ပြင်ဦးလွင်နှင့် နောင်ချိုမြို့များမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များသည် ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် နောင်ချို- မိုးကုတ်လမ်းရှိ ဒိုးပင်ရွာအား သိမ်းပိုက်ခဲ့ပြီး ယနေ့တွင် လုံခံရွာနှင့် အနီးအနား ကျေးရွာများကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တပ်၏ ထိုးစစ်ကြောင့် ဒိုးပင်ရွာတွင် တပ်စွဲထားသည့် တအာင်းတပ် TNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) PDF – MDY တပ်ဖွဲ့များ နောက်ဆုတ်ပေးလိုက်ရသည်ဟု တိုက်ပွဲအခြေအနေ သိရှိသည့် ဟိုခိုကျေးရွာသားတစ်ဦးက ပြောသည်။
“စစ်တပ်က ဒိုးပင်ကို သိမ်းပြီး လုံခံရွာဘက်ကို ထပ်တိုးလာနေတယ်။ ဒိုးပင်ကို သိမ်းပြီးနောက်ပိုင်း လက်နက်ကြီး အသံတွေပဲ ကြားရတယ်။ နှစ်ဖက်တိုက်ပွဲကတော့ ငြိမ်နေတယ်။ လုံခံအထိတော့ စစ်တပ်က တိုးလာမှာပဲ” ဟု ဟိုခိုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ၊ ၂၃ ရက်နေ့တွင် ပြင်ဦးလွင်ဘက်မှ မိုးကုတ်ဘက်သို့ တက်သည့် လမ်းခွဲအနီးတွင် တည်ရှိသော နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ရွာကို သိမ်းပိုက်ခဲ့သည်။
ဇူလိုင်လ၊ ၂၇ ရက်နေ့တွင် ဆမ္မဆယ်ရွာနှင့် လေးမိုင်အကွာရှိ သုံးဆယ်ရွာကို ထပ်မံသိမ်းပိုက်ကာ မိုးကုတ်- နောင်ချို လမ်းအတိုင်း ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဩဂုတ်လ၊ ၇ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအား အဓိကဆက်သွယ်ထားသည့် TNLA နှင့် MDY-PDF သိမ်းပိုက်ထားသည့် ဟိုခို ကျေးရွာကို စစ်တပ်က သိမ်းပိုက်ခဲ့သည်။ ဟိုခိုရွာနှင့် ကုန်စံရွာရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားသည့် ရဲဘက် အကျဉ်းစခန်းများကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ရရှိသွားသည်။
ဒိုးပင်ရွာအား သိမ်းပိုက်ပြီးနောက် ဒိုးပင်နှင့် နှစ်မိုင်ကျော်အကွာ လုံခံရွာသို့ လက်နက်ကြီး၊ ဒရုန်းပစ်ကူများ ယူကာ ဆက်လက်ထိုးစစ်ဆင်နေသည်ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်သည်။
စစ်တပ်၏ မိုးကုတ်- နောင်ချိုလမ်းပိုင်း ထိုးစစ်တွင် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်မှုထမ်း တပ်သားများကို အသုံးပြုထားပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူများ၊ ဒရုန်းပစ်ကူများကို ပေါပေါများများ သုံးနေသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးတွင် တောင်ခမ်းမှ နောင်ချိုကို ထိုးစစ်ဆင်ခဲ့သည့် ရမခ စစ်ကြောင်းများလည်း ပါဝင်သည်ဟု စစ်တပ်ထောက်ခံသူများက ဆိုသည်။
မိုးကုတ်- နောင်ချိုလမ်းတိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပြင်းပြင်းထန်ထန်ခုခံမှု မတွေ့ရဘဲ တဖြည်းဖြည်းချင်း ဆုတ်ခွာပေးလိုက်ရသည်ဟု ဒေသခံများက ဆိုသည်။
“စစ်တပ်က အင်အားများလို့လား၊ လက်နက်မမျှလို့လားတော့ မသိဘူး။ တော်လှန်ရေးတပ်တွေဘက်က တအားကြီး ခုခံတာမျိုးတော့ မတွေ့ရဘူး။ စစ်တပ်က တိုးလာတယ်။ သူတို့ တဖြည်းဖြည်းချင်း ဆုတ်ပေး လိုက်တယ်။ အခုတော့ ဒိုးပင် ကျော်သွားပြီ” ဟု သုံးဆယ်ရွာသားတစ်ဦးက ပြောသည်။
ဒိုးပင်ရွာသည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် မိုင် ၅၀ နီးပါးအကွာတွင် တည်ရှိပြီး ဒိုးပင်အနီးတွင် လုံခံရွာ၊ ကုလားကွဲရွာ၊ ပန်ကစ်ရွာ၊ ရတနာသိင်္ဂီရွာများ ရှိသည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်မီ အဆိုပါရွာများအထိ စစ်တပ်က လှုပ်ရှားခဲ့ရာ ထိုကျေးရွာများအားလုံးကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်ရန် စစ်တပ်က ပြင်နေသည်ဟု ဒေသခံများက ဆိုသည်။
