သတင်း

တော်လှန်ရေးတပ်များရှိရာ မန္တလေးမြောက်ဘက်ကို လေတပ် နေ့စဉ် ဗုံးကြဲ 

စစ်ကောင်စီက မန္တလေးတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ကျေးရွာ သုံးရွာကို ပြန်လည် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်၊ တရုတ်ဘိလပ်မြေစက်ရုံလည်း ဗုံးကြဲခံလိုက်ရသည်။

မန္တလေးမြို့မြောက်ဘက်ရှိ တော်လှန်ရေးတပ်များ ထိုးဖောက်ဝင်ရောက်နေသည့် ပုသိမ်ကြီးမြို့နယ်ကို  လေတပ်က နေ့စဉ်တိုက်ခိုက်နေရာ ဇူလိုင် ၂၅ ရက်နေ့က ဗုံးကြဲခဲ့သည့်နေရာမှာ အောင်သပြေကျေးရွာ အနီးမှ Alpha ဘိလပ်မြေစက်ရုံဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှု တည်ရှိသည့်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) က တိုက်ခိုက်သိမ်းပိုက်ထားသည်မှာ တစ်နှစ်ကျော်ကြာရှိနေပြီဖြစ်သည့် ထိုနေရာကို ဗုံးကြဲမှုတွင် အထိအခိုက် မည်သို့ရှိကြောင်း မသိရသေးပေ။

မကြာသေးခင်က ထိုဒေသရှိ စခန်းငယ်တချို့ကို MDY-PDF နှင့် မဟာမိတ်တပ်များက စီးနင်း တိုက်ခိုက်ခဲ့သည်။

ဇူလိုင် ၂၁ ရက်နေ့က   ပုသိမ်ကြီးမြို့နယ်တွင်း မြကံသာ၊ သရက်ကိုင်း စသော ကျေးရွာများနှင့် မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာတို့မှ စစ်ကောင်စီတပ်စခန်းများကို  သိမ်းယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုံးရွာအခြေစိုက်စစ်စခန်းများသိမ်းပိုက်မှုတွင် တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ဗိုလ်ကြီး အဆင့်တစ်ဦးအပါအဝင် သုံ့ပန်း ၁၆ ဦး ရခဲ့သည်၊ ရုပ်အလောင်း ၂၀ ကျော် ရရှိရာ ထိုအထဲတွင် ဗိုလ်မှူးအဆင့်ဟု ယူဆရသည့် DSA အပတ်စဉ် (၅၄)ဆင်း ဖြိုးကျော်ဆိုသူ ပါဝင်သည်ဟု ဆိုသည်။ 

မြကံသာရွာသည် မန္တလေးမြို့မြောက်ဘက် ၁၈ မိုင်သာ ဝေးပြီး မတ္တရာမြို့အရှေ့တောင်ဘက် ၈ မိုင် ကျော်သာ ကွာဝေးကာ အခြေစိုက်စစ်တပ်ရှိသည်၊ မတ္တရာတိုက်ပွဲများသို့ လက်နက်ကြီးများ ပစ်ကူပေးသောဒေသဖြစ်သည်။ 

အထိနာသွားသည့် စစ်ကောင်စီတပ်သည် အဆိုပါနှစ်မြို့နယ်ကို နေ့စဉ်  ဗုံးကြဲနေကြောင်း၊ မတ္တရာမြို့ပေါ် နှင့် မန္တလေးမြို့မြောက်ဘက်အခြေစိုက်တပ်များကလည်း လက်နက်ကြီးနှင့် ပစ်နေကြောင်း ဒေသခံတို့က ပြောသည်။

“တိုက်ပွဲတွေမဖြစ်ခင်ကတော့ လူနေရွာတွေထဲ ဗုံးကြဲတာ ရှိပေမယ့် တိုက်ပွဲတွေစတော့ ရှေ့တန်းနေရာ တွေပဲ ကြဲနေတာ ကြားရတယ်။ နေ့စဉ်နဲ့အမျှပဲ လေကြောင်းကတော့။ လေယာဉ်မျိုးစုံနဲ့ ကြဲနေတာ”ဟု မတ္တရာမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ဇူလိုင် ၃ ရက်နေ့တွင် တိုက်ပွဲမရှိသည့် ဝေါရွာသစ်ကို စစ်လေယာဉ်က  ဗုံးကြဲတိုက် ခိုက်ခဲ့သည့်အတွက် အသက် ငါးနှစ်ခန့် ကလေးတစ်ဦး သေဆုံးပြီး၊ နို့စို့အရွယ် ကလေးတစ်ဦးနှင့် ရွာသား ခြောက်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစု စိုးမိုးထားသည့်နေရာများနှင့် မကြာသေးခင်က လက်လွှတ် လိုက်ရသော နေရာများကို ပိုမို ဗုံးကြဲနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

