ဆောင်းပါး

ကမ္ဘာက ဂရုမစိုက်တော့သည့် စစ်ပွဲမှ လွတ်ကင်းရာသို့ တိမ်းရှောင်ခြင်း

ပစ်မှတ်ထားပြီး အကြမ်းဖက်ခံရမှု၊ မဖြစ်မနေ ပြောင်းရွှေ့နေထိုင်ရမှုတို့ကို ကြုံတွေ့နေကြရသော ရခိုင်ပြည်နယ်တွင် ဒေသခံတို့မှာ အမေ့ခံလူသားများ ဖြစ်လာပြီး ရှင်သန်ရေးအတွက် လူမသိသူမသိ ရုန်းကန်နေကြဆဲဖြစ်သည်။

ရခိုင်ပြည်နယ်၊  ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၆၁ နှစ်အရွယ် ဦးအောင်ရွှေစိန်သည် မိုးဦးကာလ မည်းမှောင်နေသော  ကောင်းကင်ပြင်ကို ကြည့်ပြီး  စိတ်မချမ်းသာဖြစ်နေသည်။  

ခြစ်ခြစ်တောက်ပူပြင်းသော နွေရာသီတွင် ရေကန်များ ရေခမ်းခြောက်၊ ရေရှားပါလာ၍ မိုးမျှော်မိခဲ့သော်လည်း ယခုစစ်ဘေးရှောင်ဘဝ နေထိုင်ရ ခက်ခဲနေချိန်တွင်မူ  မိုးရွာမည်ကို ဦးအောင်ရွှေစိန် စိတ်ပူနေရသည်။  သဘာဝအတိုင်း ရာသီစက်ဝန်း အလှည့်ကျလည်ပတ်နေခြင်းကိုလည်း ငြိုငြင်နေမိသည်။  

အာဏာသိမ်းစစ်တပ်ကို နိုင်ငံအနှံ့ တော်လှန်ရေး အင်အားစုက စစ်ဆင်နေပြီး ရခိုင်ပြည်နယ်တွင်လည်း 

၂၀၂၃၊  နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး  အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ပြီးနောက် တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ရာ  ဦးအောင်ရွှေစိန် အပါအဝင် ဒေသခံသိန်းနှင့်ချီ စစ်ဘေးရှောင်နေကြရသည်။  

ဤသို့ဖြင့် ယခင်က ငြိမ်းချမ်းခဲ့သော ဒေသခံတို့၏ဘဝသည် စစ်ပွဲများကြောင့် အထူးသဖြင့် စစ်ကောင်စီတပ် ၏ ရန်ကြောင့်  အကြီးအကျယ် ပြောင်းလဲသွားပြီဖြစ်သည်၊  ပိုမို လုံခြုံမည့် နေရာအသီးသီးတွင် ခိုလှုံနေကြပြီး ရှင်သန်ရေး၊ ဂုဏ်သိက္ခာ၊ အသိအမှတ်ပြုခံရမှုများအတွက် ဆက်လက်ရုန်းကန်နေကြသည်။

စစ်တပ်၏ အန္တရာယ်

စစ်တွေမြို့နယ်တစ်ဖက်ကမ်းတွင်ရှိသော  ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဦးအောင်ရွှေစိန်တို့၏ ရဲရုပ်ပြင် ကျေးရွာကို  ၂၀၂၃၊  ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီတပ် ဝင်လာပြီး နေအိမ်များကို မီးရှို့ သဖြင့် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးကြရခြင်းဖြစ်သည်။ 

ယင်းနေ့က ရွှေမင်းဂံချောင်းဘက်မှတက်လာသည့် စစ်ရေယာဥ်က ဒရုန်းဖြင့် စတင်ဗုံးကြဲချရာ သူ ရှိနေသော လယ်ကွင်းပြင်တွင် ကျရောက်ပေါက်ကွဲပြီးနောက် အသက်လု ထွက်ပြေးရသည်ဟု ဆိုသည်။ 

