလေးလမ်းပေါ်တွင် အလားတူ ချုံခိုတိုက်ခိုက်မှုမျိုးကို ဇွန်လအတွင်းကလည်း BHA တပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ကြသေးသည်။  ချောင်းဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပြည်သူ့ စစ်တပ်ဖွဲ့ဝင် စုစုပေါင်း လေးဦးသေဆုံးပြီး၊ သေနတ် ငါးလက်သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလကလည်း လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ကုန်ကြမ်းများသယ်လာသည့် ယာဉ်တန်းကို BHA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ကား ငါးစီး ပျက်စီးပြီး သုံ့ပန်းသုံးဦး ဖမ်းဆီးရမိ ခဲ့သည်။

ထိုသို့ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ရန် ၎င်းတို့အဖွဲ့အနေဖြင့် အချိန်ယူသေချာပြင်ဆင် လုပ်ဆောင်ခဲ့ ကြောင်း  BHA တာဝန်ခံက ဆိုသည်။ 

“ ပွဲတစ်ပွဲအချိန်ယူပြီး ကောင်းကောင်းမွန်မွန်လုပ်လိုက်ရင် လမ်းကင်းတွေ စိတ်တာ၊ သတိထားသွားတာ မျိုးတော့ရှိပါတယ်။ သူတို့ဟာသူတို့(စစ်ကောင်စီတပ်)  ဘယ်လောက်ကြီးပဲ ကင်းတွေချပလေ့စေ လုပ်စရာရှိတယ်၊ ကိုယ့်ဘက်က ပြောက်ကျားစနစ်နဲ့ ပိုင်အောင်တိုက်နိုင်တယ်ဆို ကျွန်တော်တို့ဘက်က အချိန်ယူတယ်၊ လက်နက်ခဲယမ်းစုတယ်” 

ချောင်းဦးမြို့သည် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သော အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့နှင့် ၁၄ မိုင်ခန့် သာကွာဝေးပြီး မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားသော် လည်း ကျေးလက်ဒေသနယ်မြေအများစုကိုမူ တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။

အထူးသဖြင့် စီးပွားရေးနှင့် သွားလာရေးအတွက် အချက်အချာကျသော မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များကို ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုများက မကြာခဏ ဝင်ရောက်ပစ်ခတ် လေ့ရှိ၍ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသောနေရာ ဖြစ်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို ပြီးခဲ့သည့်လပိုင်းကစ ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် လုပ်လာပြီး နောက် နောင်ချို၊ မိုးဗြဲ၊ သပိတ်ကျင်းမြို့တို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

နိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ အားကောင်းရာစစ်ကိုင်းတိုင်းတွင်လည်း စစ်တပ်က ချင်းတွင်းမြစ်ကြောင်းမှ တဆင့် အင်အားဖြည့်တင်းမှုများလုပ်နေပြီး စစ်ရေးအရှိန် မြင့်လာနိုင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ထားသည်။

ချောင်းဦးမြို့နယ်အခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က တစုံတရာသတင်းထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်သူများက ဇူလိုင် ၂၂ ရက်နေ့တွင် ချောင်းဦး၊ ဘူတာရွာသစ်၌ ပစ်ခတ်မှု ဖြစ်ပြီး PDF ငါးလောင်း ရကာ လက်နက်ခဲယမ်းတချို့ ရရှိခဲ့ကြောင်း ဖြန့်ဝေနေကြသည်။ 

Related Articles

Back to top button