သတင်း

ဗန်းမော်အမြောက်တပ်နှင့်လေယာဉ်ကွင်းအတွင်း စစ်တပ်ဝင်ရောက်

ရှစ်လနီးပါး တိုက်ပွဲပြင်းထန်နေသော ဗန်းမော်မြို့တွင်းတိုက်ပွဲတွင် KIA သိမ်းထားသော စစ်ရေးအရ အရေးပါသော နေရာအချို့ကို စစ်တပ်က ဝင်ရောက်သွားသည်၊ စစ်တပ် ဆက်ရှိနေခြင်း ရှိ မရှိ KIA က အတည်မပြုပေ။

မြန်မာ- တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းထားသည့် စစ်ရေးအရ အရေးပါသော အမှတ် (၃၆၆) အမြောက်တပ်နှင့် ဗန်းမော်လေယာဉ်ကွင်း တို့ကို စစ်တပ်ထိုးစစ်ဆင်ခဲ့သောကြောင့် KIA နှင့် ပူးပေါင်းတပ်များ နောက်ဆုတ်ပေးလိုက်ရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပြီး စစ်တပ် တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်သော ဗန်းမော်မြို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် KIA က တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။ 

ဩဂုတ်လ၊ ၁၀ ရက်နေ့တွင် အမတ (၃၆၆)နှင့် လေယာဉ်ကွင်းနေရာတို့မှ KIA ပူးပေါင်းတပ်များ နောက် ဆုတ်ပေးလိုက်ရသည်ဟု ရှေ့တန်းစစ်ရေးရင်းမြစ်များကို ကိုးကားပြီး ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။

သို့သော် စစ်တပ်က အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည် ဟု  ၎င်းက ဆက်ပြောသည်။

“လုံးဝပေးလိုက်ရတာ မဟုတ်ဘူးပြောတယ်၊ ယာယီပေါ့၊ ခဏဆုတ်ထားပေးတာတဲ့ အခုလည်း အဲဒီနေရာ တွေနားမှာ ဆက်ချနေကြတုန်းပဲလို့ ပြောတယ်” 

KIA  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အမတ (၃၆၆) နှင့် လေယာဉ်ကွင်းနေရာများသို့ စစ်တပ် က စီးနင်းနိုင်ခဲ့သည်ဟု ရှေ့တန်းရင်းမြစ်များအဆိုအရ သိရသော်လည်း နောက်ဆက်တွဲအခြေအနေများကို မသိရသေးကြောင်း ပြောသည်။

“ အမတ ၃၆၆ ကိုတော့ သူတို့ (စစ်တပ်) ရောက်ပြီလို့တော့ ရှေ့တန်းက သက်ဆိုင်ရာတွေက ပြောကြတယ်။ ဒါပေမဲ့ သူတို့ ပြန်ထိုင်နေပြီလား၊ ပြန်ဆုတ်သွားပြီလား သဲသဲကွဲကွဲမသိရသေးဘူး၊ လေကြောင်းကလည်း အဲဒီလိုပါပဲ။ တစ်ဖက်စွန်းမှာတော့ သူတို့ရောက်နေတယ် တစ်ဖက်က ကျွန်တော်တို့ ရှိနေတုန်းပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ညနေတွင် ပြောသည်။

ဗန်းမော်လေယာဉ်ကွင်း အခြေအနေနှင့် ပတ်သက်၍ လေယာဉ်ကွင်းအတွင်း စစ်တပ်က ရောက်ခဲ့သည်မှာ ဟုတ်မှန်သော်လည်း အားလုံးထိန်းချုပ်ထားသည့် အခြေအနေမဟုတ်ကြောင်း DVB သတင်းဌာနကိုလည်း  ဗိုလ်မှူးကြီးနော်ဘူက ပြောထားသည်။

“လေယာဉ်ကွင်းကတော့ တစ်ခုလုံးတော့ မဟုတ်ဘူးလို့ ပြောတယ်။ တောင်ဘက်လား၊ မြောက်ဘက်လား မသိဘူး။ တစ်နေရာမှာတော့ သူတို့ ရောက်တယ်လို့ ပြောတယ်။ ဓာတ်ပုံရိုက်လို့တော့ ရတယ်လို့ ပြောတာပေါ့။ ကျွန်တော်တို့လည်း ဓာတ်ပုံရိုက်လို့တော့ရတယ်။ အားလုံးထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့ ပြောချင်တာပါ” ဟု ဖြေကြားထားသည်။ 