“သရက်ကိုင်း၊ မြကံသာအပြင်၊ အယ်လ်ဖာနဲ့ ဖယောင်းတောင်ဘက်ကိုလည်း လေတပ်က တိုက်ခိုက်နေ တယ်။ မြေပြင်ထိတွေ့မှုကတော့ မြကန်သာတို့ သရက်ကိုင်းတို့ဘက်များတာပါ၊ လေကြောင်း ကတော့ (နေရာ) စုံတယ်”ဟု တိုက်ပွဲတွင်ပါဝင်နေသည့် မတ္တရာအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

မန္တလေး-မတ္တရာစစ်ရေးအခြေအနေပြမြေပုံ။

ဇူလိုင် ၂၁ ရက်နေ့က လက်လွှတ်ခဲ့ရသည့် မန္တလေးတိုင်းအတွင်းမှ ကျေးရွာ သုံးရွာကို စစ်ကောင်စီက အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ယခုရက်ပိုင်းပြင်းထန်နေကြောင်း ဒေသခံနှင့် စစ်ရေးရင်းမြစ်များက ပြောသည်။

မန္တလေးမြို့ပေါ်တွင် အမြောက်သံများ နေ့စဉ်ကြားရသည့်အပြင် စစ်ကောင်စီတပ်၏လေယာဉ်များ ပျံသန်းနေသည် မြို့ခံများထံက သိရသည်။ 

ယမန်နှစ် နှစ်လယ်မှ စတင်သော “ ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ တွင် မတ္တရာမြို့နယ်မှ စခန်း၃၂ခု ၊ ပုသိမ်ကြီးမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ ကင်းစခန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကို ပိုင်ဆိုင်သည့် ဖယောင်းတောင်ရွှေတွင်းတို့ အပါအဝင်စခန်း ၃ ခု MDY-PDF သိမ်းပိုက်နိုင်ခဲ့သည်။ 

ထိုနေရာများအနက် မန္တလေးမြို့မြောက်ဘက် ၁၈ မိုင်အကွာ၊ မတ္တရာမြို့အရှေ့တောင်ဘက် ၆ မိုင်ခွဲ အကွာ မတ္တရာ-မန္တလေး ကားလမ်းပေါ်မှ ကျောက်တံတား၊ ဘိုကုန်းကျေးရွာတို့အနီး ယခုနှစ် ဇွန်လဆန်းမှ စတင်ကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သည့်အတွက် တိုက်ပွဲများပြန်ဖြစ်ပွားလာခဲ့သည်။

ထိုစဉ်က မန္တလေးမြို့အနီး ထီးတော်မိုးရွာအခြေစိုက် စစ်တပ်နှင့်ပုသိမ်ကြီးမြို့နယ် မြကံသာကျေးရွာ အထိုင်စခန်းများမှလည်း လက်နက်ကြီးများပစ်ကူသလို လေကြောင်းမှလည်း ပစ်ကူခဲ့သည်။ 

ထိုသို့ဖြစ်နေချိန် MDY-PDF နှင့် မဟာမိတ်တပ်များက ကျောက်တံတားရွာ၏ တောင်ဘက်  တစ်ဆက် တည်းဖြစ်သော မြကံသာ၊ သရက်ကိုင်းရွာနှင့် ထန်းပင်ကုန်းရွာတို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ် သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲများအတွင်း တော်လှန်တပ်ဖွဲ့များဘက်တွင်လည်း အထိအခိုက်များရှိကြောင်း ကြားသိရသော်လည်း သီးခြားအတည်ပြုချက် မရသေးပေ။

နိုင်ငံအလယ်ပိုင်းစီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀ အကွာ မတ္တရာမြို့နယ်အတွင်း  ၂၀၂၃ခုနှစ် ဇွန် ၂၅ ရက်နေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။

စဉ့်ကူးနှင့်ထိစပ်နေသော မတ္တရာအရှေ့ခြမ်းကို MDY-PDF က ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်က ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေသဖြင့် ယခုနှစ် ဇွန်လဆန်းတွင် တကျော့ပြန် တိုက်ပွဲပြင်းထန်နေခြင်းဖြစ် သည်။

သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များကို လက်လွှတ်လိုက်ရသည့် MDY-PDF သည်  မတ္တရာနှင့်ပုသိမ်ကြီး နယ်အတွင်း ပြင်းထန်သည့် တိုက်ပွဲများအပြီး စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ 

Related Articles

Back to top button