သတင်း

ကနီမြို့နယ် NUG တရားသူကြီးတစ်ဖွဲ့လုံးကို တာဝန်မှ ရပ်စဲ

၂၀၂၂ က စတင်ဖွဲ့စည်းခဲ့သည့် NUG ၏ကနီမြို့နယ် တရားရေးအဖွဲ့အတွင်း နှစ်နှင့်ချီကြာသည့် သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့ပြီးနောက် တရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦး ရာထူးမှဖြုတ်ချခံရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တရားသူကြီးအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးကို NUG ယာယီသမ္မတက တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ 

အဖွဲ့ဝင်အချင်းချင်းကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ဆက်လက်တာဝန်ပေးအပ်ရန် မသင့်သဖြင့် တာဝန်ရပ်စဲလိုက်ကြောင်း ဇူလိုင် ၁၇ ရက်နေ့ ရက်စွဲဖြင့် ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။ 

မြို့နယ် တရားရေး ဥက္ကဋ္ဌက တစ်ဘက်၊ အဖွဲ့ဝင် သုံးဦးက တစ်ဘက် သဘောထား ကွဲလွဲမှုများကို အကြိမ်ကြိမ်ညှိနှိုင်းဖြေရှင်းသော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ရပ်နားခံလိုက်ရသည့် တရားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက ပြုလုပ်သည့် MOJ သတင်းစာရှင်းလင်းပွဲမှ Screenshot ။

“လေးယောက်ရှိတဲ့အထဲက သုံးယောက်က တစ်ဘက်၊ တစ်ယောက်က တစ်ဘက် သဘောထား ကွဲလွဲရာကနေ မြေပြင်ညှိနှိုင်းကြတယ်။ ဝန်ကြီးဌာနကလည်း ညှိနှိုင်းပေးပါတယ်။ အကြိမ်တော်တော် များများ ညှိနှိုင်းဖြစ်ခဲ့တာပါဗျ။ ၂၀၂၄ နှစ်လည်ပိုင်းလောက်မှာ ညှိနှိုင်းမှုတွေ အဆင်မပြေလို့ မြို့နယ်က ပသုံးလုံးရော၊ တရားရေးက တရားသူကြီးတွေရော ဝန်ကြီးဌာန နဲ့ဆွေးနွေးညှိနှိုင်းတဲ့ အချိန်မှာ  အသစ်ပြန်လည်ဖွဲ့စည်းဖို့ ပြောခဲ့ကြတာဗျ။ အခု ၂၀၂၅ ထဲမှာ အားလုံးရပ်နားတယ်ဆိုပြီး ဖြစ်လာတာပါ” ဟု ၎င်းက ဆက်ပြောသည်။ 

ကနီမြို့နယ် တရားရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် အဖွဲ့ဝင်အချင်းချင်းကြား သဘောထားကွဲလွဲမှုများမှာ စတင်ကြီးထွားလာပြီး၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဥက္ကဋ္ဌက တစ်ဖွဲ့၊ တရားရေး အဖွဲ့ဝင် ၃ ဦးက တစ်ဖွဲ့ဟု နှစ်ဖွဲ့ ကွဲ ရုံးထိုင်ခဲ့ရသည့်အခြေအနေအထိ ဆိုက်ရောက်ခဲ့ကြောင်းသိရသည်။ 

“ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် သုံးဦးကွဲတဲ့အချိန်မှာ ဝန်ကြီးဌာနက ဥက္ကဋ္ဌကို တစ်ဦးတည်း တရားစီရင်ခွင့် ပေးခဲ့တယ်ဗျ။ အဲ့ဒီမှာ ကျန်သုံးဦးက ဖွဲ့စည်းပုံအပြည့်နဲ့ ဆက်လက်လုပ်ကိုင်တော့ ရုံးက နှစ်ရုံး ဖြစ်သွား တာပေါ့ဗျာ။ တစ်ဦးတည်းတရားစီရင်ခွင့်က SOP ကျော်နေတဲ့အတွက် ပအဖ ကလည်း ကန့်ကွက်ခဲ့သေးတယ်။ ဒါလည်းဆက်ခွင့်ပြုပြီး အတော်လေးအပြောများလာမှ တစ်ဦးတည်း တရားစီရင်ခွင့်ကို ပြန်ရုတ်သိမ်းလိုက်တာ” ဟု ရပ်နားခံလိုက်ရသည့် အထက်ပါတရားရေးအဖွဲ့ဝင်က ပြောသည်။ 