မကြာမီတွင် စစ်ရေယာဉ်က စက်သေနတ်များဖြင့် ရွာထဲကို ဆက်တိုက်ပစ်ပြီးနောက် စစ်ကောင်စီတပ်သားများ ဝင် ရောက်လာကာ နေအိမ်များကို မီးရှို့ခဲ့သည်။  အိမ်ခြေ ၁၉၅ လုံး ရှိသည့်အနက် ဦးအောင်ရွှေစိန်၏ နေအိမ် အပါအဝင် အိမ် ၁၄၀ မီးလောင်ပြာကျသွားသည်။  

“အဲဒီကတည်းက ကျွန်တော် ရွာကိုမပြန်ဖြစ်တော့ဘူး။  တချို့တော့ တခါတလေ ရွာကို သွားကြည့်ကြတာတော့ ရှိတယ်” ဟု ဦးအောင်ရွှေစိန်က ပြောသည်။ 

သူက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် မိသားစုဝင် ၈ ဦးနှင့်အတူ ခိုလှုံလျက်ရှိသည်။ 

ထိုစစ်ဘေးရှောင်စခန်းတွင် လူပေါင်း ၂,၀၀၀ ကျော် ခိုလှုံနေကြခြင်းဖြစ်ကာ အများစုမှာ ပုဏ္ဏားကျွန်း ၊  စစ်တွေမြို့နယ်တို့မှ ဖြစ်သည်။  အလျား ၁၂ ပေ၊ အနံ ၉ ပေ ရှိသော ဓနိမိုး၊  ဝါးထရံကာတဲအိမ်များတွင် မိသားစုတစ်စုစီ ပြွတ်သိပ်စွာ နေထိုင်နေကြရသည်။  ထိုတဲအိမ်များသည် သက်တမ်း ၂ နှစ် ရှိလာပြီ ဖြစ်သဖြင့် ကိုယ်တိုင်မွမ်းမံပြင်ဆင်ကြရဦးမည်ဟု ဦးအောင်ရွှေစိန်က ဆိုသည်။ 

“သမီး လူပျို၊ သားလူပျိုတွေနဲ့နေရတယ်။  (ခေါင်)မိုးကလည်း မိုးယိုတယ်။  မိုးယိုရင် ရွှေ့ပြီး နေရတယ်။    ဝါး၊  ဓနိ ဝယ်ဖို့ ပိုက်ဆံမရှိဘူး။  တာလပတ် ရရင်တောင် အဆင်ပြေတယ်” ဟု သူက ပြောသည်။  

 တဲဲအိမ်တစ်ခုအနီး တွေ့ရသော စစ်ဘေးရှောင်အမျိုးသမီးနှစ်ဦး။  (ဓာတ်ပုံ – Myanmar Now) 

၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ဒေါ်နယ်ထရန့်  သမ္မတဖြစ်လာပြီးနောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ လုပ်ငန်းအများစုရပ်ဆိုင်းသွားရာ  ဦးအောင်ရွှေစိန်တို့နေထိုင်သော စခန်း အပါအဝင် စစ်ဘေးရှောင်စခန်းများ ရရှိနေသည့် စားနပ်ရိက္ခာ ထောက်ပံ့မှု၊  ကျန်းမာရေးစောင့်ရှောက်မှု တို့လည်း ရပ်ဆိုင်းသွားသည်။ 

ထိုလစ်ဟာမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဝင်ရောက်ဖြည့်ဆည်းရန်လည်း  အခြေအနေ မပေးသေးပေ။  ဇွန်လက ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုကသာ စစ်ဘေးရှောင်အိမ်ထောင်စု တစ်စုစီကို ငွေကျပ်ငါးသောင်းကျပ်စီ ထောက်ပံ့ခဲ့သည်။ 

“ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။  ပါလာတာကလည်း အင်္ကျီတစ်လုံးနဲ့ အသက်တစ်ချောင်း၊ ချမ်းသာပါစေကြောင်းနဲ့ ဒီနေရာကိုရောက်လာခဲ့တာ။  နေရာ ထိုင်ရေးကအစ၊  စားဝတ်နေရေးကအစ အားလုံးပူပန်နေရတယ်” ဟု ဦးအောင်ရွှေစိန်က ပြောသည်။ 

“စားရေးသောက်ရေးက ဆန်တွေဝယ်စားရတာလည်း အခက်အခဲရှိတယ်။  ပိုက်ဆံလည်းမရှိဘူး။  မရ ရအောင် ဖန်တီးရတယ်။  ဟင်းတွေခူးပြီးရောင်းတယ်။  မိသားစုဝင်လည်းများတော့ အဆင်မပြေဘူး”

စခန်းရောက်ကတည်းက  တောထဲဝင်၊  တောင်ပေါ်တက်ကာ ဟင်းရှာ၊  ထင်းခုတ်ပြီး ရောင်းချစားသောက် ရသည်။  ဘဝတူစစ်ဘေးရှောင်များလည်း အလားတူ ရှာဖွေစားသောက်ကြရသဖြင့် ထင်း၊  ဟင်း ရှားပါးလာသည်ဟု သူက ငြီးတွားသည်။ 

ထိုအလုပ်များ အဆင်မပြေ၍ စစ်တွေမြစ်ထဲတွင် ငါးဖမ်းရန် ကြံဖန်လာရသည်။  သို့သော် စစ်ရေယာဥ် တို့က ရန်ပြုတတ်သည်။   မကြာသေးမီရက်ပိုင်းက ငါးဖမ်းနေစဥ် ထိုရေယာဉ်ပေါ်ရှိ စစ်သားများက ပစ်ခတ်သဖြင့် ငါးဆက် မဖမ်းရဲတော့ဘဲ ပိုက်ကို ပိုင်းဖြတ်ကာ ထွက်ပြေးလာရသည်ဟု ဦးအောင်ရွှေစိန် က ပြောသည်။ 

“ပိုက်ကိုဖြတ်လိုက်ရတော့  ငွေကျပ် ၁၀ သိန်းကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်” ဟု သူက ပြောသည်။ 

သောက်သုံးရေ သွားခပ်ရန် ထွက်လာသည့် စစ်ရှောင်စခန်းမှ ကလေး ၃ ဦး။  (ဓာတ်ပုံ –  Myanmar Now)

စစ်ကောင်စီသည် ရခိုင်တိုက်ပွဲစတင်ဖြစ်ပွားစဥ်ကပင် ရခိုင်ဒေသသို့ ဝင်ထွက်နိုင်သည့် ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့ဖြတ်တောက်လိုက်ရာ ပြည်သူတို့မှာ ကုန်စည်ရှားပါးမှုနှင့် ကုန်စည်နှုန်းမြင့်တက်မှု ဒဏ်ကို  အလူးအလဲခံစားရသည်။ 

AA က အိန္ဒိယ-ပလက်ဝနယ်စပ်၊  မောင်တော-ဘင်္ဂလားနယ်စပ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှ စတင်ကာ ကုန်သည်များလည်း ရရာနည်းလမ်းဖြင့် ကုန်ပစ္စည်းများကို တင်သွင်းရောင်းချလာကြသဖြင့် ကုန်စည်ရှားပါးမှုဒဏ်ကို ကျော်လွှားနိုင်ကြသည်။  သို့သော် ကုန်စျေးနှုန်းများက မြင့်တက်နေဆဲပင်။  

ဆန်၊ စားသုံးဆီ စျေးနှုန်းတို့မှာ ရန်ကုန်နှင့် များစွာမကွာသော်လည်း တစ်လုံး ကျပ် ၁,၅၀၀  ဖြစ်နေသော ကြက်ဥ၊  တစ်ပိဿာ  ကျပ် ၂၂,၀၀၀ ဖြစ်နေသော ကြက်သွန်ဖြူတို့မှာ ရန်ကုန်စျေးနှင့် နှစ်ဆ၊ သုံးဆ ကွာခြားသည်။   

