သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်တွင် ကလေးငယ် တစ်ဦးအပါအဝင်  သုံးဦး သေဆုံး

ဖားကန့်မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ KIA သိမ်းထားသည့် စခန်းကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေရာ သေဆုံးသူများထဲတွင် ဒေသခံ ကလေးငယ်တစ်ဦး ပါဝင်သည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း  တိုက်ပွဲများပြင်းထန်နေရာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ သုံးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသည်။

ဖားကန့်မြို့အနောက်ဘက် တစ်မိုင်ခန့်အကွာ ရှရော်ခရွာအနီး ကချင်လွတ်လပ်ရေးတပ်(KIA) သိမ်းပိုက်ထားသည့် ညောင်ပင်ကုန်း စခန်းကို ဩဂုတ်လ၊ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ထိုစခန်းအနီးရှိ ရွာများသို့ အာဏာသိမ်းတပ်၏ လက်နက်ကြီး ကျည် ကျရောက်သဖြင့် ထိုသို့ ထိခိုက်နေကြခြင်း ဖြစ်သည်။ 

ဩဂုတ်လ ၃ ရက်နေ့တွင် ရှရော်ခရွာမှ အသက် ၂၁ နှစ်အရွယ် အမျိုးသား၊  ဩဂုတ်လ  ၄ ရက်နေ့တွင် မျောက်ဖြူရွာမှ  ၃၅ နှစ်အရွယ် အမျိုးသားနှင့်  သုံးနှစ်အရွယ်ကလေး သေဆုံးခဲ့သည်။

စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မျောက်ဖြူရွာမှ ကလေးနှင့် အမျိုးသားတစ်ဦးတို့၏ နာရေးပြုလုပ်နေစဉ်။
(ဓာတ်ပုံ –   ပေးပို့)

ညောင်ပင်ကုန်းစခန်းသည် ဖားကန့်မြို့ပေါ်ရှိ စစ်တပ်၏ အရေးအပါဆုံး စခန်းကုန်းဖြစ်သည့် ဗျူဟာကုန်းနှင့်လည်း တစ်မိုင်ခန့်သာ ဝေးသည်။ စစ်ရေးအရ အရေးကြီးသည့်ထိုစခန်းပြန်ရရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာ  ဩဂုတ်လ၊  ၂ ရက်နေ့တွင် KIA တပ်များ ဆုတ်ခွာသွားရသည်။

ဩဂုတ်လ၊ ၃ ရက်နေ့တွင် ထိုစခန်းကို KIA က ပြန်လည် ထိုးစစ်ဆင်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်၊ နောက်တစ်နေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်ခဲ့ပြီး မွန်းတည့်၊ ၁၂ နာရီ ဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ ရပ်နားသွားသည်ဟု ဒေသခံတို့ထံက သိရသည်။

ထိုတိုက်ပွဲအတွင်း  ညောင်ပင်ကုန်းစခန်း အနီးရှိ ရှရော်ခ၊ ဆန်းကြွယ်နှင့် မျောက်ဖြူရွာတို့ကို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုတွေမှာ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးပစ်ကူက တိုက်ပွဲဖြစ်တဲ့ ညောင်ပင်ကုန်းကိုကျော်ပြီးတော့ ရှရော်ခကျေးရွာထဲကို ကျတယ်။ ပြီးတော့ ဘေးထွက်ပြီးတော့ ဆန်းကြွယ် ကျေးရွာထဲ ကျတယ်။ ထပ်ကျော်ပြီးတော့ ရှရော်ခကျေးရွာရဲ့ အထက်ဘက် မျောက်ဖြူကျေးရွာထဲကိုကျတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ရှရော်ခ၊ ဆန်းကြွယ်နှင့် မျောက်ဖြူရွာတို့မှ စုစုပေါင်းဒေသခံ ၁၀ ဦး ဒဏ်ရာများ​ ရရှိခဲ့သည်။ သေဆုံးသူများကို သင်္ဂြိုဟ်ရန်၊  ဒဏ်ရာရသူများကို ကုသမှု ပေးနိုင်ရန် ဒေသခံများနှင့် လူမှုကူညီရေး အသင်းအချို့က ကူညီနေသည်ဟု သိရသည်။

တိုက်ပွဲများကြောင့် ဆန်းကြွယ်၊ ရှရော်ခနှင့် မျောက်ဖြူရွာတို့မှ ဒေသခံများသည် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။

ဖားကန့်တွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်းနှင့် စခန်းကုန်းတစ်ခုကို ယာယီစွန့်လွှတ်ခဲ့ ရကြောင်းကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း အသေးစိတ်အခြေအနေများကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ယနေ့ညနေပိုင်းတွင်လည်း ဖားကန့်မြို့အရှေ့ဘက် လုံးခင်းရွာအနီးတွင် လက်နက်ငယ်နှင့်လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံအချို့က ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် မျောက်ဖြူရွာမှ ကလေးနှင့် အမျိုးသားတစ်ဦးတို့၏ နာရေးပြုလုပ်နေစဉ်။ (ဓာတ်ပုံ –   ပေးပို့)

အာဏာသိမ်းတပ်က ဖားကန့်မြို့ ပေါ်နှင့် မြို့အရှေ့ဘက်ခြမ်း ကျေးရွာများကို ထိန်းချုပ်ထားနိုင်သည်။

စစ်တပ်က မြို့အနောက်ဘက်ရှိ KIA တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများနှင့် စခန်းကုန်းများကို  မေလကုန်ပိုင်းမှ စတင်ကာ ယနေ့အထိ ထိုးစစ်ဆင် နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့အပြင် ဝိုင်းမော်၊ မိုးကောင်း၊အင်းတော်ကြီး၊ ရွှေကူနှင့်ဗန်းမော်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေခဲ့သည်။

ဩဂုတ်လ၊ ၃ ရက်နေ့ ကလည်း မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသည်။  

ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ကို ရင်ဆိုင်ရသည့် ထိုတိုက်ပွဲတွင်  စစ်ကောင်စီနှင့် ၎င်း၏ မဟာမိတ် ရှမ်းနီအမျိုးသားများတပ် (SNA)    ဘက်က ခြောက် ဦး သေဆုံးခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် စစ်ကူ၊ လက်နက်၊ ခဲယမ်းနှင့်ရိက္ခာများတင်ကာ မန္တလေးမြို့မှ တက်လာသည့် စစ်ကောင်စီသင်္ဘောအချို့ ဗန်းမော်မြို့သို့ ရောက်ရှိသွားရ ဗန်းမော်တွင်လည်း တိုက်ပွဲများ ပြန်လည် ပြင်းထန် လာနိုင်ကြောင်း KIA က ယူဆထားသည်။

ယမန်နှစ် မတ်လမှ စတင်သည့်စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ် ထိုးစစ်အတွင်းရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို KIA က သိမ်းပိုက်ထားသည်။

Related Articles

Back to top button