တရားရေးအဖွဲ့အချင်းချင်းကြား သဘောထားကွဲလွဲနေသည့် မြို့နယ်တရားသူကြီးအဖွဲ့အနေဖြင့် အမှုများကိုင်တွယ်ဖြေရှင်းရာတွင် အားနည်းချက်များ ရှိခဲ့ကြောင်း ကနီမြို့နယ်ဒေသခံများက ထောက်ပြသည်။

“မြေပြင်အခြေအနေအရ တရားရေးရဲ့လုပ်ဆောင်ချက်တွေကိုတော့ အားမရဘူး။ တရားရေးမှာလည်း Action ယူနိုင်လောက်တဲ့ထုတော့ ရှိစေချင်တယ်။… တရားရေးကို တောင့်တောင့်တင်းတင်း ဖြစ်စေချင်တယ်။ ဒါမှလည်း ထဲထဲဝင်ဝင်လုပ်နိုင်မယ်” ဟု ကနီဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

မြို့နယ် တရားရေးအဖွဲ့တစ်ခုလုံးကို တာဝန်မှ ရပ်စဲလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး တရားရေးဝန်ကြီးဌာန နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်တို့ထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယမန်နေ့ ညနေအထိ အကြောင်း ပြန်ကြားခြင်း မရှိပေ။  

ကနီမြို့နယ်သည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းရာမြို့နယ်ဖြစ်ပြီး မြို့ပေါ်တွင် စစ်ကောင်စီတပ် တပ်စွဲထားသော်လည်း ကျေးလက်ဒေသများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားသည်။

စစ်ကိုင်းတိုင်းကို စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၃၀ ခန့်အကွာ ကနီမြို့ကို ၂၀၂၄  မတ် ၇ ရက်နေ့က တော်လှန်ရေးတပ်များက ထိန်းချုပ်နိုင်ခဲ့သော်လည်း နောက်ရက်များတွင် ပြန်ဆုတ်ခွာခဲ့ရသည်။ 

သို့ရာတွင် ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ ဦးဝင်းဌေးနှင့်အတူ သမီးငယ်နှင့် ဇနီးဖြစ်သူ အပါအဝင် မိသားစုဝင်သုံးဦး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက နေအိမ်မှာပင် လုပ်ကြံသတ်ဖြတ်ခံရပြီး အမှု မပြီးသတ်သေးပေ။ 

နိုင်ငံအလယ်ပိုင်းတော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းတွင် တရားရုံး ၂၅ ရုံး ၊ မကွေးတိုင်းတွင် တရားရုံး ၃ ရုံး ဖွဲ့ထားပြီး မြို့နယ် တရားသူကြီး ၁၀၇ ဦး ခန့်အပ်ထားကြောင်း တရားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက ပြုလုပ်ထားသည့် တရားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ 

တရားရုံးများ စတင်လည်ပတ်နိုင်ခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းမှစပြီး ၂၀၂၄ ခုနှစ် ဩဂုတ်အထိ ရာဇဝတ်မှု နှင့် တရားမမှုပေါင်း ၁၆၀၀ စွဲဆိုနိုင်ခဲ့သည့်အနက် အမှု ၈၄၀ ကျော် ပြီးပြတ်ခဲ့ပြီး လက်ကျန်အမှု ၇၅၀ ကျော် ဆက်လက်ဆောင်ရွက်နေကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သိရသည်။ 

မြို့နယ်တရားသူကြီးအဖွဲ့ကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာမြို့နယ်တွင် နေထိုင်သည့် ဥပဒေပညာရှင်၊ CDM များ၊ ရပ်ရွာမှလေးစားကြည်ညိုသည့် ပုဂ္ဂိုလ်များကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ရွေးချယ်ကာ တရားရေးဝန်ကြီးဌာနကို တင်ပြပြီး နိုင်ငံတော်သမ္မတက အတည်ပြုခန့်အပ်ရခြင်းဖြစ်ပြီး မြို့နယ်တရားသူကြီးအဖွဲ့ ခန့်အပ်ရာတွင် အနည်းဆုံး သုံးဦးမှ အများဆုံး ငါးဦးထိ ခန့်အပ်သည်။

Related Articles

Back to top button