သယ်ယူပို့ဆောင်ရေးတွင် အဓိကကျသည့် ဓာတ်ဆီတစ်လီတာလျှင် ၁၂,၀၀၀ ကျပ် ဖြစ်နေရာ ရန်ကုန်ထက် ၄ ဆ ပိုများနေသည်။  

သားသမီးနှစ်ဦးရှိသော အသက် ၄၃ နှစ်အရွယ်  ဒေါ်ခင်ဌေးဦးတို့ မိသားစုမှာ  စစ်ဘေးရှောင်ဘဝတွင် အသား၊ ငါး ဝယ်စားနိုင်ခြင်း မရှိတော့ပေ။  တောထဲသွားပြီး ဟင်းရွက်ခူးနိုင်သော်လည်း ရံဖန်ရံခါ ထမင်း တစ်မျိုးတည်းသာ စားသောက်ရသည်။ 

“ထမင်းတစ်ခုတည်းစားလို့တော့ အဆင်မပြေ၊ ဒါပေမယ့်စားရတယ်။ တောင်က ဟင်းတွေရှာပြီး စားရပေမယ့် ငါးပိ၊ ဆားက မစုံ၊ အဲလိုစားရတယ်။  ပြောရမယ်ဆိုရင် ကျွန်မလေ … ပြောရင်း ဝမ်းနည်းတယ်”ဟု ပါးပြင်ပေါ်က မျက်ရည်စက်များကို လက်ဖြင့်သုတ်ရင်း သူက ပြောသည်။  

“ငတ်တာနဲ့အတူတူပဲ။  ထမင်းစားရတယ်လို့ နာမည်ပဲရှိတယ်” 

ထိုစစ်ဘေးရှောင်စခန်းတွင် ပရဟိတဆေးခန်းတစ်ခုဖွင့်ထားသော်လည်း သွားရောက်ကုသမှု ခံယူရန်၊  ဆေးတောင်းရန် သူက အားနာနေသည်၊  ဆေးဝါးဝယ်ယူသောက်သုံးရန်လည်း သူ့တွင် ငွေကြေးများစွာ မရှိဟု ဒေါ်ခင်ဌေးဦးက ဆိုသည်။  

“ကျွန်မ မှိုဟင်းခူးဖို့သွားတဲ့နေ့ကပင် ချောင်းဆိုးနေတာ ဆေးမမြိုနိုင်။  ဘဝတွေ… ငွေကြေး မတတ်နိုင်လို့ပေါ့”

စစ်ဘေးရှောင်ကလေးငယ်တို့ ဝတ်ဆင်ထားကြသည့် အင်္ကျီ၊ ဘောင်းဘီများ ဟောင်းနွမ်း စုတ်ပြတ်နေ သည်ကို တွေ့ရသည်။  ထိုကလေးများ မုန့်စားချင်ကြသော်လည်း မိဘအများစုမှာ ပိုက်ဆံမရှိကြသဖြင့် မုန့်မကျွေးနိုင်ကြပေ။ 

စစ်ရှောင်ကလေးငယ်တစ်ဦး။  (ဓာတ်ပုံ – Myanmar Now)

လစဉ် ‌ဒေါ်ခင်ဌေးဦးက နှစ်တန်းကျောင်းသားအတွက်  ကျပ်တစ်သောင်း၊  KG ကျောင်းသူအတွက်   ငါးထောင် စာသင်ပေးနေသည့် ဆရာဆရာများကို ပေးနေရသည်။ 

ကလေးတစ်ဦးသည် လစဉ်  ကျပ် ၂၀၀၀ တန် ဗလာစာအုပ် ၆ အုပ်ထက်မနည်း သုံးစွဲသည်။  ဝင်ငွေ မရှိသော စစ်ဘေးရှောင်မိသားစုများအတွက် ထိုပမာဏမှာ ခေါင်းခဲစရာပင်။  

