သတင်း

မတ္တရာမြို့နယ်တိုက်ပွဲများ ယခုလအတွင်း အပြင်းထန်ဆုံးဖြစ်ပွားနေ

အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ အဆင်မြင့်ဒရုန်းများအပြင် မြေပြင်ထိုးစစ်များဖြင့် မတ္တရာ မြို့နယ် အတွင်း စစ်ရေးလှုပ်ရှားနေရာ ယခုလအတွင်း အပြင်းထန်ဆုံးဖြစ်သည်ဟု MDY-PDF က ပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် အာဏာသိမ်းစစ်တပ်၏ထိုးစစ်များကြောင့် ယခုလအတွင်း တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားနေပြီး ယမန်နေ့တွင် စစ်လေယာဉ်က အကြိမ် ၃၀ ကျော် ဗုံးကြဲမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံနှင့်စစ်ရေးရင်းမြစ်များထံက သိရသည်။

ယမန်နေ့(ဩဂုတ်လ၊ ၁၂ ရက်နေ့)၊ နံနက် ၇ နာရီခန့်မှ စတင်ကာ  မန္တလေးမြို့၏မြောက်ဘက်၊ မိုင် ၂၀ ခန့်အကွာ ကျောက်တံတား ကျေးရွာနှင့် လက်ဝဲကြီးကျေးရွာတို့ကို လေတပ်က အကြိမ်ရေ ၃၀ ကျော်ဗုံးကြဲခဲ့ပြီး နေ့လယ်တွင် ထန်းပင်ကုန်းရွာ နှင့် အနီးတဝိုက်ကို မီးရှို့ခဲ့သည်ဟု မတ္တရာအရှေ့ပိုင်းမှ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောပြ သည်။

“တိုက်ပွဲက တအားပြင်းထန်တယ်။ စစ်ကောင်စီစစ်ကြောင်းက ကျောက်တံတားအရှေ့ဘက် တံတားနားမှာ ရောက်နေတယ်။ လေကြောင်းကနေလည်း အပြင်းအထန်ကြဲတယ်။ စက်လက်နက်နဲ့လည်းကုတ်တယ်”ဟု ဆိုသည်။

ကျောက်တံတားရွာသည် မတ္တရာမြို့ အရှေ့တောင်ဘက် လေး မိုင်ခန့်၊ မတ္တရာ- မန္တလေး ကားလမ်းပေါ်ရှိ ကျေးရွာကြီးဖြစ်ပြီး  တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်သည်။ 

လက်ရှိတွင် စစ်တပ်က ကျောက်တံတားရွာ၊ ငါးလုံးပြွန်ရွာ၊ Alphaဘိလပ်မြေစက်ရုံတို့ကိုလည်း အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

“ခုဟာက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ အဓိကကတော့ စစ်တပ်က လေကြောင်းကိုလည်း အဓိကအသုံးပြုတယ်။ ပေါင် ၅၀၀ ဗုံးသီးတွေ အရေအတွက်များများ အသုံးပြုလာတယ်။ လေကြောင်း အဆမတန် တိုက်ခိုက်နေတယ်”ဟု အထက်ပါ စစ်ရေးရင်းမြစ်အမျိုးသားက ဆိုသည်။

စစ်တပ်သည် မတ္တရာမြို့နယ်အရှေ့ပိုင်းအား တောက်လျောက်ထိုးစစ်ဆင်လျက်ရှိပြီး  ယခုလအတွင်း တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်းက Myanmar Now ကို ယမန်နေ့၊ နေ့လယ်တွင် ပြောသည်။

“တိုက်ပွဲကတော့ တော်တော်လေးပြင်းထန်နေတယ်။ကျွန်တော်တို့လည်း တတ်နိုင်သမျှတော့ အဆုတ် အတက်နဲ့ပဲ ကစားနေတယ်လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်။ ရန်သူ့ဖက်ကလည်း သူတို့စစ်ရေး ရည်မှန်းချက်အတိုင်း သူတို့လမ်းမကြီး ( မတ္တရာ-မန္တလေးလမ်း) ပွင့်ရေးကို ဦးတည်ပြီးတော့ ထိုးနေတယ်လို့ အကြမ်းဖျဉ်း သုံးသပ်လို့ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဖက်ကလည်း သူတို့ကြိုက်သလောက်ထိုး၊ သူတို့လုပ်နိုင်သလောက်လုပ်၊ ကျွန်တော်တို့ကလည်း ချစရာရှိတာချရမှာပဲ”ဟု ဆိုသည်။