မြို့အရှေ့ဘက်၊ လေယာဉ်ကွင်း၏ မြောက်ဘက် တစ်မိုင်ကျော်အကွာတွင်  အမတ (၃၆၆) ခေါ် အမှတ် (၃၆၆) အမြောက်တပ် တည်ရှိသည်။ ထိုနှစ်နေရာလုံးကို ယခုနှစ်၊ ဖေဖော်ဝါရီလအတွင်း KIA က သိမ်းပိုက်ထားခြင်း ဖြစ်သည်။ လေယာဉ်ကွင်း၏ အရှေ့ဘက်၊ နှစ်မိုင်ကျော်ခန့်အကွာတွင်လည်း KIA သိမ်းထားသော အမှတ် (၅၀၁၄) တင့်ကားတပ် ရှိသည်။

အမြောက်တပ်(၃၆၆)နှင့် လေယာဉ်ကွင်းနေရာများကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ကြောင်း  စစ်တပ် ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့်တကွ ဖော်ပြခဲ့ကြသည်။

အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ထိုးစစ်ဆင်ရန် အနီးဆုံးနေရာမှာ အမတ (၃၆၆) ဖြစ်ပြီး နှစ်ဖက်လုံးအတွက် အရေးပါသည့် တပ်ရင်းဌာနချုပ် တစ်ခုဖြစ်ကာ ထိုတပ်ပြန်ပေးလိုက်ရပါက KIA အတွက် စကခ-၂၁ ထိုးစစ်မှာ ပိုမိုခက်ခဲသွားနိုင်ဖွယ်ရှိနေသည်။ 

လတ်တလောတွင် အဆိုပါ အမတ(၃၆၆) တပ်ရင်းနှင့် လေယာဉ်ကွင်းနေရာတို့တွင် တိုက်ပွဲများ ဆက်ဖြစ် နေသည်ဟု သိရသော်လည်း တိုက်ပွဲအသေးစိတ်အခြေအနေများကို မသိရသေးပေ။

ဗန်းမော်ထိုးစစ် 

ထိုးစစ်စပြီး နှစ်လကျော်အကြာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဗန်းမော်မြို့ပေါ်ရပ်ကွက်အချို့နှင့် စစ်တပ်၏ အမှတ်(၅၀၁၄) တင့်ကားတပ်နှင့် ဒုံးတပ်ရင်း အမှတ် (၇၀၀၆)၊ အမှတ်  (၂၃၆)  ခြေလျင် တပ်ရင်း၊ အမှတ် (၃၆၆) အမြောက်တပ် နှင့် လေယာဉ်ကွင်းတို့ကို  ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ သည်။

ယခုနှစ်၊ ဇန်နဝါရီနောက်ဆုံးပတ်က  လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော ဗန်းမော်လေယာဉ်ကွင်းအတွင်း တွေ့ရသော KIA ၊ KPDF တပ်ဖွဲ့ဝင်များ။

မြို့သုံးပုံနှစ်ပုံကို KIA က ထိန်းချုပ်နိုင်ခဲ့ပြီး စစ်တပ်အတွက် ဗန်းမော်မြို့ရှိ နောက်ဆုံးခံတပ်ဟု ပြော၍ ရနိုင်သည့် မြို့မြောက်ဘက်၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)နှင့် မြို့တောင်ဘက် အထွက်တွင်ရှိသည့် ခြေလျင်တပ်ရင်း ခလရ(၄၇)နှင့် လက်ရုံးတပ်ရင်းအချို့တွင် စစ်တပ်က ဆက်လက် နေရာယူခဲ့သည်။  