ထိုစခန်းရှိ တဲတစ်လုံးတွင် အပျိုကြီး ညီအစ်မ သုံးဦး အတူနေကြသည်ကို တွေ့ရသည်။

အသက် ၇၁ နှစ်အရွယ် ဒေါ်ဝေမသာက ၎င်းတို့တွင်    အလုပ်အကိုင်လည်းမရှိကြ၍ ဆွေမျိုးများ ပေးကမ်းသည့်အကူအညီဖြင့်သာ စားသောက်နေရသည်ဟု ဆိုသည်။ 

“ဆွေမျိုးတွေဆီက ဆန်တစ်တောင်းပို့တဲ့လူကပို့တယ်၊  အဲဒါနဲ့ ချွေတာပြီးစားနေရတယ်။  မုန့်လည်းမမြင်၊  လက်ဖက်ရည်လည်း မမြင်ဘူး။  ရွာကထွက်လာလောက်ကပင် အားလုံးပြတ်သွားတယ်”ဟု ဒေါ်ဝေမသာက ကွမ်းတစ်ယာ ဝါးရင်းပြောပြသည်။  

“လူများ ငါးနဲ့စားရင် ဆားနဲ့စားခံတယ်။  အဲဒီလိုဒုက္ခခံနေတာ။  ဆန်ကိုလည်း အဲဒီလိုပဲ။  ကိုယ့်မှာမရှိရင် ချေးငှားစားတယ်။  ဘယ်ကပင်ပေးပေး၊  ဟိုကနည်းနည်း….ဒီကနည်းနည်း၊  ကယ်ဆယ်ရေးပေးရင် ဆပ်လိုက်တယ်။  အဲလို စားသောက်နေတာ။  ဘာမှမဖူလုံဘူး စားဝတ်နေရေးကပင် အားလုံး။  မိုးယိုတာလည်း အိမ်ခေါင်ကို တက်လို့ ဖာလို့ မနိုင်တော့ဘူး”

အလှူရှင်များက စခန်းအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည် ကူညီထောက်ပံ့သင့်သည်၊ မိုးတွင်းကာလ အရေးပေါ် လိုအပ်နေသည်မှာ အိမ်ခေါင်မိုး ပြုပြင်နိုင်ရေး၊ အမိုးနှင့်အကာအတွက် အသုံးဝင်သည့် တာလပတ်များဖြစ်သည်ဟု  သူက တိုက်တွန်းသည်။ 

“ကျွန်မတို့မှာ ဘာမှမပါလာဘူး။  အားလုံး လိုတာပဲ။  မိုးယိုရင်လည်း တာလပတ်ချာလည်းမရှိ” ဟု သူက ဆိုသည်။

စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသော အသက် ၃၆ နှစ်အရွယ် ကိုကျော်လှိုင်က စစ်တွေမြို့နယ်၊  ကန့်ကော်ကျွန်းမှဖြစ်သည်။  ထိုကျွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် တပ်စွဲနေထိုင်သဖြင့် အတင်းအဓမ္မစစ်မှုထမ်း ခေါ်ယူမည်ကို စိုးရိမ်သဖြင့် ၂၀၂၄၊ ဇန်နဝါရီလက စစ်ဘေးရှောင်လာခြင်း ဖြစ်သည်။  

“ကိုယ့်ဘက်က (AA ဘက်က) လူတွေလည်း ပြောကြပါတယ်၊  တစ်ချက်ရှောင်ပေးကြပါလို့။  ဘာလို့လဲဆိုတော့ စစ်ကောင်စီက တင့်ကားနဲ့ပစ်နေတော့၊ ပြန်ပစ်လို့မရဘူး။  ပြန်ပစ်ရင် ပြည်သူတွေနာ မယ်။  အဲဒါကြောင့် ထွက်ပြေးလာတာ”ဟု ကိုကျော်လှိုင်က ဆိုသည်။  