လတ်တလောတွင် ထန်းပင်ကုန်းကျေးရွာအပါအဝင် အနီးတဝိုက်ရှိ သုံးနေရာခန့်သည်  မီးတင်ရှို့ခံထားရပြီး  အခြေအနေ အသေးစိတ် မသိရသေးဟု မတ္တရာအရှေ့ပိုင်းမှ စစ်ရေးရင်းမြစ်ကလည်း ပြောသည်။

ဩဂုတ်လဆန်းက တွေ့ရသော မြကံသာနှင့် သရက်ကိုင်းရွာမှ စစ်ရှောင် ဒေသခံများ။ (ဓာတ်ပုံ-မိုးဦး) 

ထန်းပင်ကုန်းရွာသည် မန္တလေးမြို့မှကားဖြင့်သွားလျှင် နာရီဝက်ကျော်မောင်းနှင်ရသည့် ၁၉ မိုင်ခန့် အကွာ အဝေးတွင်ရှိပြီး၊ မတ္တရာမြို့၊ အရှေ့တောင်ဘက် ခြောက်မိုင်အကွာတွင်ရှိသည်။ 

မန္တလေးမြို့နှင့် မတ္တရာမြို့တို့ကို ထိစပ်ထားသည့် ပုသိမ်ကြီးမြို့နယ် မြကံသာ၊ သရက်ကိုင်းကျေးရွာတို့၏ မြောက်ဘက်ကပ်လျက်ဖြစ်သည်။

ထန်းပင်ကုန်း၊ မြကံသာ၊ သရက်ကိုင်းရွာတို့ကို  ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) က ဇူလိုင်လ၊ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း မကြာသေးခင်ရက်များအတွင်း စစ်တပ်က ပြန်လည်နေရာယူသွားသည်။

ထိုသုံးရွာသည် မတ္တရာနယ်နှင့် မန္တလေးမြို့အစွန်ဆုံး ပုသိမ်ကြီးမြို့နယ်တို့၏ နယ်စပ်တွင် တည်ရှိပြီး မန္တလေး – မတ္တရာလမ်းဘေးကျေးရွာများဖြစ်ကာ စစ်ရေးဗျူဟာအရ အရေးပါသည့်ရွာများ ဖြစ်သည်။  

စစ်တပ်က လေကြောင်းပစ်ကူများ အပြင်းအထန်အသုံးပြုပြီး ထိုကျေးရွာများတွင် အခြေစိုက်သော စစ်စခန်းများကို ပြန်ရယူခဲ့ခြင်းဖြစ်ပြီး မြကံသာရွာတွင် လက်နက်ကြီးအထိုင်တပ်ရှိသည်။ 

အထက်ပါ မြကံသာ၊ ထန်းပင်ကုန်း၊ သရက်ကိုင်းကျေးရွာတို့ကို စစ်တပ်က ပြန်လည်ရယူခဲ့ခြင်းအပေါ်  စစ်၏ သဘော၊ သဘာဝသာဖြစ်ကြောင်း MDY-PDF မှ ကိုမုန်တိုင်းက တုံ့ပြန်သည်။

“မြကံသာတို့ သရက်ကိုင်းတို့က ကျွန်တော်တို့ သိမ်းပြီးထိုင်တဲ့ နေရာမဟုတ်ပါဘူး။ နဂိုကတည်းကလည်း ကျွန်တော်တို့ထိန်းချုပ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရန်သူရဲ့နောက်တန်းစခန်းကို သွားပြီးတော့ သိမ်းပိုက်တယ်။ သိမ်းပိုက်ပြီးတာနဲ့ ရှင်းစရာရှိတာရှင်းပြီးရင် ကျွန်တော်တို့ ပြန်ပြီးခွာစစ်ဆင်ခဲ့တာပေါ့နော်။ စစ်ရဲ့သဘောမှာကြတော့ အဆုတ်အတက်နဲ့ …ကျွန်တော်တို့ ပြန်လက်လွှတ်ခဲ့ရတာ မဟုတ်ပါဘူး ” 

ဆက်လက်၍ မတ္တရာအရှေ့ခြမ်းတိုက်ပွဲများအတွင်း စစ်တပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုနေကြောင်း သူက ဆိုသည်။ 

