တအာင်းတပ် TNLA ထိန်းချုပ်တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်က ထိုနေရာနှင့် ၁၆ မိုင် ဝေးသည့် ကျောက်မဲမြို့နယ်ရှိ နောင်ပိန်၊ ပင်တိမ်ကျေးရွာများသို့ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ် နေသဖြင့် သေဆုံးသူ သုံးဦးအထိ ရှိလာပြီဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၁၉ ရက်နေ့မှ စတင်ကာ ပစ်ခတ်နေသဖြင့် ဒေသခံများ၊ ခိုလှုံနေသည့် ဒုက္ခသည်များ နေရာရွှေ့ ပြောင်းနေရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက ဇူလိုင် ၂၆ ရက်နေ့တွင် သိရသည်။
“ဒီနေ့ပစ်တာ နောင်ပိန်လမ်းခွဲမှာ တစ်လုံးကျတယ်။ ပင်တိမ်ရွာထဲကအိမ်မှာ တစ်လုံး ကျတယ်။ နေ့တိုင်း လိုလိုပဲ ပစ်နေတာ” ဟု နောင်ပိန်ကျေးရွာသားတစ်ဦးက ထိုနေ့က ပြောသည်။
ဇူလိုင် ၂၀ ရက်နေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နောင်ပြစ်ကျေးရွာသို့ စစ်ဘေးရှောင် လာသည့် နောင်ချိုမြို့ သပြေရေးရပ်ကွက်မှ အသက် ကိုးနှစ်အရွယ် မနန်းရွှေစင်လင်းနှင့် အသက် ၃၅ နှစ်အရွယ် မခိုင်တို့ သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်အပြီး ထိုကျေးရွာမှ ဒေသခံ ၁၀၀ ကျော် နောင်ပိန်ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်ဟု သိရသည်။
ဇူလိုင် ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်မဲမြို့နယ် ပင်တီးရွာနှင့် ပန်ပေါင်းရွာအနီးသို့ လက်နက်ကြီး ငါးလုံးပစ်ခတ်ရာ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
“အမျိုးသားတစ်ဦးက ဒဏ်ရာပြင်းတော့ လားရှိုးဆေးရုံပို့ရင်း လမ်းမှာဆုံးသွားတာ” ဟု အထက်ပါ နောင်ပိန်ကျေးရွာခံက ပြောသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ပင်ပေါ၊ ပင်တီးရွာမှ ဒေသခံ၂၀၀ ကျော် နောင်ပိန်ကျေး ရွာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများက ဆိုသည်။
နောင်ချိုမြို့နှင့် ကျောက်မဲမြို့များမှ တိမ်းရှောင်လာခဲ့သည့် ဒုက္ခသည် ၁၀,၀၀၀ ကျော်ကို နောင်ပိန် ကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေရာ ၁၁ ခုတွင် ဒေသခံများက ကူညီထားကြ သည်။
လက်နက်ကြီး ပစ်ခတ်မှု ရပ်ဆိုင်းခြင်း မရှိသေးသဖြင့် ဒေသခံများ၊ ဒုက္ခသည်များ နေရာထပ်မံရွှေ့ပြောင်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။
ဇူလိုင် ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်သိမ်းပိုက်ခဲ့သော်လည်း၊ နောင်ချို မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ကျောက်မဲနှင့်နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းတို့ကို TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားဆဲ ဖြစ်သည်။
စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ရှိနိုင်သည်ဟု ယူဆရသောနေရာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် အရပ်သားများထိခိုက်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။
“ရွာမှာ ဒုက္ခသည်တွေနဲ့ဆိုတော့ ထိခိုက်မိကုန်မှာ ကြောက်နေရတယ်။ ဒီနေ့တောင် အိမ်တစ်လုံးထိသွားပြီ ဆိုတော့ နောက်ရက်တွေ ဘာဖြစ်မယ်မသိဘူး” ဟု နောင်ပိန် ကျေးရွာသားနောက်တစ်ဦးက ဇူလိုင် ၂၆ ရက်နေ့က ပြောသည်။
နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ နောင်ပိန်၊ ပင်တိမ်၊ ပင်တီး၊ ဇီပင်ကျေးရွာများသည် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခရီးသွားများနားခိုလေ့ရှိသောရွာများဖြစ်သည်။