“ဘာမှမရခဲ့ဘူး။ အဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့ထွက်ပြေးလာတာ။ စစ်ကောင်စီက ရွာပတ်ပတ်လည် ဝိုင်းထားတော့ ညအချိန် ခိုးပြီးထွက်ပြေးလာရတာ”

ကန့်ကော်ကျွန်းတစ်ဖက်ကမ်းတွင် ဝါဘိုကျွန်းရှိနေပြီး AA တပ်လည်း ရှိနေသည်။  

ထိုကျွန်းသို့ စက်လှေဖြင့် ခိုးထွက်လာရပြီး ကလေးများလည်းပါသဖြင့် “မငိုအောင်၊  အိပ်နေအောင် လုပ်ထားရတယ်။  ငိုရင် သူတို့က (စစ်ကောင်စီက) ပစ်သတ်မှာ” ဟု ဆိုသည်။  

ထိုကျွန်းသို့ ရောက်လျှင်  AA တပ်ဖွဲ့ဝင်များက ၎င်းတို့ကို စစ်ဘေးရှောင်မည့်နေရာအသီးသီးသို့ ပို့ပေးကြသည်။  

စစ်ဘေးရှောင်ကိုကျော်လှိုင်သည် အခြားစစ်ဘေးရှောင်များနည်းတူ ပင်ပန်းဆင်းရဲဒဏ် ခံစားနေရသည်။  အိမ်ခေါင် မိုးပေါ်ကအပေါက်များကို လက်ညှိုးထိုးပြသည်။  တောတောင်မှာရှိသည့် ဝါးရွက်များ၊  ဝါး အပြင်ခွံများဖြင့် အိမ်ခေါင်းမိုးအပေါက်များကို ဖာထေးပြုပြင်လျှင်လည်း မိုးယိုနေသည်။  သို့သော် တောတောင်များတွင်လည်း ဝါးရွက်များ၊  ဝါးအပြင်ခွံများ ရှားပါးလာနေသဖြင့်  မိုးမယိုမည့်နေရာသို့ ရွှေ့ပြောင်းနေထိုင်ရသည်ဟု ဆိုသည်။  

“အိမ်ခေါင်းမိုးကို ဖာဖို့ကလည်း အဆင်မပြေတော့ဘူး။  (ဓနိရွက်)တွေက ပြိုဆင်းလာတယ်”

ကိုကျော်လှိုင်သည် တစ်ရက်လျှင် တောတောင်ကို တစ်ကြိမ်တက်ပြီး ဟင်းရွက်များခူးကာ ရောင်းချသည်။  တစ်ရက်လျှင် ‌ငွေကျပ် ၆၀၀၀ ကျပ်ခန့်သာ ရရှိသည်။  တောင်တက်ရသည့်အလုပ်သည် ပင်ပန်းသဖြင့် တစ်နေ့လျှင် နှစ်ကြိမ်လည်း တောင်မတက်နိုင်ပေ။  စားနပ်ရိက္ခာ၊  အဝတ်အထည်နှင့် နေထိုင်စရာ ကျောတစ်ခင်းစာ လုံလုံလောက်လောက်ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်းလည်း ကိုကျော်လှိုင်က ပြောသည်။ 

“စားဝတ်နေရေးမလောက်ငှပါဘူး။ တောင်ကိုဖြစ်သလိုတက်ပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်။  ထမင်းကတော့ မဝဘူး။ ငါးမရှိပါ၊ ငါးနဲ့လည်းမစားရ။ တစ်ခါတစ်လေဆိုရင် ငရုပ်ထောင်း(ငရုပ်ကြိတ်) တစ်ခုတည်းနဲ့ စားရတာရှိတယ်”

စစ်ရှောင်အမျိုးသမီးတစ်ဦး ချက်ပြုတ်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်။  (ဓာတ်ပုံ – Myanmar Now) 

