သတင်း

စဉ့်ကူးမြို့နယ်တွင် ကျေးရွာ နှစ်ရွာဗုံးကြဲခံရပြီး ၂၄ ဦး သေဆုံး

တော်လှန်ရေးထိန်းချုပ်နယ်မြေရှိ ရဲစခန်းတစ်ခုနှင့် ကျေးရွာတို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲချခဲ့ရာ အစုလိုက်အပြုံလိုက်လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ ရဲစခန်း အပါအဝင် နှစ်နေရာ ယမန်နေ့ (ဇူလိုင် ၂၉) ညက လေကြောင်းတိုက်ခိုက်ခံရပြီး အချုပ်သား များအပါအဝင် ၂၄ ဦး သေဆုံး၍ အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။  

စဉ့်ကူးမြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်အကွာ လက်ပန်လှကျေးရွာရဲစခန်းကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သည့် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသကို နယ်မြေစိုးမိုးထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY PDF) ကလည်း ယနေ့ ထုတ်ပြန်သည်။ 

ထိုရွာအနောက်ဘက်ကပ်လျှက်ရှိ ရွှေပန်းတောရွာကိုလည်း‌ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦ းနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း MDY PDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းမှာ စဉ့်ကူးမြို့နယ် လက်ပန်လှစခန်းကို လေယာဉ်နဲ့ ဗုံး နှစ်လုံး ကြဲချတိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် စစ်ဆေးနေဆဲ သံသယတရားခံတွေ အထူးသဖြင့် စစ်ကောင်စီ ထံ လေကြောင်းသတင်းပေးမှုနဲ့စစ်ဆေးနေတဲ့ သံသယတရားခံတချို့နဲ့ပြစ်ဒဏ် ကျခံနေရတဲ့ ပြည်သူ တချို့ ပါဝင်ပါတယ်။ လက်ပန်လှစခန်းက ဒေသတွင်းတည်ငြိမ်နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်ရာ၊ စစ်ဆေးတဲ့နေရာဖြစ်တာကြောင့်  ပြစ်ဒဏ်ကျ အချုပ်သားတချို့ အသက်ဆုံးရှုံးခဲ့တာရှိပါ တယ် ”ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။ 

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း ယမန်နှစ် ဇူလိုင်တွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ စဉ့်ကူးမြို့ကို MDY -PDF နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၍ အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်နေသည်။ 

စဉ့်ကူးမြို့သည် စိုက်ပျိုးရေး၊ ရွှေတူးဖော်မှုလုပ်ငန်းများဖြင့် အသက်မွေးကြသည့်ဒေသဖြစ်ပြီး လက်ပန် လှရွာသည် မန္တလေး-မြစ်ကြီးနားလမ်းပေါ်တွင်ရှိပြီး စည်ကားသည့်  ကျေးရွာကြီးတစ်ရွာဖြစ်သည်။ 

စဉ့်ကူးမြို့နယ်ကို လက်လွှတ်ခဲ့ရပြီးနောက် တစ်နှစ်တာအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်ပန်လှကျေးရွာကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ 

မတ်လအတွင်း သုံးကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာ ယင်းလအတွင်း ကလေးများအပါအဝင် ၃၅ ဦးအထိ ရှိခဲ့သည်။ 

လက်ပန်လှရွာ ရဲစခန်းသည်လည်း မတ်လ ၄ ရက်က လေကြောင်းမှဗုံးကြဲခံထားရပြီး  ထိုစဉ်က ရဲစခန်း အနီးကွမ်းယာပစ္စည်းဆိုင်တွင် ဈေးဝယ်နေသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

ယခင်ကလည်း လေကြောင်းတိုက်ခိုက်မှု ကြုံခဲ့ရသည့်အတွက် လေကြောင်းရန်ကာကွယ်ရေး ကြိုတင်ပြင် ဆင်မှုအဖြစ် ဆက်သွယ်ရေးတူးမြောင်းများ၊ ဘန်ကာများ၊ လေကြောင်းရန် အချက်ပေး ခေါင်းလောင်းသံ များ တပ်ဆင်ထားခဲ့ကြောင်း ကိုအော်စမွန်က ပြောသည်။  

“လေကြောင်းရန်ကာကွယ်မှုနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပေးတာရှိပါတယ်ဗျ။ ဆက်သွယ်ရေးတူးမြောင်းတွေ၊ ဘန်ကာတွေနဲ့ လေကြောင်းရန် အချက်ပေးခေါင်းလောင်းတွေ တပ်ဆင် ပေးထားတာရှိပါတယ်”

၁၀၂၇ စစ်ဆင်ရေးတွင် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအပြင်း အထန်ထိုးစစ်ဆင်နေသည့် စစ်တပ်သည် ဇူလိုင်လအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို၊ ကယား (ကရင်နီ) ပြည်နယ် မိုးဗြဲနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ 

စဉ့်ကူးမြို့ မြောက်ဘက် မိုင် ၄၀ ခန့်အကွာရှိ သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့်ရက်ပိုင်းတွင် စစ်တပ်က ပြန် လည်သိမ်းပိုက်ခဲ့ပြီး ၊ စဉ့်ကူးမြို့တောင်ဘက် မတ္တရာမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲများ ပြင်းထန်နေသည်။ 

တော်လှန်ရေးတပ်များသိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အရပ်သားပစ်မှတ်များကိုပါ လေကြောင်းမှနေ့စဉ်နီးပါး ဖိအားပေးတိုက်ခိုက်နေရာ ယမန်နေ့ (ဇူလိုင် ၂၉ ရက်) တစ်ရက်တည်းမှာပင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀ နီးပါး ရှိခဲ့သည်။

တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ်တို့ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် ဟိုတယ်တစ်ခုကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။

Related Articles

Back to top button