အိန္ဒိယ- မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ အခြေချစခန်း နေရာကို ယခုလဆန်းတွင် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျအဆုံးများရှိပြီးနောက် စစ်တပ်က ပြန်ဆုတ်သွားကြောင်း သိရသည်။
တမူးမြို့တောင်ဘက်၊ ၁၀ မိုင်ခန့်အကွာ အိန္ဒိယ- မြန်မာချစ်ကြည်ရေးလမ်းပေါ်ရှိ တော်လှန်ရေးအင်အားစုများ နှစ်နှင့်ချီ တပ်စွဲထားသည့် နန်မွန်တားရွာကို စစ်တပ်က ဩဂုတ်လ၊ ၅ ရက်နေ့တွင် စတင် ထိုးစစ်ဆင်ခဲ့ရာ လေးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ခြောက်ဦးသေဆုံးကာ သေနတ် ကိုး လက်နှင့် လက်နက်ခဲယမ်းများ ဆုံး ရှုံးသလို တော်လှန်ရေးအင်အားစုများဘက်မှ ငါးဦးကျဆုံးပြီး သေနတ် သုံး လက် ဆုံးရှုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အမှတ် (၁) စစ်ဒေသက ယနေ့သတင်းထုတ်ပြန် သည်။
နန်မွန်တားရွာသည် NUG ထိန်းချုပ်ထားသည့် ခမ်းပတ်မြို့နှင့် ၂၃ မိုင်ခန့်သာ ကွာဝေးပြီး ခမ်းပတ်မြို့ကို ပြန်လည် ထိုးစစ်ဆင်နိုင်ရေး သွေးတိုးစမ်းသည့် အခြေအနေဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ယူဆသည်။
“လက်ရှိလက်လွှတ်ထားရတဲ့ ခမ်းပတ်၊ တမူး – ကလေး လမ်းကြော တစ်ကြောလုံးပေါ့။ PDF တွေ လက်လွှတ်ထားရတဲ့နယ်မြေကို သူတို့အနေနဲ့ ပြန်လည်ရရှိဖို့ပေါ့ ဘယ်အတိုင်းအတာတွင်းလဲ ဆိုတော့ ရွေးကောက်ပွဲမတိုင်ခင်၊ ၁၂ လပိုင်းမတိုင်ခင် အကုန်လုံးကို ရယူသိမ်းပိုက်ရမယ်ဆိုတဲ့ ညွှန်ကြား ချက်လည်းရှိတယ်လို့ သတင်းရရှိထားပါတယ်။ အဲ့ဒါကြောင့် သူတို့အနေနဲ့ ခုချိန်မှာ စပြီးတော့ သွေးတိုးစမ်းတဲ့သဘောပေါ့” ဟု တမူးမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့နယ်များကို ပြန်လည်ရရှိရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကယား (ကရင်နီ) ပြည်နယ်နှင့် မန္တလေးတိုင်းမှ မြို့နယ်များကို ထိုးစစ်ဆင်နေသည့် စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း ခမ်းပတ်မြို့ကိုလည်း ပြန်လည်ထိုးစစ်ဆင်မည်ဟု စစ်ကောင်စီ ဝါဒဖြန့်စာမျက်နှာများက ဖော်ပြနေကြသည်။
အိန္ဒိယ- မြန်မာနယ်စပ် ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့် တမူးမြို့နယ်မှ မြို့ သုံးမြို့အနက် ခမ်းပတ် နှင့် မြို့သစ်မြို့တို့ကို NUG က သိမ်းပိုက်ထားပြီး စစ်တပ်က တမူးမြို့ပေါ်နှင့် မြို့အနီး ဝန်းကျင်ကျေးရွာများတွင်သာ ခြေကုပ်ယူထားနိုင်သည်။
လက်နက်ကိုင်တော်လှန်ရေးအစောပိုင်း ကာလကတည်းကပင် တော်လှန်ရေးဘက်က ထိန်းချုပ်ထားသည့် နန်မွန်တားရွာ အနီးရှိ ရန်ငြိမ်းအောင်ရွာတွင် တပ်စွဲထားသည့် အမှတ် (၂၂၈) ခြေလျင်တပ်ရင်းနှင့် ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး) တပ်ဖွဲ့ဝင် အင်အား ၈၀ နီးပါး ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ်လ၊ ၅ ရက်နေ့ နံနက်တွင် နန်မွန်တားရွာကို ရုတ်တရက်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်တပ်၏ ထိုးစစ်ကို NUG ၏ တမူးခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင် စစ်ကြောင်းများ၊ ချင်းအမျိုး သား တပ်မတော် (CNA)၊ ဒေသအခြေစိုက်တပ်များဖြစ်သော KNA – B နှင့် NLA တို့က ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
လေးရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်း ပစ်ကူသာမက ဒရုန်းများဖြင့်လည်း တိုက်ခိုက်ခဲ့ သော်လည်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။
“စစ်ဦးကျိုးပြီး တပ်ဦးလန်သွားတယ်ပေါ့ဗျာ။ ရမလားဆိုပြီး ထိုးလာကြည့်တာပေါ့။ ခုချိန်မှာတော့ အထိနာပြီး မြို့တွင်းကို ပြန်ဆုတ်ထားတယ်”ဟု အထက်ပါ တမူးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

တမူးတိုက်ပွဲတွင် စစ်တပ်က အသေခံဒရုန်းများအသုံးပြု
တမူးတိုက်ပွဲတွင် စစ်တပ်က အသေခံဒရုန်းများအသုံးပြု
နန်မွန်တားတိုက်ပွဲတွင် စစ်တပ်က OWA (One Way Attack) အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။
ထိုဒရုန်းများကို မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်က ယခုနှစ်တွင် အသုံးပြုနေပြီး ထိုဒရုန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်လက်များကို လေ့လာနေဆဲဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“ OWA ပုံစံမျိုးမဟုတ်ဘဲနဲ့ ရိုးရိုးတန်းတန်း ကာမီကာဇေပုံစံမျိုးကတော့ ကရင်ပြည်နယ်ဘက်တွေမှာလည်း တွေ့ရတယ်။ OWA ကတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲမှာပဲ တွေ့ရသေးတယ်။ နာမည်ပဲ ကွာတာပါ။ လုပ်ဆောင်ချက်ခြင်းကတော့ အတူတူပဲ။ စွမ်းဆောင်ရည်ချင်းကွာ၊ မကွာ ဆိုတာ ကိုတော့ ပြန်ပြီးတော့ လေ့လာနေဆဲပါပဲ။ ကာမီကာဇေ ဆိုတာလည်း အသေခံတာပါပဲ။ One Way Attack လည်း တစ်ခါသုံးပဲ။ စွမ်းရည်၊ ပျံနိုင်တဲ့အမြင့်၊ သယ်နိုင်တဲ့ဗုံးသီး၊ controller , frequency ထိန်းချုပ်နိုင်တဲ့ အမျိုးစား ဒါပဲကွာတာပါ။ လုပ်ဆောင်ပုံချင်းကတော့ အတူတူပဲ”ဟု CDM ဗိုလ်ကြီး ဇင်ယော် က ဆိုသည်။
ဧရာဝတီမြစ်ကမ်းဘေး၊ နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် မတ္တရာတို့တွင် စစ်တပ်က မြေပြင်ထိုးစစ်ဖြင့် ထိုးဖောက်ဝင်ရောက်ရာ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် နည်းပညာမြင့် ဒရုန်းများဖြင့် အသုံးပြုတိုက်ခိုက်နေသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း ပြောသည်။
ဆိုင်ကယ်ဖြင့် သွားလာနေသည့် တော်လှန်ရေးရဲဘော်များကိုလည်း အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုများ ရှိလာသည်ဟု မန္တလေးတော်လှန်ရေးရဲဘော်များကဆိုသည်။
၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းညီနောင်နှင့် မဟာမိတ်တပ်များ၏ ဒရုန်းတိုက်ခိုက်မှု အားသာချက်ကြောင့် မြို့ပေါင်းဆယ်နှင့်ချီ လက်လွှတ်ခဲ့ရသည့် စစ်တပ်သည် ၎င်းတို့၏ အားနည်းချက်ကို ပြင်ဆင်ကာ ဒရုန်းနည်းပညာ အဆင့်မြှင့်တင်ပြီး ယမန်နှစ် နှစ်ကုန်ပိုင်းက စတင်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု နေသည်။
စစ်တပ်က DJI, Autel, VTOL fixed wing UAV ကင်းထောက်ဒရုန်းများ၊ Quadcopter, Hexacopter, တိုက်ခိုက်ရေးဒရုန်းများ၊ Delta Wing Suicide ဒရုန်းများဝယ်ယူအသုံးပြုနေသလို ဒရုန်းသင်တန်းများအား စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီး လေ့ကျင့်သင်ကြားပေးနေကြောင်း မြန်မာစစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဇွန်လကုန် ပိုင်းတွင် ထုတ်ပြန်သည်။
ထိုအဖွဲ့သည် CDM ဝင်လာသော စစ်ကောင်စီ အရာရှိများနှင့်ဖွဲ့စည်းထားပြီး စစ်ဘက်နှင့်လုံခြုံရေးဆိုင်ရာများကို သုတေသန ပြုနေသည့် အဖွဲ့စည်းတစ်ခုဖြစ်သည်။
“အခု ၂၀၂၅ နှစ်လယ်လောက်မှာ စကစ ဘက်က ဒရုန်းနည်းပညာပိုင်းကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြု လာတာတွေလည်း ရှိလာတာ။ ပြီးတော့ ကျွန်တော်တို့ဘက်က အသုံးပြုလာမယ့် ဒရုန်းကို ကာဗာ ပေးနိုင်မယ့် အရာတွေလည်း ကောင်းကောင်းမွန်မွန် တပ်ဆင်ထားနိုင်တဲ့ အနေအထားရှိတယ်။ ဂျန်မာ ပေါ့။ ဂျန်မာဆိုတဲ့ နေရာမှာလည်း တကယ့်အထိုင်ဂျန်မာကြီးတွေ။ တော်ရုံတန်ရုံ ဒရုန်းတက်လို့ မရဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးကလည်း ပြောသည်။
စစ်တပ်က နည်းပညာမြင့် ဒရုန်းများကို တွင်တွင်ကျယ်ကျယ် သုံးလာချိန်တွင် ဘတ်ဂျက် အခက်အခဲကြောင့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ဒရုန်းနည်းပညာပိုင်းများကို အဆင့်မြှင့်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
“ကျွန်တော်တို့ PDF တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ အခုလာမယ့် ၂၀၂၅၊ ၂၀၂၆ မှာ ဒရုန်း ပြဿနာကတော့ ဘယ်လိုမျိုး ကောင်တာပြန်ထောက်မယ်။ ဘယ်လိုမျိုး Defense ပြန်လုပ်မယ်ဆိုတာကို ကောင်းကောင်းကြီး စဉ်းစားရမယ့် အရာတစ်ခုတော့ ဖြစ်တယ်” ဟု ၎င်းက သုံးသပ်သည်။
လက်နက်ကိုင်တော်လှန်ရေး ပင်မမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော်မြို့တို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသည်။
ကောလင်းမြို့ကို ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးတပ်များက သိမ်းနိုင်ခဲ့သော်လည်း လပိုင်းအကြာ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် ပြန်လည် ဆုတ်ခွာခဲ့ရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့အနီးရှိ ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီး နေ့တွင်းချင်း ပြန်လည် လက်လွှတ်ခဲ့ ရသလို ကနီမြို့ကိုလည်း နယ်မြေ အများစု သိမ်းပိုက်ပြီးနောက် စစ်တပ်ကအင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် လက်လွှတ်ခဲ့ရသည်။