၂၀၂၃ အတွင်း၊ မြို့အရှေ့ဘက် တရုတ်နယ်စပ်မျဉ်းတစ်လျှောက် KIA သိမ်းလိုက်သည့် စစ်စခန်းများမှ ထွက် ပြေးလာသည့် အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်များ မြို့ထဲတွင် စုစည်းနေခဲ့သည့်အတွက် ဗန်းမော်တိုက်ပွဲအတွင်း စစ်တပ်က အင်အားတောင့်တင်းနေခဲ့ရာ နှစ်ဖက် အင်အား ထောင်ဂဏန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူ အများအပြား သုံးသဖြင့် မြစ်နှင့်ကပ်လျက် မြို့ဧရိယာအများစု သည်လည်း ပျက်စီးပြီး မြို့ခံအများစုလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် မန္တလေးမြို့မှ စစ်သင်္ဘော ကိုးစီးသည် ဩဂုတ်လ၊ ၁ ရက်နေ့ က ဗန်းမော်မြို့ကို ရောက်ရှိလာပြီးနောက် စစ်တပ်က မြေပြင်ထိုးစစ်ဖြင့်  စစ်အရှိန်မြှင့်ခဲ့သည်ဟု KIA နှင့် ဒေသခံများထံက သိရသည်။ 

ရေကြောင်းဖြင့် စစ်ကူများ ရောက်ရှိလာပြီးနောက် ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအပြင် ကာလကြာ ရပ်နားထားသည့် မြေပြင်ထိုးစစ်များကိုပါ စစ်တပ်က ပြန်လုပ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။

“သင်္ဘောတွေရောက်လာတဲ့ နောက်ပိုင်းမှာတော့ သူတို့က မြေပြင်ကနေ ထိုးလာတယ်။ မြေပြင်ကနေထိုးတဲ့ ဗျူဟာတစ်ခု တိုးလာတယ်။ အရင်ကတော့ လက်နက်ကြီးနဲ့ ဒရုန်းပဲ ပစ်ကြတာ။ အခုက ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ပြီးမှ မြေပြင်ကနေတစ်ခုထိုးတာ တိုးနေတယ်” 

ပြီးခဲ့သည့် ဇွန်လက နေပြည်တော်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုတွင် ကချင်ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ (PCG) မှတဆင့် အွန်လိုင်းမှနေ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်တပ်က KIA ကို ကမ်းလှမ်းခဲ့သည်။

သို့သော် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုဥက္ကဌဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ကမူ စစ်တပ်က ဆွေးနွေးလိုလျှင် မြစ်ကြီးနားတွင် ဆွေးနွေးနိုင်ရန် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးမည်ဖြစ်ကြောင်း  BBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သလို ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြို့ပေါ် ၁၆ ရပ်ကွက်ရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိသည့် ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည်။ တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာ ဝေးကာ ရေကြောင်း၊ ကုန်းကြောင်းတို့ဖြင့် ကချင်ပြည်နယ်နှင့် မြန်မာပြည်အလယ်ပိုင်းတို့ကို ဆက်သွယ်နိုင်သည့် ဗျူဟာမြောက်မြို့တစ်ခုဖြစ်သည်။

ဗန်းမော်မြို့၏ အရှေ့ဘက် မိုးမောက်မြို့ ၊ တောင်ဘက် မံစီမြို့နှင့် အနောက်ဘက် ရွှေကူမြို့သို့ သွားနိုင်သည့် မြေပြင်လမ်းကြောင်းများအားလုံး KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည့်အတွက် စစ်ကောင်စီ၏ အဓိက ဝင်ပေါက်မှာ မြစ်ကြောင်းတစ်ခုသာ ရှိတော့သည်။

မိုးမောက်၊ မံစီနှင့် စင်းခန်းတိုက်နယ်ရွာကြီးတို့ကို ပြီးခဲ့သည့်နှစ်အတွင်း KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။

ယမန်နှစ်၊ မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

စစ်တပ်သည် ပြီးခဲ့သည့်နှစ်များအတွင်း လက်လွှတ်လိုက်ရသည့် မြို့များ၊ နေရာများကို ယခု နှစ်ဝက်မှ စတင်၍ ပြန်လည်ထိုးစစ်ဆင်နေရာ နိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း- ကယားနယ်စပ်တို့ကို အချိန်ကိုက်ထိုးစစ်ဆင်နေသည်။ 

ဗန်းမော်စစ်ရေးအခြေအနေပြမြေပုံ။

Related Articles

Back to top button