ပင်ပန်းသော်လည်း အာရက္ခပြည်ကိုမျှော်မှန်းနေ 

တစ်ချိန်က ကိုယ့်ထူးကိုယ့်နန်း၊ ကိုယ့်နိုင်ငံဖြင့်နေထိုင်ခဲ့သောရခိုင်ပြည်နယ်ကို အာရက္ခတပ် တော် (AA) က တစ်မြို့မကျန်အလုံးစုံသိမ်းပိုက်လိုသည်။   ထိုရည်ရွယ်ချက်အတိုင်း ဆိုလျှင် စစ်တွေ၊  ကျောက်ဖြူနှင့် မာန်အောင်မြို့ တို့ကိုသိမ်းရန်သာ ကျန်ရှိတော့သည်။ 

စစ်တွေမြို့နယ်အတွင်း တိုက်ပွဲရံဖန်ရံခါ ဖြစ်တတ်သည်၊ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေရာ မာန်အောင်မြို့နယ်တစ်ခုတွင်သာ သေနတ်သံမထွက်သေးပေ။  

အာရက္ခတပ်တော်က ရခိုင်နိုင်ငံပေါ်ပေါက်ရေးကို တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးသော်လည်း ‌‌‌ဒေသနေပြည်သူ၊ ပြည်သားအများစုမှာ ယခုစစ်ဆင်ရေးများသည် ရခိုင်နိုင်ငံရေးပေါ်ပေါက်ရေးလက္ခဏာ ဟု ယုံကြည်ထားကာ ရခိုင်နိုင်ငံတည်ဆောက်လာမည်၊ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ထားကြသည်။ 

စစ်ဘေးရှောင် ဦးအောင်ရွှေစိန်လည်း ရခိုင်နိုင်ငံတော်ပေါ်ပေါက်သည်ကို မြင်ချင်လှသည်။  ရခိုင်သူ၊  ရခိုင်သားအုပ်ချုပ်သည်ကို မြင်ချင်လှသည်ဟု ဆိုသည်။ သို့မှသာလျှင် ၎င်းတို့လည်း ဝဝလင်လင် စားနိုင်မည်၊  ဖူလုံနိုင်မည်ဟု ယူဆထားကြသည်။ 

“ကိုယ့်နေရာ၊ ကိုယ့်ဒေသကိုတော့ အောင်လံထူတာကိုတော့ မြင်ခဲ့ချင်တယ်”ဟု ဦးအောင်ရွှေစိန်က ပြောသည်။  

ပုဏ္ဏားကျွန်းမြို့နယ်အထဲတွင် နယ်မြေ ၄ ခု သတ်မှတ်ထားပြီး Myanmar Now အနေဖြင့်သာ နယ်မြေ တစ်ခုရှိ စစ်ဘေးရှောင်စခန်းများကိုသာ လေ့လာခဲ့သည်။ 

ထိုနယ်မြေတွင် စစ်ဘေးရှောင်ဦးရေ ၂၇၅၈၉ ဦးရှိကာ တစ်မြို့ နယ်လုံးအနေဖြင့် စစ်ဘေးရှောင်ဦးရေ သုံးသောင်းအထက် ကျော်လွန်နိုင်ကာ စစ်ဘေးရှောင်စခန်းများတွင်မဟုတ်ဘဲ ကျေးရွာအသီးသီးတွင် လည်း စစ်‌ဘေးရှောင်များနေထိုင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။  

ပုဏ္ဏားကျွန်းမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၄၊ မတ် ၁၁ က သိမ်းပိုက်ထားသော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲခြင်းတို့ကြောင့် ဒေသခံပြည်သူများမှာ မြို့ထဲတွင် မနေရဲသေးပေ။

ထို့ကြောင့် စစ်ဘေးရှောင်စခန်းအသီးသီးတွင် ခိုလှုံနေကြရပြီး သက်ဆိုင်ရာအာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုကို မျှော်လင့်နေကြသည်။ 

Related Articles

Back to top button