အဆိုပါရွာများသည် ဝမ်းဟိုင်းအခြေစိုက် ရှမ်းတပ် SSPP/SSA တပ်ဖွဲ့ဝင်များလှုပ်ရှားရာ နေရာဖြစ်သည်။
ဇူလိုင် ၂၆ ရက်နေ့တွင် SSPP တပ်ဖွဲ့ဝင်များ ရွာအနီးသို့ အင်အားအများအပြားဖြင့် ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။
နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ပြီးနောက် ရပ်ကွက်အချို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ခွင့်ပြုထားကြောင်း၊ သို့သော်လည်း ဘန့်ဘွေး၊ အုမ္မသီး အပါ အဝင် ကျေးရွာများမှ လာသူတို့ကို ပြန်ခွင့် မပြုသေးကြောင်း ဒေသခံများက ဆိုသည်။
နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များသည် တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်း ကြောင်းပေါ်တွင် တည်ရှိသည်။ နောင်ချိုကို ရပြီးနောက် ကပ်လျက်မြို့များဖြစ်သော ကျောက်မဲနှင့် သီပေါကို လေတပ်က တိုက်ခိုက်သလို မြေပြင် ထိုးစစ်ဆင်လာမည့် အရိပ် အယောင်များကြောင့် ထိုနှစ်မြို့မှ မြို့ခံထက်ဝက်မနည်း တိမ်းရှောင်သွားကြသည်။
ကုန်သွယ်ရေးလမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များအပြင် မိုးကုတ်၊ မိုးမိတ် မြို့များ ပြန်ပေးရန် စစ်တပ်က TNLA ကို ပြီးခဲ့သည့်လများအတွင်း တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရသည်။
TNLA ထိန်းချုပ်ရာ မိုးကုတ်၊ သီပေါနှင့် ကျောက်မဲမြို့များတွင်လည်း နေ့စဉ်လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သားများ ထိခိုက်နေဆဲဖြစ်သည်။
မိုးကုတ် ဗုံးကြဲခံရမှု
မန္တလေးတိုင်းအတွင်း TNLA ထိန်းချုပ်သည့် မိုးကုတ်မြို့ ရွှေလိပ်ပြာ ဟိုတယ်ကို စစ်လေယာဉ်က ဇူလိုင် ၂၆ ရက်နေ့ တွင် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသည်ဟု ဒေသခံများထံက သိရှိရသည်။
သေဆုံးသူမှာ ဟိုတယ်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
“လေယာဉ်သံကြားပြီး ခဏဆို ပေါက်ကွဲသံကြားရတာပဲ။ ကြည့်လိုက်တော့ ရွှေလိပ်ပြာကို ကြဲသွားတာ။ ဦးလေးကြီးတစ်ယောက် သေသွားတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့လူ” ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦး က ပြောသည်။
မိုးကုတ်မြို့၏ အဆိုပါ အထင်ကရဟိုတယ်တွင် ထမင်းစားဆောင် အပေါ်ပိုင်းအားလုံးနီးပါး ပျက်စီးသွားသည်ဟု သိရသည်။
စစ်တပ်က မြို့ပြန်သိမ်းနိုင်သည့် တိုက်ပွဲများကိုသာ သတင်းထုတ်ပြန်တတ်သော်လည်း အခြားတိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်လေ့မရှိတော့ပေ။
စစ်ကောင်စီ ဝါဒဖြန့်သူများကမူ အဆိုပါ ဟိုတယ်မှာ TNLA ဌာနချုပ်ဖြစ်သည်ဟု ရေးသားမျှဝေ နေကြသည်။
မိုးကုတ်မြို့မှာ ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာဒေသဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးကာလ ယမန်နှစ် ဇူလိုင် ၂၄ ရက်နေ့တွင် TNLA က သိမ်းပိုက်ထားသည်။
Myanmar Now က ပြုစုသည့် စာရင်းများအရ မိုးကုတ်သည် ၂၀၂၅ ဇွန် ၁ မှ ဇူလိုင် ၂၆ ရက်နေ့အတွင်း ငါးကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကလေးနှစ်ဦး၊ အမျိုးသမီးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာ ရခဲ့သည်။
အပစ်ရပ်ရေး ရံဖန်ရံခါ တွေ့ဆုံဆွေးနွေးလေ့ရှိသည့် စစ်တပ်နှင့် TNLA တို့သည် လာမည့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ထပ်မံ တွေဆုံကြဦးမည်ဟု သတင်းရရှိသည်။