နောင်ချိုကို သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မိုးကုတ်မြို့ အနောက်ဘက်၊ မန္တလေးတိုင်း၊ သပိတ် ကျင်းမြို့ကိုလည်း ပြန်သိမ်းထားပြီး မိုးကုတ်ကို အနောက်နှင့် တောင်ဘက်မှညှပ်၍ စစ်ကြောင်းထိုးနိုင်မည်ဟု ဒေသခံများက ယူဆနေကြသည်။
“ရတနာသိင်္ဂီတို့ လုံခံတို့ပြီးရင် မိုးကုတ်အတက်လမ်းက တောလည်းထူတယ်၊ လမ်းလည်း ကြမ်းတယ် ဆိုတော့ လေလောဆယ် စစ်တပ်က အနီးအနားရွာတွေကို အရင် သိမ်းမယ်ထင်တယ်။ ပြီးမှ မိုးကုတ်ကို ဆက်ထိုးမယ်လို့ ပြောလို့ရတယ်။ အခုသိမ်းပြီးတဲ့ရွာတွေမှာတော့ တချို့လူတွေ ပြန်လာခိုင်းနေပြီ” ဟု ဟိုခိုဒေသခံ တစ်ဦးက ပြောသည်။
ဟိုခိုကို သိမ်းပိုက်ပြီးနောက် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဟိုခိုနှင့် သုံးဆယ်ရွာသားများအား နေရပ်ပြန် လာရန် စစ်တပ်က ပြောဆိုထားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ အရပ်သားနေအိမ် အချို့ ကို ချိပ်ပိတ်နေသည်ဟု ဒေသခံများက ဆိုသည်။
နောင်ချို- မိုးကုတ်လမ်းတွင် စစ်တပ် ထိုးစစ်ဆင်မှုများရှိနေကြောင်း၊ တော်လှန်ရေးရည်မှန်းချက် တူညီသည့် မဟာမိတ်များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး အရပ်သားများကို ကာကွယ်ရန် ဆောင်ရွက်နေကြောင်း TNLA ဘက်က မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ဧပြီလ၊ ၂၈ နှင့် ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးခဲ့စဉ် မန္တလေး- လားရှိုး ကုန်သွယ်ရေးလမ်းမပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ်မြို့များကို ပြန်ပေးရန် စစ်တပ်က တောင်းဆိုခဲ့သော်လည်း သဘောတူညီမှု မရခဲ့ပေ။
စစ်တပ်ထိုးစစ်ကြောင့် TNLA က နောင်ချိုမြို့ကို ယခုနှစ်၊ ဇူလိုင်တွင် လက်လွှတ်ခဲ့ရပြီး မိုးကုတ်- နောင်ချို လမ်းအတိုင်း စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေပြီး မိုးကုတ်၊ သီပေါ၊ ကျောက်မြို့များကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။
စစ်တပ်က ယခုလအတွင်း မိုးကုတ်မြို့ရှိ လူနေထူထပ်သည့် ရပ်ကွက်များကို လေကြောင်းမှ လေးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄၀ နီးပါး သေဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ခံများသည် ပြင်ဦးလွင်၊ လားရှိုး၊ ရန်ကုန်၊ မန္တလေးမြို့များသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်ဟု ဒေသခံများက ဆိုသည်။
“ဒီနေ့လည်း မြို့ခံတွေ ထွက်သွားနေကြတယ်။ နေ့တိုင်းလိုလိုပဲ ထွက်နေကြတာ။ ထောင်ကျော်ပြီလို့ ပြောလို့ရတယ်” ဟု မိုးကုတ်မြို့သားတစ်ဦးက ပြောသည်။
တရုတ်ဖိအားနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံနေရသည့် TNLA တပ်ဖွဲ့အနေဖြင့် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီတပ်နှင့် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။
အဆိုပါတွေ့ဆုံမှုအတွင်း အရပ်သားထိခိုက်မှုများ ကာကွယ်ရေး၊ ကူးသန်းသွားလာရေးနှင့် လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ရေး အပါအဝင် ကိစ္စရပ်များကို တောင်းဆိုမည်ဟု TNLA ဘက်က ပြောသည်။
၂၀၂၃၊ အောက်တိုဘာလက စတင်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း၊ မိုးကုတ် မြို့နှင့် ရှမ်းမြောက်ဘက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှ င့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA က ထိန်းချုပ်နယ်မြေအဖြစ် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေသည်။
တရုတ်၏ စစ်များရပ်စဲရေးဖိအားရှိနေသည့် TNLA အနေဖြင့် စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှု များကြောင့် သိမ်းပိုက်ထားသည့် မြို့များထဲမှ နောင်ချိုကို လက်လွှတ်ခဲ့ရပြီး စစ်တပ် တောင်းထားသည့် မြို့ အချို့ကိုလည်း ထပ်မံ လက်လွှတ်ရနိုင်သည်ဟု စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။