“ဒီတိုက်ပွဲတွေအတွင်း အရမ်းထူးခြားလာတာကတော့ အဆိပ်ငွေ့ဗုံးကို တရစပ်သုံးပြီးမှကို တော်တော်လေး ပစ်ကူပစ်အားပေးပြီး အလုပ်လုပ်နေတယ်။ ဒရုန်းဗုံးသီးတွေမှာလည်း အဆိပ်ငွေ့ဗုံးတွေ တပ်ပြီး အလုပ်လုပ်တာရှိတယ်။ အခြား ၄၀ မမ အသီးနဲ့ အခြားလက်နက်ကြီးတွေမှာပါ ဒီအဆိပ်ငွေ့ဗုံးကို တပ်ပြီးတော့မှ သုံးနေတယ်။ တော်တော်လေးကို လူမဆန်ဘူး။ ကျင့်ဝတ်နဲ့မညီတဲ့ အလုပ်တွေကို လုပ်နေတယ် ပြောလို့ ရတယ်”ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် မိုင်၂၀ အကွာ မတ္တရာမြို့နယ်အတွင်းတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) တို့သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ၊၂၅ ရက်နေ့မှစကာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ ယခင်က မရှိသည့် မတ္တရာဒေသအတွင်း စစ်ရေးပြင်းထန်လာပြီးနောက် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုမှာ နေရပ်မပြန်နိုင်သေးပေ။ 

မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံကင်းစခန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့် ဖယောင်းတောင်ရွှေတွင်းတို့အပါအဝင် စခန်း သုံးခုတို့ကို MDY- PDF က သိမ်းပိုက်နိုင်ခဲ့သည်။

ဧရာဝတီမြစ်ကမ်းဘေး၊ မတ္တရာမြို့နယ်အနောက်ခြမ်းအခြေစိုက် တော်လှန်ရေးအင်အားစုများကို စစ်တပ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတည်းက ထိုးစစ်ဆင် ထိန်းချုပ်ထားခဲ့ပြီးနောက်  MDY-PDF ထိန်းချုပ်သည့် မတ္တရာအရှေ့ခြမ်းသို့ ရွေ့လျားလာသည်။

လက်ရှိတွင် စစ်တပ်က ထိုးစစ်များ အင်အားအလုံးအရင်းပြုလုပ်နေကာ မတ္တရာနယ်အတွင်း လေကြောင်း၊ လက်နက်ကြီးပစ်ကူများ သာမက အဆင်မြင့်ဒရုန်းများကိုလည်း အသုံးပြုနေသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ယခင်က MDY- PDF အပါအဝင် တော်လှန်ရေးတပ်များသည်  မတ္တရာမြို့ အရှေ့တောင်ဘက် လေး မိုင်ခန့်ရှိ ကျောက်တံတား၊ ဘိုကုန်းကျေးရွာတို့တွင် နေရာယူ၍  မန္တလေး- မတ္တရာကားလမ်းကို ဖြတ်တောက် ပိတ်ဆို့ ထားသည့်အတွက် အာဏာသိမ်းစစ်တပ်က ကားလမ်းအသုံးပြုနိုင်ခြင်းမရှိပေ၊ ရထားလမ်းဖြစ်သည့် တောင်ပြုံး- မတ္တရာလမ်းကို အသုံးပြုခဲ့ရသည်။

စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ အဆင်မြင့်ဒရုန်းများအပြင် မြေပြင်ထိုးစစ်များဖြင့် မတ္တရာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေရာ လက်ရှိတွင် မန္တလေး- မတ္တရာကားလမ်းမ နေရာအများစုကို စစ်တပ်က ထိန်းချုပ်နိုင်သွားသဖြင့် မတ္တရာမြို့တွင်းရှိ စစ်တပ်ထံ မန္တလေးမြို့ဘက်မှ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်း ပွင့်သွားဖွယ် ရှိနေသည်။ 

စစ်တပ်၏ တန်ပြန်ထိုးစစ်သည် မတ္တရာအပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်း- ကယားနယ်စပ်တို့တွင် အပြင်းအထန်ဆုံးဖြစ်နေပြီး နယ်မြေစိုးမိုးမှု လက်လွှတ်လိုက်ရ သော မြို့၊ရွာများကို ပြန်ထိန်းချုပ်ရန် ယခုနှစ် နှစ်လယ်မှစတင် ကြိုးပမ်းနေသည်။

မတ္တရာစစ်ရေးအခြေအနေပြမြေပုံ။

Related Articles

Back to top button